သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနယ်စပ် စစ်ကောင်စီတပ် အင်အားတိုးမြှင့်


ချင်းပြည်နယ် နဲ့ မီဇိုရမ်းနယ်စပ် (Photo by Sajjad HUSSAIN / AFP)
ချင်းပြည်နယ် နဲ့ မီဇိုရမ်းနယ်စပ် (Photo by Sajjad HUSSAIN / AFP)


အိန္ဒိယနယ်စပ် စစ်ကောင်စီတပ် အင်အားတိုးမြှင့်

{{Zawgyi/Unicode}}
စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ အိန္ဒိယ၊ မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့နယ်စပ်မှာ ဒီရက်ပိုင်းအတွင်း ထပ်မံအင်အားတိုးချထားပါတယ်။ ချင်းအမျိုးသားကာကွယ်ရေး CNDFအဖွဲ့တွေ နယ်စပ်ဂိတ်မှာ အခွန်ကောက်နေတာကို တားဆီးဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ နယ်မြေထိန်းချုပ်ချင်လို့ တပ်လာချတာဖြစ်တယ်လို့CNDFတာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက်လှုပ်ရှားတာလို့ပြောပါတယ်။ တဖန်အိန္ဒိယ နယ်စပ်ဘက်မှာလဲ လုံခြုံရေးတပ်တေအွနီးကပ် ရှိနေတာကြောင့် ပဋိပက္ခဖြစ်ပွါးမှာ ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်းကိုအကျဉ်းခြုံးပြီး ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။

အိန္ဒိယ၊ မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် (၂) ရပ်ကွက် တီအိုချောင်း တောင်ကုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ကနေ ထပ်မံနေရာယူတပ်စွဲထားတယ်လို့ ဒေသခံ ချင်းအမျိုး သားကာကွယ်ရေးCNDF အဖွဲ့ ကပြောပါတယ်။ ဒေသတွင်းလုံခြုံရေးနဲ့ CDF တပ်ဖွဲ့တွေက အခွန်ကောက်ခံမှုတွေလုပ်ဆောင်နေတယ်လို့ချင်းပြည်နယ်အစိုးရရဲ့ တင်ပြချက်ကြောင့် အခုလို နယ်စပ်မှာ တပ်တွေ တိုးချဲ့ချထားတာဖြစ်နိုင်တယ်လို့ ဖလမ်း CNDFပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“ ရိနယ်ဘက်မှာလား။ အဲတာနေရာယူနေကြတယ်။ မနေ့က တနေ့က ဟယ်လီကော်ပတာရောက်ရှိနေတယ်လေ။ အဲဒီမှာလူတွေပါလာလိမ့်မယ်ထင်တယ်။ နောက်ပြီးတော့ ချင်းပြည်နယ်ဝန်ကြီးချုပ်ငွန်ဆန်းအောင်ရဲ့ ချခိုင်းတဲ့အနေအထားမှာ ဖြစ်ကောင်းဖြစ်နိုင်တယ် အဲတာ။ ချင်းပြည်နယ်ဝန်ကြီးချုပ် ငွန်ဆန်းအောင်ရဲ့ မင်းအောင်လှိုင်ဆီမှာ တိုင်ကြားထားတဲ့ ဟာရှိတယ်လေ။ အဲတာကြောင့်လဲပါမယ်ဗျ။ ဒီနယ်တကြောမှာ လုံခြုံရေးချချင်လို့လဲပါမယ်။ နောက်ပြီးတော့လမ်းကြောင်း ရှင်းချင်လို့လဲပါမယ်။ နောက်ပြီးတော့ CDFတွေက အခွန်ကောက်တယ်ဆိုပြီးတော့ သူတို့ကဘဲ အဲတာကိုထိန်းချုပ်ဖို့ ဆိုပြီးတော့ အကြောင်းပြထားတာ။ သူတို့ဒီလမ်းကြောကိုပိတ်ချင်လို့ဘဲ ကျွန်တော်တို့ထင်တယ်။ ဒီဖက် ဖလမ်းဖက်အဝင် ဒီဖက် တီးတိန်ဖက်အဝင် အဲဒီလိုမျိုး အဲတာပိတ်ချင်လို့ဘဲထင်တယ်။ ဒီအခွန်ကောက်တယ်ဆိုတာ သူတို့အကြောင်းပြ ချက် ဘဲဖြစ်လိမ့်မယ်။’’

ရိခေါ်ဒါရ် ကုန်သွယ်ရေးစခန်းနဲ့ နှစ်မိုင်လောက်အကွာမှာ CDF တပ်ဖွဲ့တွေက ကုန်ပစ္စည်းတွေစစ်ဆေးတာ၊ အခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေပြန်ထားသင့်တယ်ဆိုပြီး ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင်က ဖေဖော် ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီဥက္ကဌနဲ့ တိုင်း၊ပြည်နယ်ဝန်ကြီးချုပ်တွေ အစည်း အဝေးမှာ တင်ပြခဲ့ပြီးနောက်မှာ အခုလိုအင်အားတိုးချလာတာလို့ ချင်းကာကွယ်ရေးCDF အဖွဲ့က မြင်ပါတယ်။

ယခင်ကတည်းက ရိခေါ်ဒါရ်မြို့ အမှတ် (၁)ရပ်ကွက်မှာ စစ်ကောင်စီတပ်က စခန်းချထားတာရှိပေမဲ့ အခုအမှတ်(၂)ရပ် ကွက် တောင်ကုန်းမှာပါ ဖေဖော်ဝါရီလကုန်လောက်က စစ်ကောင်စီတပ်ကနေ ထပ်မံနေရာယူတပ်စွဲထားတာပါ။

ရိခေါ်ဒါရ်မြို့နယ်စပ်မှာ တပ်စခန်းတိုးချလာတာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“ ကျွန်တော်တို့နယ်စပ်တွေမှာ။ နှစ်နိုင်ငံနယ်စပ်တွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်ဘဲ လှုပ်ရှားနေတာရှိတယ်။ သောင်းကျန်းမှုနှိမ်နှင်းရေး အကြမ်းဖက်မှုတိုက်ဖျက်ရေး တဖက်နဲ့တဖက် ကျွန်တော်တို့လှုပ်ရှားနေတာဘဲရှိပါတယ်။ ကျန်တဲ့ဟာမရှိပါဘူးဗျ။’’

စစ်ကောင်စီတပ်ဖွဲ့ဟာ ယခင်ကတော့ ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက်တောင်ကုန်းပေါ်မှာသာ စခန်းချနေထိုင်ကြပေမယ့် ခုအခါမှာတော့ အမှတ် (၂) ရက်ကွက် တောင်ကုန်းပေါ် ဗျူဟာကျတဲ့နေရာမှာ ခြေကုတ်ယူလာတာဖြစ်ပါတယ်။ ဒီလိုတပ်အင်အားနေရာယူလာတဲ့အတွက် ရိခေါ်ဒါရ်မြို့ခံတွေက စိုးရိမ်နေကြပါတယ်။

“ စိုးရိမ်တယ်ဆိုတာက အရင်က တပ်တွေကို တပ်ကုန်းမှာဘဲနေတယ်။ အခုတော့ ဒီမှာ အမှတ်(၂) တောင်ကုန်းပေါ်မှာ လာအခြေချတယ်ဆိုတော့ တချို့လူတွေက စိုးရိမ်တယ်ပေါ့။ အိန္ဒိယရိုင်ဖယ်တပ်တွေကလဲ အမြဲတမ်းရှိနေတာဘဲ။ ကိုယ့်နေရာနဲ့ကိုယ်နေကြတာဘဲ။’’

အိန္ဒိယဘက်ခြမ်းမှာလဲ အိန္ဒိယလုံခြုံရေးရိုင်ဖယ်တပ်ဖွဲ့တွေက နေရာယူထားတဲ့အတွက် နှစ်နိုင်ငံတပ်ချင်း ပဋိပက္ခဖြစ်ပွါး မှာ ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ဒါပေမဲ့စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အိန္ဒိယနဲ့မြန်မာနိုင်ငံက နှစ်ဖက်တပ်တွေအနေနဲ့က ဆက်စပ်မှုလဲရှိပါတယ်။ နယ်ခြားတပ်တွေအနေနဲ့က သူသတ်မှတ်ထားတဲ့အခြေအနေမှာ ပုံမှန်ဆက်သွယ်နေတာတွေ ရှိပါတယ်။ ဒီနိုင်ငံကတော့ သဘောတူထားတာ ဟိုဘက်နိုင်ငံက ပေါ့ နော် ဆန့်ကျင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေ ဒီဘက်နိုင်ငံကလဲဆန့်ကျင်နေတဲ့အကြမ်းဖက်အဖွဲ့တွေကို သူတို့နယ်မြေထဲ မှာ သွားပြီးတော့ လက်ခံမှုမရှိဘူးဆိုပြီးတော့ ဆိုတဲ့ဟာကို နှစ်နိုင်ငံသဘောတူထားပြီးဖြစ်ပါတယ်။ ’’

လက်ရှိ ဖလမ်းမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေးCNDFဖွဲ့တို့အကြား စစ်ရေးတင်းမာနေပါတယ်။
မနေ့ကတနင်္လာနေ့က ဖလမ်းမြို့နယ် တားရ်ရွာဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ထိခိုက်မှုတော့မသိရသေးဘူးလို့ ချင်းကာကွယ်ရေးCNDFဘက်ကပြောပါတယ်။

ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ဟာ အိန္ဒိယ၊ မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အချာကျတဲ့မြို့ဖြစ်ပါတယ်။
လက်ရှိမှာ COVIDရောဂါကူးစက်နေမှုနဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးရောင်းဝယ်ရေး နည်းပါးနေပါတယ်။

........................................................

တိုက်ရိုက် လင့်ခ်



{{Zawgyi/Unicode}}













XS
SM
MD
LG