သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့် ပညာရေးအခက်ကြုံ


Volunteer Education in Min Dat Township
Volunteer Education in Min Dat Township

[[Zawgyi/Unicode]]

စစ်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၄ မြို့နယ်မှာ ကျောင်းတွေ ပိတ်ထားရတဲ့အတွက် မတ်လထဲမှာ စာမေးပွဲဖြေဆိုရမယ့် ကျောင်းသူ ကျောင်းသားတွေ အခက်အခဲဖြစ်နေကြပါတယ်။ ချင်းကာကွယ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေရာတချို့မှာတော့ ပဋိပက္ခကြားက CDM ဆရာ၊ ဆရာမတွေက အတန်းငယ်ကျောင်းသားတွေကို စာသင်ပေးနေပေမယ့် ကျောင်းသားတွေအနေနဲ့ အေးအေးဆေးဆေး ပညာသင်ယူနိုင်ကြတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် ချင်းပြည်နယ်က ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေး ထိခိုက်နေတဲ့ အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲက တချို့မြို့နယ်တွေမှာ ကျောင်းတွေ မဖွင့်နိုင်သေးပါဘူး။ အထူးသဖြင့် စစ်ရေးတင်းမာနေတဲ့ မြို့နယ် ၄ ခုမှာ မဖွင့်နိုင်သေးဘူးလို့ ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက အခုလိုပြောပါတယ်။

“မဖွင့်နိုင်သေးဘူး။ ကျနော်တို့ မင်းတပ်ရယ်၊ ကန်ပက်လက်ရယ်၊ နောက်ပြီးတော့ ဟားခါးရယ်။ ထန်တလန်ရယ် မဖွင့်နိုင်သေးဘူး။ အဲဒီ (၄) မြို့နယ်တော့ လုံးဝမဖွင့်နိုင်သေးဘူး။”

ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့မှာ နယ်မြေအေးချမ်းမှုမရှိတဲ့အပြင် ကျောင်းဆရာဆရာမတွေက အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာကြောင့် ကျောင်းမဖွင့်နိုင်တာလို့ ဟားခါးမြို့နယ် ကျောင်းဆရာဦးက ပြောပါတယ်။

“ဟားခါးမှာတော့မဖွင့်သေးပါဘူး။ အခုချိန်ထိကတော့ ဖွင့်လို့ရတဲ့အခြေအနေမရောက်သေးဘူး။ အဓိကကတော့ CDM လုပ်တဲ့ဆရာ ဆရာမတွေလည်း များတယ်။ ကျောင်းသားတွေလည်း ကျောင်းမတက်ကြတော့ဘူး။ ဟိုပြေး ဒီပြေးဆိုတော့ အဲဒါတွေပဲ ဖြစ်မှာပါ။”

နယ်မြေလုံခြုံရေးနဲ့ ကျောင်းဆရာဆရာမ အခက်ခဲကြောင့် ချင်းပြည်နယ် (၄) မြို့နယ်မှာ ပညာရေးဝန်ကြီးဌာနလက်အောက်က ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ချင်းကာကွယ်ရေးအဖွဲ့တွေလှုပ်ရှားနေတဲ့ ဒေသတချို့မှာ အခြေခံပညာမူလတန်းအဆင့်ကို CDM ဆရာ ဆရာမတွေက သင်ကြားပေးနေကြတယ်လို့ ပညာရေး တာဝန်ခံတွေက ပြောပြပါတယ်။ မင်းတပ်မြို့နယ်မှာ စစ်ပွဲတွေကြားက မူလတန်းအဆင့် သင်ကြားပေးနေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးတာဝန်ခံ ကိုဟုန်းကပြောပါတယ်။

“ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးအနေနဲ့ ကျောင်းတွေဖွင့်တာရှိတယ်။ မူလတန်းပြန်စတယ်။ လူဦးရေက မူလတန်းထဲက (၇,၀၀၀) ကျော်တယ်ခင်ဗျ။ CDM လုပ်ထားတဲ့ပညာရေးဝန်ထမ်းတွေ ကျနော်တို့ ပြန်ခေါ်တာရှိတယ်။ ကိုယ့်ရပ်ကိုယ်ရွာမှာရှိတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေ၊ မူလတန်းကလေးတွေကို စာပြန်သင်ခိုင်း တာပေါ့နော်။ ပညာရေးကို စစ်ကြောင်းထိုးလာတဲ့အခါမှာ ကျောင်းတွေပြန်ပိတ်ထား ရတာပေါ့နော်။ မိဘတွေ၊ကလေးတွေက တောင်ယာတဲတွေဘာတွေထဲ သွားကြတာပေါ့နော်။ ရှောင်နေကြတယ်။ စစ်သားတွေပြန်သွားပြီးဆိုရင် ကျောင်းတွေဖွင့်တာရှိတယ်။ အဲဒီလိုမျိုးသွားတယ်။”

အလားတူ ဖလမ်းမြို့နယ်အတွင်းမှာလည်း ချင်းကာကွယ်ရေးအဖွဲ့တွေကနေဦးဆောင်ပြီး မူလတန်းအဆင့် ကျောင်းဖွင့်ထားတယ်လို့ ဖလမ်း CDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပညာရေးကို ပြည်သူ့အုပ်ချုပ်ရေးပုံစံမျိုးဖွဲ့ခိုင်းပြီးတော့ သင်ပြခိုင်းထားတာရှိတယ်။ နေရာတော်တော်များများတော့ သူတို့ရွာခံက CDM တွေရှိမယ်။ ဆရာမတွေတော့ သင်ပြတာတွေ စနေကြပြီဗျ။”

ဖလမ်းမြို့နယ်မှာ စစ်ရေးအခြေအနေတွေကတော့ မငြိမ်းချမ်းသေးပါဘူး။ တနင်္လာနေ့ကပဲ စစ်ကောင်စီတပ်ဖွဲ့ နဲ့ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းတွေ ဗုံးခွဲတိုက်ခိုက်ခဲ့ကြသလို စနေနေ့ကလည်း တိုက်ခိုက်ခဲ့တယ်လို့ ဖလမ်းCDF တာဝန်ရှိသူတဦးက ပြောပါတယ်။ ထန်တလန်မြို့နယ်ထဲက ဒေသတချို့မှာလည်း CDF – Zophei အဖွဲ့ ဦးဆောင်မှုနဲ့ ကျောင်းစတင်ဖွင့်လှစ်နိုင်ပြီး တပတ်မှာ ၄ ရက် ပညာသင်ကြားပေးနေတယ်လို့ CDF အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်ဟာ တိုင်းနဲ့ပြည်နယ်တွေထဲမှာ အရင်ကတည်းက အောင်ချက်အနည်းဆုံးပြည်နယ်တခု ဖြစ်နေတာကြောင့် အခုလို ကျောင်းသူ ကျောင်းသားတွေ ပညာကို အေးအေးဆေးဆေး မသင်ယူနိုင်ကြတဲ့အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ချင်းနိုင်ငံရေးလေ့လာ သုံးသပ်သူ ကိုထောင်ကပြောပါတယ်။

“ချင်းပြည်နယ်ရဲ့ပညာရေးအခြေအနေကိုကြည့်ရင်တော့ မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်ထဲမှာလည်း အောင်ချက် မှာ အနည်းဆုံးပဲ ဖြစ်နေတယ်။ ပြီးတော့တနိုင်ငံလုံးမှာ COVID-19 ရောဂါစဖြစ်တဲ့ ၂၀၂၀ လောက်ကနေ ကျောင်းတွေက ပိတ်လိုက် ဖွင့်လိုက်။ ပိတ်လိုက် ဖွင့်လိုက် အဲဒီလိုမျိုးတွေဖြစ်လာတယ်။ နောက်ပိုင်းက အာဏာသိမ်းမှုတွေ ၂၀၂၁ မှာပြန်ဖြစ်လာတယ်။ ဖြစ်လာတော့နိုင်ငံရေးက ကစဉ့်ကလျားတွေဖြစ်ကုန်ပြီး ကျောင်းတွေကလည်း အကုန် လုံးလုံးပိတ်ထားရတဲ့အခြေအနေမျိုးတွေ ကြုံခဲ့ရတာပေါ့နော်။ ကလေးတွေက ကျောင်းပညာနဲ့ဝေးရတာက (၂) နှစ် ကျော်ပြီးပေါ့နော်။ ဆိုတော့ နိုင်ငံရေးအခြေအနေမှာ ဒီလိုမျိုးဆက်ဖြစ်ပြီးတော့ ကလေးတွေက ကျောင်း နဲ့အလှန်းဝေးနေမယ်ဆိုရင်တော့ ကလေးငယ်တွေရဲ့ပညာရေးက အင်မတန်မှ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့တော့ သုံးသပ်ရတာပေါ့နော်။”

ချင်းပြည်နယ်ထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သိန်းနဲ့ချီ အိုးအိမ်စွန့် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး၊ စစ်ပြေးဒုက္ခသည်တွေထဲက ကျောင်းနေအရွယ် ကျောင်းသူ ကျောင်းသားတွေ ပညာသင်ယူနိုင်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]















==========

XS
SM
MD
LG