သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလမ်း မြို့နယ် စစ်ဘေးရှောင် ၅ဝဝ ခန့် အိန္ဒိယနယ်စပ်ဘက် ခိုလှုံ


ချင်းပြည်နယ် နဲ့ မီဇိုရမ်းနယ်စပ် (Photo by Sajjad HUSSAIN / AFP)
ချင်းပြည်နယ် နဲ့ မီဇိုရမ်းနယ်စပ် (Photo by Sajjad HUSSAIN / AFP)

ဖလမ်း မြို့နယ် စစ်ဘေးရှောင် ၅ဝဝ ခန့် အိန္ဒိယနယ်စပ်ဘက် ခိုလှုံ

{{Zawgyi/Unicode}}

မြန်မာ-အိန္ဒိယနယ်စပ် ရီခွပ်ဒါရ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကစစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်နေတာကြောင့် မြို့ခံ(၅၀၀)နီးပါး အိန္ဒိယနယ်စပ်ဘက်ကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ရှောင်ရွာသားတွေဟာ နယ်စပ်ချောင်းတဖက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ် ဇိုခွပ်ဒါရ်ရွာဒုက္ခသည်စခန်းမှာ နေထိုင်နေကြပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ကပြောပြပေးမှာပါ။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့မှာ စစ်ကောင်စီတပ်က ညပိုင်းမှာသေနတ်ပစ်ဖောက် လက်နက်ကြီးပေါက်ကွဲသံတွေကြောင့် လုံခြုံရေးစိုးရိမ်နေရလို့ မြို့ခံလူဦးရေ(၅၀၀)နီးပါး အိန္ဒိယနယ်စပ်ကို တိမ်းရှောင်နေရတယ်လို့ ရီခွပ်ဒါရ်မြို့ခံတဦးကပြောပါတယ်။

“ရီခွပ်ဒါရ်ဘက်မှာ ဟိုတနေ့က သူတို့ သေနတ်ဖောက်သံတွေဗုံးတွေသူတို့တပ်ထဲကနေသူတို့ခွဲတာပေါ့နော်။ (၆) ကြိမ်လောက်။ အဲဒီလိုမျိုးသူတို့ခွဲလိုက်တဲ့အချိန်ကျတော့ ပြည်သူတွေကကြောက်လန့်ပြီးတော့ တဖက်ကမ်းကို သူတို့ ကူးကြတာပေါ့။ ကျွန်တော်တို့တော်တော်များများကူးကြတယ်။ (၅၀၀)နီးနီးတော့ကူးတယ်။ ”

ဇန္နာဝါရီ(၂၅)ရက် အင်္ဂါနေ့ညပိုင်းမှာ ရီခွပ်ဒါရ်မြို့တပ်ကုန်းကနေ သေနတ်သံနဲ့ လက်နက်ကြီးပေါက်ကွဲသံတွေကြား ရတာကြောင့် စိုးရိမ်စိတ်နဲ့ အဲဒီညကနေ မနေ့ကအထိ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးကြပါတယ်။

စစ်ဘေးရှောင်တွေဟာ ရီခွပ်ဒါရ်မြို့တဖက်ကမ်း အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခွပ်ဒါရ်ရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတယ်လို့ အဆိုပါမြို့ခံကပြောပါတယ်။

“နယ်ခြားဘက်ကမ်းဆို ဒုက္ခသည်စခန်းရှိတယ်။ စစ်ရေးတင်းမာနေတယ်ဆိုတော့ အဲဒီလိုမျိုး သူတို့သေနတ်ဖောက်တယ်ဆိုတော့ သွားကြတာပါ။ တချို့လူအတွက်ကျတော့ စစ်ရေးက တအားတင်းမာနေတဲ့အခြေအနေဆိုတော့ သွားရင်းသွားရင်းနဲ့ အမျိုးတွေအိမ်မှာနေရင်းနဲ့ အဲဒီလိုမျိုးကြာလာတဲ့အခါကျတော့ စစ်ရှောင်စခန်းလေး သူတို့လုပ်ပေးတဲ့ ပုံစံလေးပေါ့။”

ဇိုခွပ်ဒါရ်ရွာဒုက္ခသည် စခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး လှုပ်ရှားမူ CDMမှ ာပါဝင်တဲ့ဝန်ထမ်းတွေစစ်ရေးတင်းမာမှုအတွင်းက တိမ်းရှောင်လာတဲ့ ဒေသခံရွာသားတွေ နေထိုင်နေကြပါတယ်။

ရီခွပ်ဒါရ်မြို့ခံတွေ နေရပ်ကနေ တိမ်းရှောင်နေရတဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး ရီခွပ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ပူးချန့်လျန်နာ က အခုလိုပြောပါတယ်။

“ကျွန်တော်တို့အပေါ်ရပ်ကွက် ရပ်ကွက်(၁)က လူတွေကျတော့ အဲဒီလို စစ်ဘေးရှောင် သွားတယ် ဆိုတာတော့ တအိမ်နှစ်အိမ်စလောက်ဘဲရှိမှာပါ။ သိရသလောက်က အမှတ်(၂) ရပ်ကွက်က လူတွေတော်တော်များများတော့ စစ်ဘေးရှောင်တဲ့ လူကျတော့ တော်တော်များများ ရှိတယ်လို့ကြားတယ်။ ရပ်ကွက်(၂)က ဟိုဘက်ကမ်းနဲ့ဆိုရင်တော့ ချောင်းဘဲခြားတာပေါ့။ တော်တော်များများတော့ ဟိုဘက်မှာ အိမ်ငှါးပြီးတော့ တချို့ ကတော့ မိုးကာတဲလေးတွေ အဲဒီမှာ သွားဆောက်ပြီးတော့နေတဲ့ သူလည်း တော်တော်များတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ နယ်မြေအေးချမ်းလာလို့ရှိရင်တော့ သူတို့ အတွက်ကတော့ မိနစ်ပိုင်းဘဲ ဒီမှာပြန်လာလို့ရတဲ့ နေရာဆိုတော့ တော်တော်များများတော့ ပြန်လာတဲ့သူလဲရှိမှာပါ။ ”

ဖလမ်းမြို့နယ်ဘက်မှာ ဒေသခံချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား စစ်ရေးတင်းမာနေပေမဲ့ ရီခွပ်ဒါရ်မြို့မှာတော့ တိုက်ပွဲဖြစ်ပွါးတာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ချင်းပြည်နယ်စစ်ရေး တင်းမာမှုဖြစ်စဉ်အတွင်း ဒေသခံတွေက မြန်မာနိုင်ငံနဲ့ ထိဆက်နေတဲ့ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးလာကြသူတွေကိုတော့ အိန္ဒိယပြည်မကြီးအစိုးရက လက်မခံပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရတွေကတော့ တတ်နိုင်သလောက်အကူအညီပေးနေကြပါတယ်။ မီဇိုရမ်ပြည်နယ်မှာ မြန်မာဘက်က ရောက်နေတဲ့ ဒုက္ခသည် ၃ သောင်းလောက်ရှိနေကြပါတယ်။

.............................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}













XS
SM
MD
LG