သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေ အကြမ်းဖက်နှိမ်နင်းတာကြောင့် အိန္ဒိယဘက်ထွက်ပြေးသူတိုးလာ


INDIA MYANMAR BORDER

{{Zawgyi/Unicode}}

မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေတာကြောင့် အိမ်နီးချင်း အိန္ဒိယဖက်ကို ထွက်ပြေးသူ တိုးလာနေပါတယ်။

အခုလို ထွက်ပြေးသူတွေထဲမှာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက ဆန္ဒပြပွဲတွေကိုနှိမ်နင်းခိုင်းတာကို မနာခံနိုင်တော့လို့ပါလို့ ပြောတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်းပါတယ်လို့ အိန္ဒိယ အရာရှိတွေက အတည်ပြုထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး အရပ်သားအစိုးရကို ဖယ်ရှားခံရပြီးတဲ့နောက် လူထုဆန္ဒပြပွဲတွေ ကြီးမားလာရာမှာ စစ်တပ်ဘက်က သေကျေစေတဲ့အထိ ပစ်ခတ်ဖြိုခွဲမူတွေကို တိုးလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးတရက်ထဲမှာတင် အနည်းဆုံး ၃၈ ယောက် သေခဲ့ရပြီလို့ ကုလသမဂ္ဂကဆိုထားပါတယ်။

အိန္ဒိယရဲတွေကလည်း မိုင်ပေါင်း ၁,၀၀၀ ကျော်နယ်စပ်ထိထားတဲ့ အိန္ဒိယဖက် အရှေ.မြောက်ဒေသနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာဘက်က ရဲ ၃ ဦးအပါအဝင် လူ ၉ ဦး မနေ့ကပဲ ထွက်ပြေးလာတယ်လို့ ပြောပါတယ်။

ဟိန္ဒူနေ့စဉ်သတင်းမှာလည်း မနေ့ကထိဆိုရင် ထွက်ပြေးလာသူပေါင်း အနည်းဆုံး အယောက် ၂၀ ရှိသွားပြီ၊ ဒေသခံတွေအပြောအရဆိုရင် Champhai နဲ့ Serchhip ခရိုင်တွေကိုရောက်လာတာ လူပေါင်း ၅၀ လောက်အထိရှိနိုင်တယ်လို့ ကိုးကားဖော်ပြထားပါတယ်။

ဒေသခံရဲအရာရှိ Kumar Abhishek ကလည်းဒီထွက်ပြေးလာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အကြောင်းရင်းဖော်ပြချက်တွေကို မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာနကို ပို့ထားပြီးပြီလို့ အတည်ပြုပေးပါတယ်။

ဒါ့အပြင် ထွက်ပြေးလာသူတွေအတွက် ကျန်းမာရေးစစ်ဆေးမူနဲ့ လိုအပ်တာတွေပါ ကူညီပေးနေတယ်လို့လို့လည်း ရဲအရာရှိတွေကပြောပါတယ်။

.............................................

{{Unicode}}

မတ်လ ၃ ရက်နေ့မှာ နိုင်ငံတစ်ဝန်း အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ကျဆုံးသွားကြသူတစ်ချို့ရဲ့ စျာပနကို ဒီကနေ့ ပြုလုပ်ကြပါတယ်။ ဒီစျာပနတွေကို မြို့အလိုက် လိုက်ပါပို့ဆောင်ကြသူတွေ အများကြီးရှိခဲ့သလို ကျဆုံးသွားကြသူတို့ရဲ့ မိသားစုတွေကလည်း ဒီတော်လှန်ရေးကြီးကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ချိန်ကစလို့ တစ်လအတွင်းမှာ မတ်လ ၃ ရက်နေ့ဟာ ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြသူတွေ သေဆုံးမှု အများဆုံးရှိခဲ့တဲ့နေ့ဖြစ်ပါတယ်။
မတ်လ ၃ ရက်နေ့ ဆန္ဒပြပွဲမှာ တစ်နိုင်ငံလုံး သေဆုံးသူ အများအပြားရှိခဲ့ပြီး ရန်ကုန်ကတော့ တစ်နေ့တည်းမှာ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့တာပါ။ အဲ့ဒီနေ့က မြောက်ဥက္ကလာပ မြို့နယ် ဆန္ဒပြပွဲဖြိုခွဲမှုမှာ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ မောင်အာကာမိုးရဲ့ ဖခင်က ကျန်တဲ့လူငယ်တွေအားလုံးဒီတောလှန်ရေးမှာ အောင်မြင်အောင် လုပ်ကြဖို့ တိုက်တွန်းပါတယ်။

“သားက အကြီးဆုံးပါ။ သူက သူ့ရဲဘော်တစ်ယောက်ကျသွားလို့ တက်ဆွဲရင်းနဲ့ ထိသွားတာပါ။ သူတို့က လူမဆန်စွာ နှလုံးတည့်တည့်ကို ပစ်လိုက်တာပါ။ လုံးဝ ကျွန်တော် မကြေနပ်ပါဘူးဗျာ။ ကျွန်တော်တို့ကို မတရားနှိပ်ကွပ်ထားတာ။ ကျွန်တော်တို့ကို စစ်ဖိနပ်နဲ့ ဖိထားတာ။ သူတို့ တစ်ကိုယ်တော် မိသားစု ကောင်းစားရေးအတွက် ကျွန်တော်တို့ကို စစ်ဖိနပ်နဲ့ နင်းထားတာ။ သူတို့ပဲ ကောင်းစားနေတာ၊ ကျွန်တော်တို့ကတော့ လက်လုပ်လက်စားတွေ။ ကျွန်တော့်အနေနဲ့ကတော့ ကျန်တဲ့လူငယ်တွေ အားလုံး တိုက်ပွဲဝင်ပါလို့ အောင်မြင်အောင် လုပ်ကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။”

ဒီကနေ့ မြောက်ဥက္ကလာပ မြို့နယ်က ဆန္ဒပြပွဲမှာ သေဆုံးသွားသူတွေကို ရေဝေးသုသာန်မှာ သဂြိုလ်ပါတယ်။ ဒီစျာပနသို့ လူပေါင်း သောင်းချီတက်ရောက်ပြီး ကြွေးကြော်သံတွေ အော်ခဲ့ကြတယ်လို့ အဲ့ဒီစျာပနကို တက်ရောက်ခဲ့တဲ့ မဝင်းနန္ဒာက ပြောပါတယ်။

“ဒီနေ့ စျာပနက မတ် ၃ ရက်နေ့ကပေါ့နှော်၊ ဒီမြောက်ဥက္ကလာကို လာရင်းဆုံးသွားတဲ့သူတွေ၊ ဒါပေမယ့်သူတို့က မြောက်ဥက္ကလာကဟုတ်ဘူး။ မြောက်ဒဂုံက လူတွေများတယ်ပေါ့နှော်။ ဆိုတော့ သူတို့ မိသားစုဝင်တွေလာတယ်။ ပြီးတော့ သူတို့ဖက်ကလူတွေများတယ်၊ ဒီမြောက်ဥက္ကလာရပ်ကွက်တွေပေါ့နှော်၊ တော်တော်များတယ်။ သုဿာန်ကို ရောက်တဲ့ခါကျတော့ သွေးသစ္စာ သီချင်းဆိုတယ်။ ဆိုပြီးတော့ ကြွေးကြော်သံပေါ့နှော်၊ ဆန္ဒပြကြွေးကြော်သံတွေ သူတို့ရွတ်တယ်။ ရွတ်ကြပြီးတော့ တစ်နာရီလောက်ကျတော့ လူစုပြန်ခွဲကြတယ်။ လူတွေကတော့ တအားများတယ်။ သောင်းချီမယ်ထင်တယ်။ တော်တော်များတယ်။ ခန်းမလဲ မဆန့်ဘူး။”

စစ်ကိုင်းတိုင်းကလေးမြို့မှာ ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွဲခံရလို့ ပထမဆုံးသေဆုံးသူ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ရဲ့ စျာပနကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီစျာပနကို ကလေးမြို့နဲ့ အနီးဝန်းကျင်က လူပေါင်း ၅ သိန်းနီးပါး တက်ရောက်ခဲ့တယ်လို့ ကလေးမြို့ကျောင်းသားသပိတ် ခေါင်းဆောင် နည်းပညာကျောင်းသား ကိုမျိုးသက်ကျော်က ပြောပါတယ်။

“အခုကျဆုံးတဲ့ ဇင်မျိုးမောင်က အဆုတ်ကျည်မှန်တယ် ပေါင်ကို ကျည်မှန်တယ်ပေါ့။ ၃ သိန်းကျော် ၄ သိန်းနီးပါးပေါ့ တစ်မြို့လုံးလူထုနဲ့ ပြီးတော့ ကလေးမြို့နယ်တစ်ဝိုက်က ရွာတွေကလည်း လာကြတယ်ဗျ။ အနည်းဆုံး ၅ သိန်း ၆ သိန်းလောက်တော့ ရှိမှာပါ။ သူတို့မိသားစုကတော့ ကျွန်တော်တို့ကို အမိန့်ပြန်စာတမ်း အဖတ်မခံပါဘူး။ ကျွန်တော်တို့ ဒီတိုက်ပွဲကြီး အောင်မြင်ပြီးမှာပဲ အမျှဝေးပေးပါတဲ့ဗျ။ သူတို့တွေက။ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်တွေသည် ကျွန်တော်တို့ကို အကြမ်းဖက် ဖြိုခွင်းတယ်။ ကျည်အစစ်နဲ့လည်း ပစ်တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့က ဒီတိုက်ပွဲကြီး မပြီးမချင်းကျွန်တော်တို့က တွန်းလှန်သွားမှာပါ။ ကျွန်တော်တို့ လုံးဝ ကမ္ဘာမကြေပါဘူး။”

မုံရွာမြို့နှင့် မကွေးတိုင်း စလင်းမြို့တို့မှာလည်း ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူတွေရဲ့ စျာပနကို ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနှံမှာ ဒီကနေ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေသလို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် ကျဆုံးသွားကြသူတွေရဲ့ စျာပန အခမ်းအနားတွေလည်းပြုလုပ်နေကြပါတယ်။ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်း လိုက်တဲ့ နောက်ပိုင်းကစလို့ ဒီကနေ့ အထိ နိုင်ငံအနှံ့အာဏာရှင် ဆန့်ကျင်လှုပ် ရှားမှုတွေဟာ တဖြည်းဖြည်း အရှိန်မြင့်လာနေပါတယ်ရှင်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG