သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ထဲပိတ်မိနေတဲ့ နိုင်ငံသားတွေကယ်တင်ဖို့ မလေးရှားအစိုးရကြိုးပမ်း


ကိုးကန့်ဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုကို ထပ်သိမ်းလိုက်ကြောင် MNDAA က အသိပေး။ (ဓာတ်ပုံ-People's Spring FB/နိုဝင်ဘာ ၂၀၊ ၂၀၂၃)
ကိုးကန့်ဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုကို ထပ်သိမ်းလိုက်ကြောင် MNDAA က အသိပေး။ (ဓာတ်ပုံ-People's Spring FB/နိုဝင်ဘာ ၂၀၊ ၂၀၂၃)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေကြား ပိတ်မိနေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မလေးရှားနိုင်ငံသားလည်း ၁၀၉ ယောက်ပါဝင်နေပါတယ်။ သူတို့ကိုကယ်ဆယ်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က အုပ်ချုပ်ရေးအာဏာပိုင်တွေကို အကူအညီတောင်းထားသလို မြန်မာအာဏာပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ဘယ်မှထွက်မရဘဲ သောင်တင်နေတဲ့ မလေးရှားနိုင်ငံသား ၁၀၉ ဦးကို ကယ်ဆယ်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေကို အကူညီတောင်းထားတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။ တရုတ်အစိုးရဘက်က အပြည့်အ၀ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိရထားပြီးဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးရာ ဒုဝန်ကြီး Datuk Mohamad Alamin (ဒါတွတ် မိုဟာမက် အလန်မင်) က သတင်းစာရှင်းလင်းပွဲမှာ မလေးရှားဘာသာစကားနဲ့ အခုလိုပြောပြပါတယ်။

‘ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေကို တရုတ်နိုင်ငံကနေတဆင့် ကယ်ထုတ်နိုင်ဖို့ကို တရုတ်နဲ့မလေးရှားအစိုးရတွေ ပူးပေါင်းပြီး အတူတကွ ကူညီဆောင်ရွက်သွားဖို့ သဘောတူညီချက် ရပြီးဖြစ်ပါတယ်။ အခုဆိုရင် မလေးရှားပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ လဝကအဖွဲ့ဝင်တွေဟာ တရုတ်အာဏာပိုင်တွေနဲ့အတူ ဆက်လက် လုပ်ဆောင်နေကြပါပြီ” လို့ ပြောသွားတာဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ လူကုန်ကူးခံရတဲ့ မလေးနိုင်ငံသားက ၂,၀၀၀ ခန့် ရှိနေသေးကြောင်းနဲ့ အဲဒီအထဲက ၁,၂၀၀ ကျော်ဟာ မြန်မာနိုင်ငံထဲမှာ ပိတ်မိနေကြကြောင်း Malaysia International Humanitarian Organization (MHO) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အဲဒီအထဲက မလေးနိုင်ငံသား ၅၇၀ ကို ပြန်လည်ကယ်တင် ခေါ်ယူခဲ့ပြီးဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာတော့ မလေးရှားအစိုးရဟာ ရန်ကုန်နဲ့ ဘေကျင်းမှာရှိတဲ့ မလေးရှားသံရုံးတွေ၊ တရုတ်နိုင်ငံ ကူမင်းမြို့မှာရှိတဲ့ မလေးရှား ကောင်စစ်ဝန်ချုပ်ရုံးတွေကနေတဆင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်သူ့လွှတ်တော်တို့နဲ့ ပူးပေါင်းပြီး မလေးရှားနိုင်ငံသားတွေ ဘေးကင်းကင်းနဲ့ပြန်လာနိုင်ကြဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတာလို့ ဆိုပါတယ်။ မြန်မာပြည်တွင်းမှာ ပိတ်မိနေသူတွေအနေနဲ့ အကူအညီလိုရင် တောင်းခံနိုင်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မလေးရှားနိုင်ငံသားတွေဟာလည်း တခြားနိုင်ငံသားတွေနည်းတူ အလုပ်ပေးမယ်’ဆိုပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက လိမ်လည်ခေါ်ယူတာကို ခံခဲ့ကြရတာပါ။ သူတို့ဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်း လူကုန်ကူးသူတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြရတယ်လို့လည်း မလေးတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG