သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာ အရပ်သားသေဆုံးမှုရှိ


နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာကို တနင်္ဂနွေနေ့ညက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦးအပါအဝင် ရွာသား ၂ ဦးသေဆုံးပြီး လူ ၈ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးကြဲနေသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းမြောက်ဒေသက တိုက်ပွဲအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ဆိုရင် ၂၅ရက်ကြာမြင့်လာပြီဖြစ်ပေမယ့် တိုက်ပွဲတွေကတော့ ဆက်လက် ပြင်းထန်နေဆဲပါ။ တနင်္ဂနွေနေ့ညက စစ်ကောင်စီက နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို ဒီကနေ့မှာလည်း လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံ တအာင်းအမျိုးသမီးအဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ မနေ့ည ပစ်တဲ့အချိန်ကတော့ ၁၀နာရီ မထိုးခင်ပစ်တာ။ ရပ်ကွက်တခုမှာ ကျတယ်ပေါ့နော်။ ကျတော့ သားအဖ ၂ယောက်ပေ့ါနော်။ သူ့ကလေးနဲ့ သူ့အဖေ ၂ယောက်ဆုံးသွားတယ်။ ကျန်တဲ့ ၈ ယောက် ကတော့ ဒဏ်ရာရတယ်ပေ့ါနော်။ လောလောဆယ် ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ မနေ့ည လေယာဉ်နဲ့ပစ်တဲ့အထိ ကတော့ အထိအခိုက်ကတော့ အဲလောက်ရှိတယ်။ အိမ် ၂၅ အိမ်ထိ တယ်။ အဲဒီထဲမှာ ၂ အိမ်ကတော့ မီးလောင်သွားတယ်။ ကျန်တဲ့အိမ်ကတော့ လုံး၀ အရမ်းပျက်စီး သွားတဲ့ အခြေအနေမျိုး မှာတော့ ရှိတယ်ပေါ့နော်။ အခု ဒီ ၁၂နာရီ ၄မိနစ်ကနေ စပြီးတော့မှ နမ့်ဆန်မြို့ကနေ မြို့သစ်ဘက်ကို လက်နက်ကြီးတွေ ပစ်တာပေါ့နော်။ နောက်ပြီး ကျောက်မဲဘက်ကနေ မြို့သစ်ဘက်ကို လက်နက်ကြီးတွေ ပစ်နေကြတယ်။”

ဒီနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဘယ်လောက် ထိခိုက် သေဆုံးမှု ရှိတယ်ဆိုတာ မသိရ သေးကြောင်း ၊ မြို့သစ်ရွာနေ လူအများစု ကတော့ လက်ဖက်ခြံတွေ ဘက်ကို တိမ်းရှောင်တာတွေ ရှိကြောင်း ပြောပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်ကတော့ ဒါဟာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးတာမရှိပဲ စစ်တပ်က အရပ်ဘက်ကို တောက်လျှောက် ပစ်ခတ်တဲ့ အနေအထားလို့ ပြောပါတယ်။

“ မနေ့ညကတော့ ဒီ နမ့်ဆန်မြို့နယ်ထဲမှာရှိတဲ့ မြို့သစ်ရွာကို ဒီ ပေါင် ၅၀၀ ရှိတဲ့ ဗုံးနဲ့ လာရောက် ကြဲချတာရှိတယ်။ ဒီမနက်လည်း အခုထိပေါ့ နမ့်ဆန်တပ်စခန်းဘက်ကရော၊ မိုင်းငေ့ါ တပ်စခန်း ဘက်ကရော လက်နက်ကြီးတွေနဲ့ ၁၅လုံး၊ အလုံး ၂၀လောက် တော့ ရှိပြီ တောက်လျောက်ပစ် နေတယ်။ အဲဒီမှာတော့ စစ်ရေးလှုပ်ရှားမှု လည်း မရှိဘူး။ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိပါဘူး။ အရပ်ဘက်ကို ဦးတည်ပြီးမှ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပါတယ်။”

ဒီကနေ့မှာ နမ့်ခမ်းမြို့နယ် စခန်းသစ်နဲ့ မန္တလေးတိုင်း မတ္တရာ မြို့နယ်အတွင်းမှာ TNLA ၊ PDF ပူးပေါင်းတပ် တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ပြောပါတယ်။

ဒီလ ၁၉ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့် မှာ နမ့်ခမ်းမြို့နယ် မန်မိုင်ရွာကိုလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ဦး ထိခိုက်ပြီး နေအိမ် ၁၂လုံးပျက်ဆီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီ ၁၇ရက်နေ့က TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့ စခန်းသစ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ချိန်မှာ စစ်ကောင်စီက ဓါတု အဆိပ်ငွေ့ သုံးတိုက်ခိုက်တာတွေရှိတယ် လို့လည်း ပြောပါတယ်။

