သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟွန်ဆန်နဲ့ ဆာဆာကာဝါ မြန်မာနိုင်ငံကို အတူသွားမည်


ဟွန်ဆန်နဲ့ ဆာဆာကာဝါ။ (ဓာတ်ပုံ Credit - ဟွန်ဆန်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း Facebook စာမျက်နှာ)
ဟွန်ဆန်နဲ့ ဆာဆာကာဝါ။ (ဓာတ်ပုံ Credit - ဟွန်ဆန်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း Facebook စာမျက်နှာ)

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါတို့ဟာ မြန်မာနိုင်ငံကို ပူးတွဲလာရောက်လည်ပတ်ဖို့ သဘောတူထားကြောင်း ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ ပါတီက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကို အလည်ရောက်နေတဲ့ ဆာဆာကာဝါနဲ့ ဟွန်ဆန်တို့ တွေ့ဆုံပြီး အဲဒီလို သဘောတူညီမှု ရရှိခဲ့ကြတာပါ။ သူတို့နှစ်ဦးတွေ့ဆုံရာမှာ “မြန်မာနိုင်ငံ အခြေအနေ တိုးတက်စေချင်တဲ့” ကြိုးပမ်းအားထုတ်မှုတွေနဲ့ စေ့ဆော်မှုတွေကို နှစ်ဘက်စလုံးက ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ဘယ်တော့သွားမလဲ ဆိုတာတော့ နှစ်ဘက်စလုံးက မကြေညာသေးပါဘူး။

ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံလိုပဲ အရင်က ပဋိပက္ခတွေနဲ့ ဆင်းရဲဒုက္ခ ကြုံတွေ့ခဲ့ရကြောင်းနဲ့ အဲဒီ အတွေ့အကြုံကို ယူပြီး မြန်မာ့အရေးမှာ အဓိကနေရာကနေ ကူညီပေးဖို့ ဆာဆာကာဝါက ဟွန်ဆန်ကို ပြောခဲ့တယ်လို့ ကမ္ဘောဒီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ သူတို့ နှစ်ဦးတွေ့ဆုံရာမှာ မြန်မာ့အရေးကိစ္စအတွက် ဟွန်ဆန်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စေတနာကောင်းတွေကို ဆာဆာကာဝါက အလေးအနက် ချီးကျူးခဲ့သလို ကမ္ဘောဒီးယားနိုင်ငံကို စစ်ဘေးသင့်နိုင်ငံ အခြေအနေကနေ ငြိမ်းချမ်း တိုးတက်တဲ့ နိုင်ငံအဖြစ်ကို အသွင်ပြောင်းပေးခဲ့တဲ့ ဟွန်ဆန်ရဲ့ ခေါင်းဆောင်မှုကိုလည်း ချီးကျူးခဲ့တယ်ဆိုပါတယ်။

မနှစ် ဇန်နဝါရီလတုန်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ယူထားချိန် ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ် ဟွန်ဆန် ဦးဆောင်ပြီး မြန်မာကို သွားခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ နေပြည်တော်မှာ မိနစ် ၁၄၀ ကြာ တွေ့ဆုံခဲ့ရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အဲ့တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အပြီးမှာ အာဆီယံရဲ့ အထူးသံတမန် Prak Sokhonn က မြန်မာကို ၂၀၂၂ ခုနှစ် မတ်လနဲ့ ဇွန်လ တွေမှာာ နှစ်ကြိမ်လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွှတ်ပေးဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ်အဖြစ် ဇန်နဝါရီလ ၇၊ ၂၀၂၂ ခုနှစ်က ရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ဓာတ်ပုံ-စစ်ကောင်စီပြန်ကြားရေးအဖွဲ့)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ်အဖြစ် ဇန်နဝါရီလ ၇၊ ၂၀၂၂ ခုနှစ်က ရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ဓာတ်ပုံ-စစ်ကောင်စီပြန်ကြားရေးအဖွဲ့)

ဒါ့အပြင် ဟွန်ဆန်ဟာ မနှစ်က ဖနွမ်းပင်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ “သက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံ” မယ့် မူဝါဒကို ကြေညာခဲ့ပြီး မြန်မာ အာဏာသိမ်း စစ်ကောင်စီ က တရားမ၀င်ဘူးလို့ သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ထိတွေ့ဆက်ဆံမယ့်သဘော အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ တဖက်မှာလည်း မနှစ်က ဟွန်ဆန်ခရီးစဥ်က စစ်ခေါင်းဆောင်ကို အသိမှတ်ပြုတယ် သဘော သက်ရောက်လို့ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

အခု ခရီးစဥ် နဲ့ ပတ်သက်လို့တော့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဆယ်စုနှစ် တခုကျော်ကြာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ် ပါဝင်ပတ်သက်တဲ့ အတွေ့အကြုံနဲ့ ဟွန်ဆန်ရဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ လမ်းစရနိုင်ဖွယ် ရှိကြောင်း နိုင်ငံတကာ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG