သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့ပြတိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည် တိုးလာမှု ကုလ သတိပေး 


မြို့ပေါ်အရပ်ဒေသတွေ အထိ တိုက်ပွဲတွေ ပိုမို ကျယ်ပြန့်လာနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သိန်းနဲ့ချီ တိုးလာ
မြို့ပေါ်အရပ်ဒေသတွေ အထိ တိုက်ပွဲတွေ ပိုမို ကျယ်ပြန့်လာနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သိန်းနဲ့ချီ တိုးလာ

မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ဒီလထဲ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာမှာ လူနေထူထပ်တဲ့ မြို့ပေါ်အရပ်ဒေသတွေ အထိ တိုက်ပွဲတွေ ပိုမို ကျယ်ပြန့်လာနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သိန်းနဲ့ချီ တိုးလာနေတယ်လို့ ကုလသမဂ္ဂက သတိပေးပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာန်း TNLA တပ်ဖွဲ့၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တွေ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆေးရေး စတင်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ သိသိသာသာ အရှိန်မြင့်လာခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ နောက်ပိုင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သိန်းကျော် ထပ် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး OCHA က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် သတိပေးပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်းမှာတော့ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူက ၂ သန်းကျော်အထိ ရှိလာတယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ အပြစ်မဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတာကို သတိပေးသလို၊ တိုက်ပွဲတွေအတွင်း နှစ်ဘက် အပြန်အလှန် ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ထိန်းသိမ်း ဆက်ဆံဖို့လည်း ကုလသမဂ္ဂက နှစ်ဘက်စလုံးက တိုက်တွန်းထားပါတယ်။ လက်စားချေတာမျိုးကို လုံးဝ တားဆီးရမှာ ဖြစ်ပြီး စစ်ကောင်စီတပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တပ်ဖွဲ့ဝင်တဦးချင်းစီ အပေါ် ပုံချလို့ မရဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး OHCHR ပြောခွင့်ရ Jeremy Laurence က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သောကြာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG