သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလမ်းမြို့နယ်တွင်း CDM ဝန်ထမ်း ၇ ဦးဖမ်းဆီးခံရ


မင်းတပ်၊ မတူပီ၊ ဖလမ်း
မင်းတပ်၊ မတူပီ၊ ဖလမ်း

ချင်းပြည်နယ်ဖလမ်းမြို့နယ်မှာ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့ ဝန်ထမ်း(၇)ဦးကို စစ်ကောင်စီ ကနေ မနေ့ညပိုင်းက ဖမ်းဆီးသွားပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးတင်းမာနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ကနေ ပညာရေးဝန်ထမ်းတွေ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့ ဖိအားပေးလာတဲ့အပေါ်မှာ၊ တုန့်ပြန်လာတယ်လို့ ဒေသခံတွေ ယူဆကြပါတယ်။ ဒီအကြောင်း ရန်ကုန်က ရေးသားပေးပို့တဲ့သတင်းကို ကိုအောင်မြတ်သူပြောပြမှာပါ။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ် ဖလမ်းအပါအဝင် မြို့တွေမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းအတော်များများ အာဏာရှင်ဖီဆန်ရေး မပူးပေါင်းဆောင်ရွက်ရေး CDM လှုပ်ရှားမှုတွေလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေနှိမ်နင်းခံရပြီးနောက် စစ်ရေးအရခုခံလှုပ်ရှားမှုတွေ ရှိလာပေမယ့်လည်း၊ တချို့က CDM လှုပ်ရှားမှုတွေ ဆက်လုပ်နေဆဲပါ။ မနေ့ကတော့ ဖလမ်းမြို့နယ်တွင်း CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်း(၇)ဦးကို စစ်ကောင်စီဘက်ကဖမ်းဆီးခဲ့ကြောင်း ဒေသခံတဦး က ပြောပါတယ်။

“မနေ့ကလေ နေ့လယ်လောက်ကတည်းက ဖမ်းထားနေတယ်လို့ကြားတယ်။ (၇)ယောက်လို့တော့ ခန့်မှန်းတာ ပေါ့လေ။ ပညာရေးဝန်ထမ်းက(၄)ယောက်။ ကျန်တာကတော့ ကျန်းမာရေးကတယောက် ဆည်မြောင်းကတယောက် ဆက်သွယ်ရေးကတယောက်။ အကုန်လုံးကအမျိုးသမီးတွေချည်းဘဲ။ (၇)ယောက်စလုံးက။ ရဲစခန်းမှာတော့ သူတို့ရှိ တယ်။ တွေ့ခွင့်မရသေးတော့ ပြောလို့တော့ ဘာမှအဆင်မပြေသေးဘူးပေါ့။ ’’

မနေ့က အဖမ်းဆီးခံရတာ(၈)ဦးရှိပြီး အဲဒီအထဲက CDM မလုပ်တဲ့ ကျောင်းအုပ်ဆရာမကြီးတဦး ကိုတော့ ပြန်လွှတ် ပေးခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

အခုလို CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတဲ့လုပ်ရပ်အပေါ် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/ CNDF ပြန်ကြားရေးတာဝန်ခံကအခုလိုပြောပါတယ်။

“ အဖမ်းဆီးခံရတာကတော့ ပညာရေးရယ် ကျန်းမာရေးရယ် အဓိကကတော့ နဲနဲလုပ်နိုင်ကိုင်နိုင်တဲ့သူ တွေကို လိုက် ခြိမ်းခြောက်တဲ့ပုံစံမျိုးနဲ့ လိုက်ဖမ်းနေတဲ့ပုံစံမျိုးဖြစ်တယ်။ ဒီဟာကတော့ သူတို့ရဲ့ယုတ်မာမှုဘဲ အဲတာကတော့ ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရယန္တရားရပ်ဆိုင်းဖို့ကို စစ်ကောင်စီယန္တရားရပ်ဆိုင်းဖို့ လိုအပ်တဲ့ ကျွန်တော်တို့ လုပ်တဲ့ အချိန်မှာ သူတို့က ဖလမ်းမြို့ပေါ်က လူတွေကိုခြိမ်းခြောက်တာဖြစ်တယ်။ ’’

ပြီးခဲ့တဲ့ဇန္နာဝါရီ (၂၃)ရက်နေ့တုန်းက ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဘက်ကနေ ဖလမ်းမြို့ရှိ ပညာရေး ဝန်ထမ်း တွေအနေနဲ့ အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတာကို ချက်ခြင်းရပ်ဆိုင်းပြီး လူထု နဲ့ ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ဆက်လက်သစ္စာခံနေမယ်ဆိုရင် လိုအပ်သလို ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

အခုလိုထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဖက်က တုံ့ပြန်တဲ့ သဘောနဲ့ CDMဝန်ထမ်းတွေကို ဖမ်းဆီးတာဖြစ်ပြီး အခြေအနေတင်းမာလာမယ်လို့လည်း ဒေသခံတွေ ယူဆပါတယ်။

“တကယ်တန်းဆိုသူတို့ဖမ်းတာတွေက ရိုးရိုးCDMလုပ်ပြီးမှ သူတို့အဖမ်းခံရတာဆိုတော့ သူတို့တန်ပြန်ဖမ်းတာ လို့ ကျွန်တော်တို့က ထင်တယ်။ ဒါကြောင့်အဲဒီလိုမျိုး CDMဝန်ထမ်းတွေဆက်ဖမ်းနေမယ်ဆိုရင်တော့ တအားတင်းမာ ဖို့ ဘဲရှိတော့တယ်။ ’’

ဖလမ်းမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသား ကာကွယ်ရေး CNDF အဖွဲ့တွေအကြား စစ်ရေးတင်းမာ နေဆဲလို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF အဖွဲ့ပြန်ကြားရေးတာဝန်ရှိခံက ပြောပါတယ်။

“ မနေ့ကတော့ဖြစ်တယ်။ (၁၁)နာရီ(၁၂)နာရီကြားလောက်မှာဖြစ်တယ်ပြောတယ်။ တနာရီခွဲ နှစ်နာရီလောက်တော့ ကြာတယ်။ ဖြစ်တဲ့နေရာက အဲဒီဘားလုံနဲ့ ဇောင်လိုင်းကြားလောက်မှာ။ မနေ့ကတော့တိုက်ပွဲမှာ (၅)ယောက်လောက် တော့ကျတယ်လို့ပြောတယ် စစ်ကောင်စီဘက်က။ သူတို့က ထိုးစစ်ဆင်နေကြတာဘဲဗျ။ ဒီအတိုင်းလှည့်ပတ်ပြီးတော့ သူ တို့ တနေရာပြီး တနေရာထိုးစစ်ဆင်နေကြတာ။’’

ဖလမ်းမြို့နယ် ဘားလုံနဲ့ဇောင်လိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုရှိနေတယ်လို့ ချင်းကာကွယ်ရေး အဖွဲ့ဘက်ကပြောပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖလမ်းမြို့နယ်အတွင်းတိုက်ပွဲအခြေအနေနဲ့CDMဝန်ထမ်းတွေကို ဖမ်းဆီးတဲ့အကြောင်းသိရှိဖို့ စစ်ကောင်စီပြောခွင့် ရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မြို့နယ်တော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြရာမှာတော့ စစ်တပ်က နေ အကြမ်းဖက်နှိမ်နှင်းမှုဖြစ်ပွါးအပြီး လက်နက်ကိုင်ခုခံတော်လှန်လာကြတာပါ။ ဒါ့အပြင် အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုCDMမှာပါဝင်နေတဲ့ ဝန်ထမ်းအများအပြားလဲ အိန္ဒိယနယ်စပ်နဲ့ ဘေးလွတ် ရာမှာ တိမ်းရှောင်နေကြပါတယ်။

...............................................................................................

တိုက်ရိုက် လင့်ခ်

















XS
SM
MD
LG