သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအကျပ်အတည်းတွေကြား အာဆီယံနဲ့မြန်မာ့အရေး


2023 ASEAN ထိပ်သီးဆွေးနွေးပွဲမှာ နေရာလွတ်နေတဲ့ မြန်မာကိုယ်စားလှယ်ထိုင်ခုံ။
2023 ASEAN ထိပ်သီးဆွေးနွေးပွဲမှာ နေရာလွတ်နေတဲ့ မြန်မာကိုယ်စားလှယ်ထိုင်ခုံ။

နိုင်ငံတကာ ထိပ်တန်းရောက်နေတဲ့ ဂါဇာဒေသပဋိပက္ခနဲ့ ယူကရိန်း-ရုရှားစစ်ပွဲတွေကြောင့် အမေရိကန်၊ ရုရှားနဲ့တရုတ် အားပြိုင်မှုတွေကြားမှာ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်လို့ မတူညီတဲ့ ရပ်တည်ချက်တွေနဲ့ အကျိုးစီးပွားရေး ရောယှက်လာတယ်လို့ သုံးသပ်ယူဆမှုတွေရှိနေပါတယ်။ ဒါပေမယ့် အာဆီယံဒေသအတွက်တော့ မြန်မာ့အရေးကသာ သက်ရောက်မှုကြီးလာနိုင်တယ်လို အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူတဦးက ယူဆပါတယ်။ ဒီအကြောင်း ကိုငြိမ်းချမ်းအေးက မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

ကမ္ဘာ‌ပေါ်မှာ လက်ရှိရင်ဆိုင်နေရတဲ့အကျပ်အတည်းကြီးတွေက မြန်မာ့ဒီမိုကရေစီနဲ့လွတ်မြောက်ရေးကိုလွှမ်းမိုးနေပြီး မြန်မာ့အရေးကလျစ်လျူရှုခံနေရတယ်ဆိုပြီး မြန်မာလူထုက ယူဆထားကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ကို တာလီဘန်တွေ ပြန်သိမ်းတာ၊ အဲဒီနောက် ယူကရိန်းကို ရုရှားကကျူးကျော်တာ၊ တခါ အခုနောက်ဆုံး အစ္စရေး-ဟားမတ်စ် ပဋိပက္ခဖြစ်ခဲ့ပြီး နိုင်ငံတကာမျက်နှာစာနဲ့ မီဒီယာမှာ ဒီအကြောင်းအရာတွေကပဲ လွှမ်းမိုးနေတာကလည်း လက်တွေ့မှာ အမှန်ဖြစ်နေတာပါ။ ဒါ့ပေမယ့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ နောက်ဆက်တွဲ လက်နက်ကိုင်ပဋိပက္ခက ဒေသတွင်းမှာ အကျိုးဆက်တွေခံရလို့ ဒေသဆိုင်ရာအစုအဖွဲ့ ဖြစ်တဲ့ အာဆီယံအနေနဲ့တော့ မြန်မာ့အရေးကိုပဲ ဦးစားပေးရမယ်လို့ Lowy Institute သုတေသနအဖွဲ့က အရှေ့တောင်အာရှရေးရာ အထူးပြုလေ့လာနေသူ သုတေသီ ဒေါက်တာ Rahman Yaacob (ရာမန် ယာကုပ်) က သုံးသပ်ပါတယ်။

“မြန်မာ့ အကျပ်အတည်းက တခြားနိုင်ငံတွေထက် အာဆီယံနိုင်ငံတချို့ကို ပိုပြီး သက်ရောက်မှုရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ - မလေးရှားမှာဆိုရင် သူတို့မှာ မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တွေ တော်တော်များပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မလေးရှားနိုင်ငံရေးခေါင်းဆောင်တချို့နဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ အခု ဖြစ်နေတဲ့ ပါလက်စတိုင်း အခြေအနေတွေကို ဆွေးနွေးကြရင်းနဲ့ ဒုက္ခသည်တွေအရေးကြောင့် သူတို့အနေနဲ့ မြန်မာ့အရေးကို စဉ်းစားရမယ့်ကိစ္စရပ်လို့ ပြောပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းကို စိုးရိမ်စရာအကြောင်းအရင်းအဖြစ် ဆက်လက်ရှုမြင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံနိုင်ငံတချို့ကို တိုက်ရိုက်သက်ရောက်မှု ရှိလို့ပါ။ ဒါကြောင့် အာဆီယံအတွက်ဆိုရင်တော့ အရှေ့အလယ်ပိုင်းကအခြေအနေတွေက မြန်မာ့အကျပ်အတည်းကို လွှမ်းမိုးနေတယ်လို့ ကျနော် မမြင်ပါဘူး။”

ဒါ့ပေမယ့် နိုင်ငံတကာ မျက်နှာစာမှာ မြန်မာ့အရေးက အာရုံစိုက်ခံရမှု အားနည်းတယ်ဆိုတာကိုတော့ သူက သဘောတူပါတယ်။ တဘက်မှာလည်း လက်ရှိ အကျပ်အတည်းမှာ မြန်မာစစ်တပ်အပေါ် ပိုထိရောက်တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာနိုင်ပြီး ငြိမ်းချမ်းရေး လမ်းစဖြစ်လာနိုင်တယ်လို့ ဒေါက်တာ ယာကုပ်က ရှုမြင်ပါတယ်။

“ကျနော်မြင်တာကတော့ မြန်မာစစ်တပ် ရှင်သန်အောင်ကူညီပေးတဲ့ ငွေကြေးစီးဆင်းမှုကို ချုပ်ကိုင်နိုင်ပါတယ်။ စင်္ကာပူဖြစ်စဥ်ကို ဥပမာအနေနဲ့ပြောရရင် ဒီနှစ်ထဲမှာပဲ စင်ကာပူဘဏ်တခုက မြန်မာစစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်တယ်။ ရေရှည်မှာ ဒီလို ပါဝင်လာတဲ့ နိုင်ငံတွေ ပိုများလာပြီး စစ်အစိုးရကိုပံ့ပိုးပေးတဲ့ ဘဏ္ဍာရေးစနစ်တွေကို ပိတ်လိုက်တာနဲ့အမျှ စစ်တပ်ဘက်က အခြေအနေကို ပြန်သုံးသပ်ပြီး စေ့စပ်ဆွေးနွေးဖို့ တွန်းအားဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမယ့် စကားဝိုင်းတွေဆီ ရောက်သွားနိုင်ပါတယ်။”

အာဏာရှင် အုပ်ချုပ်မှုတိုင်းရဲ့ ရှင်သန်ရေးက ငွေကြေးအပေါ် မူတည်နေပြီး ဒီယန္တရား အသက်ဆက်နေဖို့ အထောက်အကူဖြစ်စေတဲ့ ငွေကြေးလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်နိုင်ရင် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ‌ရောက်လာနိုင်မယ်လို့ ဆိုပါတယ်။ လက်နက်တွေဝယ်ဖို့ ပိုက်ဆံမရှိရင် စစ်ပွဲတွေ ဆက်တိုက်လို့ မဖြစ်နိုင်တော့ဘူးလို့ သူက ထောက်ပြပါတယ်။

မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှု အင်ဒိုဝေဖန်ခံရ
please wait

No media source currently available

0:00 0:05:30 0:00

တဘက်မှာလည်း နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေမှာ ဟာကွက်တချို့ရှိနေပြီ မြန်မာ စစ်တပ် အနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နိုင်ငံတကာကနေ စစ်လက်နက် ပစ္စည်းတွေ ဆက်လက် ဝယ်ယူနိုင်နေတာပါ။ ကုလသမဂ္ဂအစီရင်ခံစာတွေ အရ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံဖိုး လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တင်သွင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ မေလ အစီရင်ခံစာမှာ ဖော်ပြထားချက်အရဆိုရင် မြန်မာအာဏာသိမ်း စစ်တပ်ကို ဒီလို စစ်ဘက်ပစ္စည်း ရောင်းချမှုမှာ ပါဝင်ပတ်သက်နေတဲ့ ကွန်ရက်တွေ၊ ကုမ္ပဏီတွေဟာ ရုရှား၊ တရုတ်၊ စင်္ကာပူ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာ လှုပ်ရှား လည်ပတ်တာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒေါက်တာယာကုပ်ကတော့ စစ်လက်နက်ပစ္စည်း ရောင်းချတာက ဝင်ငွေကောင်းတဲ့ အလုပ်တခုလို့ ဆိုပြီး မြန်မာ အပေါ် ပိတ်ဆို့အရေးမှုတွေ လုပ်ထားတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ မိတ်ဆွေ နိုင်ငံလည်းဖြစ်တဲ့ အစ္စရေးနဲ့ မြန်မာစစ်တပ်ကြားက ဆက်နွှဲမှုတချို့ကို ထောက်ပြပါတယ်။

“ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စစ်အာဏာရှင်တွေကို လက်နက်ရောင်းချမှု ပိတ်ပင်ထားပေမယ့် အစ္စရေးကုမ္ပဏီတချို့က မြန်မာစစ်တပ်အတွက် လက်တွေ့မြေပြင်က စစ်ရေးအားထုတ်မှုတွေမှာ အထောက်အပံ့ဖြစ်မယ့် စစ်ပစ္စည်းနဲ့ အစိတ်အပိုင်းတချို့ ရောင်းချတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့တာကို ကျနော် အံ့သြမိပါတယ်။ မြန်မာ့တပ်မတော်မှာ လိုအပ်နေတဲ့အရာတွေရှိပြီး အစ္စရေးဘက်မှာက ဒါကို ပံ့ပိုးပေးနိုင်လို့ ဒါက စီးပွားလုပ်ငန်းကောင်းတခု ဖြစ်နေပါတယ်။ လက်နက်ပစ္စည်း ဟာ့ဒ်ဝဲတွေအပြင် ၂၀၂၁ ခုနှစ်မှာ အစ္စရေးကုမ္ပဏီတခုက မြန်မာကို ထောက်လှမ်းရေးသုံး Spyware ရောင်းချတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။”

မြန်မာ့ပဋိပက္ခအဆင့် ယူကရိန်းထက်ကျော်
please wait

No media source currently available

0:00 0:04:25 0:00

ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အဖြစ်အပျက်တွေကို ပြန်ကြည့်ရင် မြန်မာ စစ်တပ် အတွက် အာဏာတည်မြဲရေးမှာ အရေးပါတဲ့ လေကြောင်းအင်အားကို ဆက်လက် ထိန်းထားနိုင်ဖို့ ပံ့ပိုးကူညီရာမှာ အစ္စရေးက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်လို့လည်း သူက ထောက်ပြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အစ္စရေးကုမ္ပဏီတခုက မြန်မာ စစ်တပ်အတွက် လေယာဉ် ဆက်စပ် ပစ္စည်း အစိတ်အပိုင်းတချို့ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာကို ဒေါက်တာ ယာကုပ်က ဥပမာပေးပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှားကြား အားပြိုင်ချက်နဲ့ နိုင်ငံတကာက တင်းမာမှုပဋိပက္ခတွေကြားမှာ မြန်မာ့အရေးအခင်းအကျင်းကလည်း အခုလို နိုင်ငံအသီးသီးရဲ့ မတူညီတဲ့ရပ်တည်ချက်နဲ့ အကျိုးစီးပွားတွေ ရောယှက်နေပါတယ်။ ဒီအနေအထားမှာ ဒေသတွင်းအဖွဲ့ဖြစ်တဲ့ အာဆီယံရဲ့အခန်းကဏ္ဍက အရေးပါတယ်လို့ သုံးသပ်ကြပြီး မြန်မာ့အရေး အာဆီယံ ဗဟိုပြုချဥ်းကပ်မှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ထောက်ခံနေကြပါတယ်။ ဒါပေမယ့် ပိတ်ဆို့အရေးယူ ပြစ်ဒဏ်ချမှတ်တာမျိုးမှာ အာဆီယံအနေနဲ့ သတိကြီးကြီးထားသလို အာဆီယံအဖွဲ့ဝင်အများအပြားက မြန်မာ့အရေးစိုးရိမ်ချက်တွေကို မကြာခဏ ထုတ်ဖော်ပြောဆိုနေကြပေမယ့် အာဆီယံ သုံးတဲ့ နည်းလမ်းကတော့ သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်လေ့ရှိတာပါ။ အကျပ်အတည်းကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အလေးပေးကာ သံတမန်ရေးရာ ကြိုးပမ်းချက်ကို အဓိက အားပြုပြီး အဖွဲ့ဝင်နိုင်ငံတွေကြား မြန်မာ့အရေးအပေါ် တညီတညွတ်၊ တသဘောတည်းမရှိကြလို့ ပိတ်ဆို့အရေးယူမှုမှာတော့ အကန့်အသတ်တွေ ရှိနေပါတယ်။

အာဆီယံရဲ့ Troika ချည်းကပ်မှု NUG အကောင်းမြင်
please wait

No media source currently available

0:00 0:05:33 0:00

ဒေါက်တာယာကုပ်ကတော့ တချို့ သုံးသပ်ကြတဲ့ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ပိုတင်းမာ ပြတ်သားဖို့လိုတယ်ဆိုတာကို ဘယ်လို ပုံစံ၊ ရပ်တည်ချက်နဲ့ ဘယ်လိုအရေးယူမှု လုပ်ရပ်လဲဆိုတာကို ပြန်လည် မေးခွန်းထုတ်ပါတယ်။

“အာဆီယံကို စစ်ရေးအရ အရေးယူလှုပ်ရှားဖို့ မျှော်လင့်လို့ မရပါဘူး။ နောက်တခုက စစ်အာဏာရှင်တွေကို လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားလို့လည်း မရပါဘူး။ ထိတွေ့ဆက်ဆံမှုက တစုံတရာ အတိုင်းအတာတခုအထိ ရှိဖို့လိုပါတယ်။ ကျနော် နားလည်သလောက်ပြောရရင် အာဆီယံဟာ စစ်ဘက်အဆင့်မှာ စစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံနေရဆဲဖြစ်ပြီး စစ်တပ်ချင်း အဆက်အသွယ်ရှိပါတယ်။ ဒါက အရေးကြီးပါတယ်။ တပ်မတော်က ငြိမ်းချမ်းရေးလမ်းကြောင်းကိုသွားမယ်ဆိုရင် သူတို့ကို လျင်လျင်မြန်မြန်နဲ့ ထိတွေ့ဆက်ဆံပြီး လက်တွေ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လမ်းကြောင်းတခုဖွင့်ထားဖို့ လိုပါတယ်။ သူတို့ကို လုံး အဆက်အဆံမလုပ်ဘဲ ဖြတ်ထားရင် သူတို့ကိုလွှမ်းမိုးနိုင်ဖို့ ခက်သလို နောက်ဆက်တွဲအနေနဲ့ သူတို့ကို ထိတွေ့ဆက်ဆံဖို့က အရမ်းခက်ခဲပါလိမ့်မယ်။”

လက်ရှိမှာတော့ မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းတခုဖြစ်တဲ့ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း အပေါ် အောက်တိုဘာ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန်ရဲ့ ကန့်သတ် အရေးယူမှု အပါအဝင် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ အရှိန်တိုးမြှင့်လုပ်ဆောင်လာနေပါတယ်။ တဘက်မှာလည်း မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒေါက်တာယာကုပ်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် မြန်မာလူထုခံစားနေရတာက ဝမ်းနည်းစရာဖြစ်ပြီး မြန်မာ့အရေး ချက်ချင်းဖြေရှင်းနိုင်ဖို့လိုတယ်လို့ဆိုပြီး အရပ်သားတွေကို စစ်တပ်က ပစ်မှတ်ထားနေတာကို ရပ်တန့်နိုင်ဖို့က အရေးကြီးဆုံးပဲလို့ ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG