သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိခေါဒါရ်မြို့ စစ်ကောင်စီစခန်း ချင်းတော်လှန်ရေးအဖွဲ့တွေ သိမ်းယူ


ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စုပေါင်း သိမ်းယူလိက်တယ်ဆိုတဲ့ အိန္ဒိယနိုင်ငံနဲ့နယ်စပ် ဖလမ်းမြို့နယ်က Rikhawdar (ရိဒ်ခေါဒါရ်မြို့) (Photo: People's Spring)
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စုပေါင်း သိမ်းယူလိက်တယ်ဆိုတဲ့ အိန္ဒိယနိုင်ငံနဲ့နယ်စပ် ဖလမ်းမြို့နယ်က Rikhawdar (ရိဒ်ခေါဒါရ်မြို့) (Photo: People's Spring)

ချင်းပြည်နယ် ဖလမ်းခရိုင် ရိခေါဒါရ်မြို့က စစ်တပ်စခန်းကို ချင်းကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ရိခေါဒါရ်မြို့က ဒေသခံတွေ အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ရိခေါ်ဒါရ်မြို့က အခြေအနေတွေကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့က စစ်တပ်ကတပ်စွဲထားတဲ့စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး နိုဝင်ဘာ ၁၂ ရက် ညပိုင်းကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။

စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ စခန်း ၂ ခုအနက် အပေါ် စခန်းတခုကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သားတချို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး-ချင်းအမျိုးသားတပ်မတော်ပြောခွင့်ရ ဆလိုင်းထက်နီက အခုလို ပြောပြပါတယ်။

“ရိခေါဒါရ် အထိုင်စခန်းတခုကို ကျနော်တို့ သွားရောက်တိုက်ခိုက်တယ်။ ဒီမနက် ၅ နာရီ ၆ နာရီမှာ အပြီး သိမ်းနိုင်ခဲ့တယ်ပေါ့နော်။ အဲ့အောက်မှာရှိတဲ့ ကင်းစခန်းတခုတော့ ကျန်သေးတယ်ပေါ့နော်။ ဆက်လက်သိမ်းဖို့ ကြိုးစားနေပါတယ်။ အဲ့မှာ ဂျက်ဖိုက်တာတစီး လာသွားတယ်။ ဆက်လက်ပြီး လာနိုင်မယ့် အနေအထားရှိတယ်လို့ ကျနော်တို့ ခန့်မှန်းတယ်ပေါ့။ သူတို့ဘက်ကနေ ၅ ယောက် ၆ ယောက်လောက်တော့ အရှင်ဖမ်းနိုင်တယ်။ လက်နက်တွေဘာတွေ သိမ်းခဲ့ရတာတော့ရှိတယ်။ အတိအကျတော့ ကျနော်တို့ မသိသေးဘူးပေါ့နော်။”

စစ်တပ်ဟာ ရိခေါ်ဒါရ်မြို့ရဲ့ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရက်ကွက်မှာ တပ်စွဲထားပြီး အခု ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းလိုက်တဲ့အပေါ်စခန်းဟာ အမှတ် ၁ ရပ်ကွက်မှာ တပ်စွဲထားတဲ့ စခန်းဖြစ်ပါတယ်။ နောက်စခန်းတခုဖြစ်တဲ့ တီအိုချောင်းနားစခန်းကိုတော့ ကာကွယ်ရေးအဖွဲ့တွေသိမ်းပိုက်ဖို့ ဆက်လက် ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ ကျန်ရှိနေတဲ့ စစ်တပ် စခန်းတခုကိုပါ ထပ်ပြီး သိမ်းဆည်းရမိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ချင်းပြည်နယ်ထဲကတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို ဝင်ရောက် တိုက်ခိုက်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။

တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့ခံတွေဟာ အိန္ဒိယဘက်ကို တိမ်းရှောင်နေရတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“မနေ့ည မိုးမချုပ်ခင်လေးကနေ ဒီဘက် အိန္ဒိယဘက်ကို မိုးချုပ်ကာနီးကနေ စပြီးတော့ဝင်တာ မနက်ပိုင်းမှာတော့ အများကြီးပဲ။ မနက်ပိုင်းမှာ အကုန်လုံးပဲ အဲ့လိုဖြစ်တာ။ မြို့ထဲမှာက အခု လူမရှိလောက်တော့ဘူး။ မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၁ စီးက ဗုံးတလုံးကြဲတယ်။ MI 35 က တော်တော်လာ ပစ်တာ။”

နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာ MI 35 လေယာဉ်နဲ့ ဒုတိယအကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး မြို့ထဲမှာတော့ ညနေပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေရှိနေပေမယ့် အရေအတွက် အတိအကျတော့ ပြောလို့ မရသေးဘူးလို့လည်း ပြောပါတယ်။

ရိခေါဒါရ်မြို့ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိပြီး အဓိကကျတဲ့ နယ်စပ်ဂိတ်တခုလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လထဲမှာ တီအိုချောင်းအနီးမှာ ရှိတဲ့ အမှတ် (၂) စစ်တပ် တပ်စခန်းကို ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG