သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေ ရက်ရှည် တိုက်ပွဲဖြစ်ခဲ့ 


ချင်းပြည်နယ် ဟားခါးမြို့နဲ့နယ်ချင်းဆက်နေတဲ့ ဖလမ်းမြို့နယ်က တိုက်ပွဲဖြစ်ရာ ရမ်ထလိုနဲ့ ဒေါထက် (ဒုတ်ထက်) ကျေးရွာများ။ (ဓာတ်ပုံ-MIMU)
ချင်းပြည်နယ် ဟားခါးမြို့နဲ့နယ်ချင်းဆက်နေတဲ့ ဖလမ်းမြို့နယ်က တိုက်ပွဲဖြစ်ရာ ရမ်ထလိုနဲ့ ဒေါထက် (ဒုတ်ထက်) ကျေးရွာများ။ (ဓာတ်ပုံ-MIMU)

[[Zawgyi/Unicode]]

ချင်းပြည်နယ် ဖလမ်းမြို့နယ်ဘက်မှာ ရိက္ခာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းနဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ သီတင်းတပတ်ကျော်ကြာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့အထိ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း အနီးဝန်းကျင်ကျေးရွာတချို့ မီးလောင်ခဲ့သလို ရွာသားတွေ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ရိက္ခာသွားပို့တဲ့ စစ်ယာဉ်တန်းတွေကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခဲ့တာမှာ ၉ ရက်အတွင်း ၁၅ ကြိမ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က သတင်း ထုတ်ပြန်ပါတယ်။ မတ်လ ၇ ရက်နေ့ အထိ ဖလမ်းနဲ့ ဟားခါးလမ်းတလျှောက် နှစ်ဘက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆို ခွင့်ရှိသူ ပူးထက်နီက အခုလိုပြောပါတယ်။

“တိုက်ပွဲအချိန်ကာလကတော့ ဖလမ်း-ဟားခါးကြား ဖေဖော်ဝါရီ (၂၇) ကနေ မတ်လ (၇) ရက်နေ့ ကြားပေါ့။ တိုက်ပွဲ အကြိမ်ရေက (၁၅) ကြိမ်ရှိတာပေါ့။ အဲဒီဖလမ်း-ဟားခါးကြားမှာ။ အဓိက သူတို့ အသေအပျောက်များတာက ကျည်ကွယ် မျက်ကွယ်ဆိုပြီးတော့ ချောက်ကမ်းပါးအောက်မှာနေတဲ့အချိန် ကျနော်တို့က အဲဒီချောက်ကမ်းပါးအပေါ်ကနေ မိုင်းနဲ့ ဖြိုခွင်းလိုက်တာ။ အဲဒီမှာ သူတို့က တော်တော်ထိသွားတာပေါ့နော်။ ညအိပ်ပြီးတော့ အဲဒီမှာ ရွာကို မီးရှို့ပြီးတော့ အဲဒီမှာတည်းခိုတယ်။ အဲဒီမှာ ကျနော်တို့က လျှပ်တပြက်တိုက်ခိုက်ပြီး သိမ်းတာရှိတာပေါ့နော်။’’

ဟားခါးမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနှစ်စီးနဲ့ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကား ၂၇ စီးကို ချင်း ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင် သေ ဆုံးခဲ့တယ်လို့ဆိုပေမဲ့ ဗွီအိုအေကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဖလမ်း-ဟားခါးအကြား တိုက်ပွဲတွေမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ဖလမ်း၊ CDF-Hakha တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ်ဘက် တိုက်ပွဲအခြေအနေကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ရာမှာတော့ ဖုန်းလိုင်းအခက်ခဲကြောင့် မရခဲ့ပါဘူး။

အခုလို စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေချိန် အနီးဝန်းကျင်က ကျေးရွာတချို့ မီးရှို့ခံရတယ်လို့ ပြောပါတယ်။ မီးလောင်သွားတဲ့ ဒေါထက် (ဒုတ်ထက်) ရွာသားတွေနဲ့အနီးနားက ရမ်ထလိုရွာသားတွေ တောတောင်ထဲမှာ ခိုအောင်းနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတယောက်က ပြောပါတယ်။

“ဖလမ်း-ကလေး-ဟားခါးလမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးတာရှိပြီးတော့ ဟိုကအကုန်လုံးထွက်ပြေးကြတယ်ပေါ့။ အခုလောလောဆယ်ကျွန်တော်က ဒုတ်ထက်ဆိုတဲ့ရွာမှာရောက်နေတယ်။ အဲဒီမှာ အိမ်က (၁၅) လုံးလောက်ပြာကျသွားပြီး။ အဲဒါ စားစရာမရှိလို့သွားပေးတာ။ သူတို့တောထဲမှာ တဲထဲမှာနေရတယ်ပေါ့။ ကျနော်တို့ အဲဒီစစ်ဘေးရှောင်တွေကို ကူတာပေါ့ဗျာ။ ရိက္ခာတွေ ကူပေးတာပေါ့။”

ဖလမ်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်တွေ ပြန်ထွက်လာရင် စစ်ကြောင်းနဲ့ ထပ်တိုးမှာစိုးလို့ ဒေသခံတွေ နေရပ်မပြန်ရဲကြသေးပါဘူး။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွါးတဲ့ဒေသတွေမှာ နှစ်ဘက်တပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းအန္တရာယ်ကလည်း ဒေသခံရွာသားတွေအတွက် စိုးရိမ်စရာဖြစ်နေတာပါ။ ပြီးခဲ့တဲ့မတ်လ (၅) ရက်နေ့ကပဲ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးကြား ရမ်ထလိုရွာရဲ့ နှစ်ခြင်းသင်းအုပ်ဆရာတော်တပါး မြေမြှုပ်မိုင်းနင်းမိခဲ့တယ်လို့ ပြောပါတယ်။

“အဓိကတော့ မြေမြှုပ်မိုင်းအန္တရာယ်ပေါ့။ ဟိုတနေ့က ဒုတ်ထက်ရွာရဲ့... ရမ်ထလိုရွာဆိုတာရှိတယ်။ အဲဒီဟာ သင်းအုပ်ဆရာတပါးက သူ့ရဲ့တောင်ယာမှာ သူရဲ့အာလူးတွေနည်းနည်း သွားထားမလို့သွားတဲ့ဟာကို မြေမြှုပ်မိုင်းနင်း မိပြီးတော့ ခြေထောက်ပြတ်သွားတယ်။ အဲဒီရွာကနေ ဖလမ်းဆေးရုံကို သယ်ရသေးတယ်။ ’’

လက်ရှိ ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာဒေသကရွာသားတွေဟာ ရွာနဲ့အလှမ်းဝေးတဲ့နေရာမှာ ယာယီစစ်ဘေးရှောင်စခန်းတွေ လုပ်ထားကြပြီး စစ်ရေးလှုပ်ရှားမှုတွေ မြင်ရရင် ဘေးလွတ်တဲ့အထိ ပုန်းခိုကြရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]











==============

XS
SM
MD
LG