“ နမ့်ခမ်းမှာဖြစ်စဉ်ကတော့ ၁၇ရက်နေ့ ညက စခန်းသစ်ကို တိုက်ခိုက်တယ်။ စခန်းသစ်ရဲ့လုံခြုံရေး ကုန်းကို ၁၇ ရက်နေ့ ညသန်းခေါင်ယံမှာ ကျနော်တို့ သိမ်းဆည်းရမိတယ်။ ၁၈ရက်နေ့ မနက် ရောက်တော့ စစ်ကောင်စီဘက်က တန်ပြန် ထိုးစစ်ဆင်လုပ်တဲ့အခါကျတော့ ကျနော်တို့ အဖွဲ့က ပြန်လည် ခုခံပြီးတော့ ပစ်ခတ်တော့ သူတို့က အထိနာတော့ နောက်ပြန်ဆုတ်သွားတယ်။ မကြာဘူး သူတို့က စခန်းသစ်ကုန်းကနေပြီးတော့မှ အဆိပ်ငွေ့ ၅လုံး၊ ၆လုံးလောက် ဗုံးပေ့ါ။ သူတို့က ပစ်ခတ်လာ တော့ ကျနော်တို့ ရဲဘော်အချို့က အဆိပ်ဓါတ်ငွေ့ သင့်ပီးမှ မူးဝေတဲ့။ အားယုတ်တဲ့ ဒဏ်ကို ခံစားရတယ်။ အခုကတော့ ကျန်းမာရေးဌာနမှာ ဆေးဝါးကုသမှှု ခံနေရတဲ့ အနေအထား ဖြစ်ပါတယ်။ ”

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက TNLA က အထိအခိုက် အကျအဆုံး များတာကြောင်း အဆိပ်ငွေ့နဲ့ တိုက်တာလို့ ဝါဒါ ဖြန့်နေတာ ဖြစ်ကြောင်း ပြောပါတယ်
“ နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို တိုက်ခိုက်ခဲ့တယ်။ တပ်မတော်က ပြန်လည် တိုက်ခိုက်တယ်။ ပြန်လည်တိုက်ခိုက်တဲ့နေရာမှာ TNLA အနေနဲ့ အကျအဆုံး များစွာရှိခဲ့တယ်။ ထုံးစံအတိုင်းပါပဲ သူတို့ အကျအဆုံး ရှိပြီဆိုရင် တော်တော်လေး အကျအဆုံးများတယ်။ TNLA အနေနဲ့ ၊ သူတို့ အကျအဆုံးရှိပြီဆိုရင် ယခင်က အတိုင်း သုံးနေကျ အသံပေါ့ ထွက်လာပြီ။ အဆိပ်ဓါတ်ငွေ့နဲ့ တိုက်ခိုက်တယ်တို့ ဘာတို့ ၊ ဒါတွေ တွေ့ ရတာဖြစ်ပါတယ်။ ”

TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်ကတော့ ဒါဟာ ခိုင်မာတဲ့ အချက်အလက် မပါဘဲ ပြောဆိုတာသာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့ TNLA က နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အကျဉ်းဦးစီး စခန်း ၄ခုကို ၁၉ရက်နေ့က သိမ်းယူခဲ့ကြောင်းနဲ့ လက်နက် ၁၀၀ ကျော် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ပါတယ်။ ကိုးကန့် MNDAA အဖွဲ့ကတော့ မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)က နယ်စပ်ဂိတ်နဲ့ တာရွှေထန် ဘက်က စစ်ကောင်စီ တပ်စခန်းကို ၁၉ ရက်နေ့က သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ တိုက်ပွဲအခြေအနေကို မေးမြန်းဖို့ MNDAA ပြန်ကြားရေး တာဝန်ခံကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီစခန်းတွေသိမ်းပိုက်ရရှိကြောင်း MNDAA နေ့စဉ်ထုတ်ပြန် (နိုဝင်ဘာ ၂၀၂၃)
ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီစခန်းတွေသိမ်းပိုက်ရရှိကြောင်း MNDAA နေ့စဉ်ထုတ်ပြန် (နိုဝင်ဘာ ၂၀၂၃)

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ သံချပ်ကာ ကား အစီး ၂၀ကျော်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၁၉ရက်နေ့က ကျောက်မဲမြို့ကို ရောက်ရှိခဲ့ကြောင်းနဲ့ ဒီနေ့ အင်အား တချို့ သီပေါ ဘက်ကို ထွက်ခွာသွားကြောင်း ရေးသားဖော်ပြကြပါတယ်။ စစ်ကောင်စီဘက်က ရှမ်းမြောက်ဒေသကို အင်အားတွေ ထပ်မံဖြည့်တင်း လာတာ နဲ့ ညီနောင်မဟာမိတ်တွေက တနိုင်ငံလုံးအဆင့် တိုးမြှင့် ကြောင်း ကြေညာထားတာ ကြောင့် တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG