သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်


ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်
ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်နေတဲ့အတွက် တခြားကုန်သွယ်နိုင်မယ့် လမ်းကြောင်းတွေသုံးဖို့ ကြံဆနေကြပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှာ ကုန်စည်ချင်း တိုက်ရိုက်လဲလှယ်တဲ့စနစ်ကို အသုံးပြုနိုင်ဖို့ မြန်မာစီမံဘဏ္ဍာဌာနနဲ့ ဗဟိုဘဏ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

လာမဲ့နှစ်မှာ ပို့ကုန်၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံလောက်မှန်းထားပြီး လိုအပ်ရင် တရုတ်နိုင်ငံနဲ့ ကုန်စည် တိုက်ရိုက်လဲလှယ်တဲ့ (Barter) စနစ်ကို လုပ်သွားမယ်လို့ စီးပွားကူးသန်းဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိမှာ စစ်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက မဖြစ်နိုင်တဲ့အတွက် နယ်စပ်ဘက်ကတော့ ဖြစ်နိုင်ခြေမရှိကြောင်း ရှမ်းမြောက်ပိုင်းက ကုန်သည်တချို့က ပြောပါတယ်။ အခုဆိုရင် နေ့စဉ်ရက်ဆက်ဆိုသလို မူဆယ်ကုန်သွယ်ရေးဇုံဘက်မှာ တိုက်ပွဲတွေ ရှိနေတယ်လို့ ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒါကတော့ သူတို့ဘက်ကအပြောပါ။ ကုန်းလမ်းက ဘယ်လိုမှအဆင်မပြေဘူး၊ ရေလမ်းကပဲ လုပ်ချင်လုပ်လို့လွယ်ကူမှာပဲ။ ဒီကုန်းလမ်းက ၁၀၀ ရာခိုင်နှုန်း မသေချာတဲ့အခြေအနေ ဖြစ်သွားပြီလေ။ အခုလူတယောက်တောင် နမ့်ခမ်းကပတ်ပြီး နမ္မတီးကို ပြန်ပတ်ထွက်၊ အဲကနေ လားရှိုး၊ တယောက်ကို သုံးသိန်းလောက်ရှိတယ်။ ဒီပစ္စည်းတွေ သွားဖို့လာလို့လုပ်တာက ဘယ်လိုမှကို မဖြစ်နိုင်တာ ဒီလတွေက။ မနေ့ကလည်း ငါးမိုင်ဘက်မှာ ပစ်ကြ၊ ခတ်ကြတယ်။ တယောက်လည်းထိတယ်။ အိမ်ထဲမှာ လက်နက်ကြီးကျတာ။"

၂၀၁၉ ခုနှစ် ဧပြီလ ၁၉ ရက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း မြန်မာဘက်ကဆန်နဲ့ တရုတ်ကဓာတ်မြေဩဇာ၊ လယ်ယာသုံးပစ္စည်းတွေကို တိုက်ရိုက်လဲလှယ်ဖို့ နှစ်ဘက်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ဧပြီလ ၂၁ရက်၊ နေပြည်တော်မှာ ယူနန်ပြည်နယ်၊ ကူမင်းအစိုးရအဖွဲ့နဲ့ MoU သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြပြီး တလကို အမေရိကန်ဒေါ်လာ ၁၅ သန်းလောက်လဲလှယ်ကြဖို့ သဘောတူခဲ့ကြပါတယ်။ အခု ကုန်သွယ်ရေးဌာနကတော့ စစ်ပွဲတွေကြောင့် တခြားနယ်စပ်ဂိတ်တွေကို အစားထိုးသုံးကြဖို့ အကြံပြုထားပါတယ်။

ရှမ်းပြည်နယ်အထူးဒေသ(၄) အခွန်ဦးစီးဌာနကတော့ သူတို့ဒေသကိုဖြတ်ပြီး တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်ကို ကုန်တွေပို့မယ်၊ သွင်းမယ်ဆိုရင် အခွန်ထက်ဝက်လျှော့ပေးမယ်လို့ ဒီရက်ပိုင်းထဲမှာ ပြောထားပါတယ်။ တချို့ကလည်း ကချင်ပြည်နယ်၊ လွယ်ဂျယ်ဂိတ်ကနေ တရုတ်ကိုပို့ကြပါတယ်။ ဒါပေမဲ့ တရုတ်ကဝင်လာတဲ့ ကုန်တွေကတော့ လွယ်ဂျယ်ကနေ မန္တလေးကို ရောက်ဖို့ အခက်အခဲရှိပါတယ်။ ယူနန်ပြည်က ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတခုဖြစ်တဲ့ Asian Outdoor ကုမ္ပဏီဲရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"အခုကျနော်တို့ လွယ်ဂျယ်လည်း ဗန်းမော်အထိပဲ ထုတ်လို့ရတယ်။ ဗန်းမော်ကနေ ရန်ကုန်-မန္တလေးက ဘယ်လိုမှ အဆင်မပြေဘူး စစ်ဒေသဖြစ်နေတော့။ အဓိက လုံခြုံဖို့ အဓိကဖြစ်နေတာ။ အခု express ကားမရှိတော့ ကုန်ကားနဲ့တင်တယ်။ ကုန်ကားလည်း အရမ်းတွေ စျေးကြီးနေတော့လေ ပြီးရင် နည်းနည်းတော့ကြာတယ်။ အခုက အလုံခြုံဆုံးကရေကြောင်းပဲ၊ ဒီဘက်လမ်းကြောင်းက မလုံခြုံတော့ ဘယ်သူမှမသယ်ရဲ ဖြစ်ကုန်တာ။ တော်တော်များများ ကျနော်တို့အပါအဝင် ဒီအတိုင်းပဲ နားထားတယ်။ တကယ်လို့ အရေးကြီးတဲ့ပစ္စည်းဆိုရင် ကျနော်တို့လေကြောင်းနဲ့ပို့တယ်။"

ရေကြောင်းလည်း စျေးတွေတက်လာလို့ တွက်ခြေမကိုက်ကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။ မြန်မာစီးပွားကူးသန်းရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ကချင်၊ လွယ်ဂျယ်ဂိတ်ကနေ ဆန်နဲ့ သီးနှံတွေ မြန်မာဘက်ကတင်ပို့နေကြောင်း ပြောပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ အာဏာမသိမ်းခင်ကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်အထိ ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ မှာ ၉ ဘီလီယံကျော်ကို ကျဆင်းခဲ့တာပါ။

မြန်မာစစ်ကောင်စီ စီးပွားကူးသန်းဌာနရဲ့ထုတ်ပြန်ချက်မှာတော့ တရုတ်-မြန်မာကုန်သွယ်ရေးဟာ အခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက်လထဲမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံရထားပြီး ပြီးခဲ့တဲ့ကာလကထက် သန်း ၇၀၀ ပိုလာတယ်လို့ ဖော်ပြထားပါတယ်။ စစ်ရေးအရှိန်မြင့်လာတဲ့ အခုနှစ် အောက်တိုဘာလကုန်ကစပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ လုံးဝနီးပါး ရပ်တန့်သွားပြီး လေကြောင်း၊ ရေကြောင်းကပဲ ကုန်သွယ်ရေး ရှိတော့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG