သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စိုက်ပျိုးထွက်ကုန်တချို့ သွင်းကုန်လိုင်စင် တရုတ် ပြန်ခွင့်ပြု 


တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခုမြင်ကွင်း။ ဇန်နဝါရီ ၁၂၊ ၂၀၀၉။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခုမြင်ကွင်း။ ဇန်နဝါရီ ၁၂၊ ၂၀၀၉။

မြန်မာနယ်စပ်က တင်ပို့တဲ့ စိုက်ပျိုးရေး ထွက်ကုန်တချို့ကို တရုတ်နိုင်ငံ ယူနန်အစိုးရက သွင်းကုန်လိုင်စင်တွေကို ပြန်ထုတ်ပေးနေတာကြောင့် တရုတ်အကောက်ခွန်ဌာနမှာ လိုင်စင်လျှောက်နေကြတဲ့ မြန်မာကုမ္ပဏီတွေ အများအပြား ရှိနေပါတယ်။ တရုတ် နယ်စပ် ကုန်သွယ်ရေး အခြေအနေ သတင်းပေးပို့ချက်ကို  ကိုရန်နိုင် က တင်ပြပေးပါမယ်။  

မြန်မာ့စိုက်ပျိုးထွက်ကုန်တချို့ သွင်းကုန်လိုင်စင် တရုတ် ပြန်ခွင့်ပြု

မြန်မာနယ်စပ်က တင်ပို့တဲ့ စိုက်ပျိုးရေး ထွက်ကုန်တချို့ကို တရားဝင်ဝယ်ယူဖို့ တရုတ်နိုင်ငံ ယူနန်အစိုးရက သွင်းကုန်လိုင်စင်တွေကို ပြန်ထုတ်ပေးနေတာကြောင့် တရုတ်အကောက်ခွန်ဌာနမှာ လိုင်စင်လျှောက်နေကြတဲ့ မြန်မာကုမ္ပဏီတွေ ဒီရက်ပိုင်းအတွင်း အများအပြား ရှိနေပါတယ်။ ကုမ္ပဏီအများစုက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်က ဖြစ်ပြီး တခြားနယ်စပ် ဂိတ်တွေကလည်း လျှောက်ထားကြတယ်လို့ နယ်စပ်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ တရုတ် နယ်စပ် ကုန်သွယ်ရေး အခြေအနေ သတင်းပေးပို့ချက်ကို ကိုရန်နိုင် က တင်ပြပေးပါမယ်။

ကိုဗစ်ဖြေလျှော့မှုတွေနဲ့အတူ မြန်မာ နယ်စပ်သွင်းကုန်တချို့ကို တရားဝင် တင်သွင်းခွင့်ပြုဖို့အတွက် တရုတ်အစိုးရက စည်းကမ်း သတ်မှတ်ချက်တွေ ပြန် လျော့ပေးလာတာပါ။ ပြည်တွင်းက စိုက်ပျိုးရေး ထွက်ကုန်တွေကို တရုတ်အစိုးရက တရားဝင် ဝယ်ယူဖို့အတွက် စိစစ်ရွေးချယ်နေ ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်ရေးနဲ့ အကောက်ခွန် အာဏာပိုင်အဖွဲ့ GACC မှာ လိုင်စင် လျှောက်ထားလာတဲ့ မြန်မာကုမ္ပဏီတွေ အများအပြား ရှိနေတယ်လို့ နယ်စပ်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ အဲဒီအထဲမှာ ဆန်ကုမ္ပဏီတချို့ကို မကြာသေးခင်က ခွင့်ပြုထားပြီး ပြောင်းဆန် တင်သွင်းမယ့် ကုမ္ပဏီတွေကိုလည်း ဆက်ပြီး လိုင်စင် ချပေးနေပါတယ်။ မူဆယ် နယ်စပ်ကုန်သည်အသင်းက တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။


" လျှောက်ထားတာများတယ် လူတိုင်းလျှောက်မှာပဲ၊ တချို့ဆို ကုမ္ပဏီက တယောက်တည်းနဲ့ ၇ ခု၊ ၈ ခု ကုမ္ပဏီလည်းရှိတယ်။ ဒါတွေကို စိစစ်ပြီးတော့ သူတို့ကရွေးနေတာ။ သူက အခုမှ ဖွင့်ပေးလိုက်တာ ဒီကုမ္ပဏီတွေကိုလေ။ အရင်တုန်းက ပြောင်းကို မဖွင့်ပေးဘူး တရားဝင် မလုပ်သေးဘူး၊ ဆန်ကို တရားဝင်မဟုတ်ဘူး။ အခုက ဆန်လည်းတရားဝင်၊ ပြောင်းလည်း တရားဝင်။ ပြောင်းက အခုမှစတာ ဆိုတော့ ပြောင်းတင်သွင်းမယ့် ကုမ္ပဏီကများတယ်။ ဒါကြောင့် သူ့ထက်ငါ အလုအယက် လျှောက်နေကြတာ။"

GACC ရဲ့ စာရင်းအရဆိုရင် မြန်မာဘက်က ကုမ္ပဏီပေါင်း ၉၀၀ ကျော်လောက် လျှောက်ထားတယ်လို့ သူကပြောပါတယ်။ မြန်မာစိုက်ပျိုးရေး ဦးစီးဌာနရဲ့ နိုဝင်ဘာ ၁ ရက် ထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီပေါင်း ၆၀၀ ကျော်က ပို့ကုန် အမယ်ပေါင်း ၁,၆၀၀ ကျော်ကို GACC က မှတ်ပုံတင်ခွင့် ပေးလိုက်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ဆန်၊ ဆန်ကွဲ၊ ပိုးအိမ်ခြောက်နဲ့ ကျွဲနွားအရှင် တင်ပို့ရေး၊ အပင်၊ တိရစ္ဆာန်ကျန်းမာရေးနဲ့ ပိုးမွှားကင်စင်ရေး သဘောတူစာချုပ်ကို စိုက်ပျိုးရေး ဦးစီးဌာနနဲ့ တရုတ် GACC တို့ သဘောတူစာချုပ်ကို ၂၀၂၀ ခုနှစ်က က တရုတ်သမ္မတ ရှီကျင့်ပင် မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ်အတွင်းမှာ ရေးထိုးခဲ့တာပါ။ ဒီစာချုပ်ပါ နောက်ဆက်တွဲ ကိစ္စတွေ စာချုပ်ပါ သဘောတူညီချက်အတိုင်း မြန်မာဘက်က သွင်းကုန်တွေ တရားဝင်တင်သွင်းနိုင်ဖို့ အဲ့ဒီအချိန်က ကုမ္ပဏီ ၄၀ လောက် မှတ်ပုံတင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံနှံ့မှုတွေကြား ကန့်သတ်ချက်တွေကြောင့် ရပ်ဆိုင်းသွားခဲ့ပါတယ်။


အခုတကြိမ် ပြန်လည်စိစစ်ပြီး ကုမ္ပဏီတွေကို တရားဝင်တင်သွင်းခွင့်တွေ ချပေးနေတာလို့ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်း သုံးသပ်ရေးဌာနခွဲက ဒေါက်တာသီတာချောလှိုင်က ဗွီအိုအေကို ပြောပါတယ်။ ပြောင်းဆံ တင်သွင်းတဲ့ ကုမ္ပဏီတချို့ကို တရုတ်ဘက်က တရားဝင် ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး သူကအခုလို ပြောပါတယ်။

" ၁၈၆ ကုမ္ပဏီကို registration တခါခွင့်ပြုထားပြီး နောက်၂၆ ကုမ္ပဏီကို ထပ်ခွင့်ပြုထားတာ ဖြစ်တယ်။ အဲဒါကတော့ ဟိုးကတည်းက ပုံမှန် ပို့နေကျလုပ်ရင်း တန်းလန်းကနေပြီးမှ ဒါကတော့ တရားဝင် registration လုပ်ပေးလိုက်တာပေါ့နော်။ တရားဝင် registration ရဲ့အောက်မှာ ကိုယ့်ဆီမှာ မနစ်နာသွားနိုင်တာမျိုး ရှိတာပေါ့နော်။ နောက်ဆို ပိတ်လိုက်၊ ဖွင့်လိုက်၊ မခွင့်ပြုဘူး၊ ခွင့်ပြုတယ် ဆိုတာမျိုးတွေ မရှိတော့တာပေါ့။"

ငှက်ပျောကိုလည်း နယ်စပ်ကနေ တရားဝင်တင်သွင်းဖို့ တရုတ်ဘက်က ခွင့်ပြုထားပါတယ်။ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး စတဲ့ စိုက်ပျိုးရေးထွက်ကုန် ရောင်းချတဲ့ မြန်မာကုမ္ပဏီတွေကလည်း GACC မှာ မှတ်ပုံတင်ဖို့ ကြိုးပမ်းနေကြပါတယ်။ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက ပိုးမွှားနဲ့ အရည်အသွေး စစ်ဆေးတာတွေကို အဆင့်ဆင့်လုပ်ဆောင်ပြီးမှ တရုတ်ကို နယ်စပ်ကနေ တရားဝင်တင်သွင်းခွင့်ကို ရမှာဖြစ်ပါတယ်။ တရုတ် အကောက်ခွန် GACC မှာ မှတ်ပုံတင်ထားတဲ့ ကမ္ဘာအရပ်ရပ်က ကုမ္ပဏီပေါင်း ၇ သောင်းကျော်ရှိပြီး မြန်မာကတော့ ကျန်းမာရေးနဲ့ ပိုးမွှားကင်းစင်ရေး ကိစ္စတွေမှာ လိုက်နာမှုတွေအားနည်းလို့ မှတ်ပုံတင်ရေးကိစ္စ ကြန့်ကြာနေတဲ့အကြောင်း တရုတ် သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

.................................................












XS
SM
MD
LG