သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ မပြတ်ကူညီဖို့ ဥရောပပါလီမန် တောင်းဆို


ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Heidi Hautala နှင့် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ ဘရပ်ဆဲလ်မြို့ ဥရောပပါလီမန် အဆောက်အဦအတွင်း မြန်မာ့အရေးဆွေးနွေးခဲ့ကြ။ ဒီဇင်ဘာ ၂၀၂၂ မှတ်တမ်းပုံဟောင်း (Photo:U Aung Myo Min FB)
ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Heidi Hautala နှင့် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ ဘရပ်ဆဲလ်မြို့ ဥရောပပါလီမန် အဆောက်အဦအတွင်း မြန်မာ့အရေးဆွေးနွေးခဲ့ကြ။ ဒီဇင်ဘာ ၂၀၂၂ မှတ်တမ်းပုံဟောင်း (Photo:U Aung Myo Min FB)

အာဆီယံအဖွဲ့ အနေနဲ့ အလှည့်ကျဥက္ကဋ္ဌရာထူး ပြောင်းလဲသွားပေမယ့် မြန်မာပြည်သူတွေ အပေါ် ပံ့ပိုးကူညီမှုတွေ ဆက်ရှိဖို့နဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး မေ့မပစ်ကြဖို့ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Heidi Hautala (ဟေဒီ ဟောင်တဲလာ)က စင်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

“နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကမ္ဘာ့အရေးကိစ္စတွေကြားမှာ မြန်မာနိုင်ငံကို မေ့မပစ်ဘဲ မြန်မာ့အရေး ပိုပြီး လုပ်သင့်ပါတယ်။ အာဆီယံကလည်း မြန်မာပြည်သူလူထုအပေါ် ထောက်ခံမှု ပိုမိုပြသဖို့လိုပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို အင်ဒိုနီးရှားကနေ လာအိုကို ပြောင်းသွားရာမှာလည်း ဒါက တဆက်တည်း ဆက်ရှိနေဖို့လိုပါတယ်။ အာဆီယံ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးသံတမန် ထားရှိလိုတယ်” လို့ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Heidi Hautala က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောခဲ့တာပါ။

“မြန်မာစစ်တပ်ကို စစ်တန်းလျား ပြန်ပို့ရမှာဖြစ်ပြီး အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ စစ်တပ်အတွက် နေရာမရှိသင့်ဘူး” လို့လည်း ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာမှာ ခံနိုင်ရည်ရှိကြောင်း ပြသခဲ့ပြီးပြီလို့ သူက ပြောပါတယ်။ တခါ အာဏာသိမ်း စစ်တပ်ဟာ အကန့်အသတ်မဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေပြီး ဒါတွေအတွက်လည်း ခုံရုံး တင် စစ်ဆေးအရေးယူဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပါလီမန်တွေချင်း ချိတ်ဆက်မှု အားကောင်းဖို့ အရေးကြီးပြီး ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်တွေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တခြား ဒီမိုကရေစီအင်အားစုတွေကြား ချိတ်ဆက်မှုတွေ မြှင့်တင်နိုင်ဖို့ သူ့အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမလို့လည် ဥရောပပါလီမန် ဒု-ဥက္ကဋ္ဌက ပြောပါတယ်။

သူ့အနေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဆက်အသွယ်ရလို့ ဝမ်းသာကြောင်းနဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်က NUG အထူးကိုယ်စားလှယ်နဲ့လည်း ထိတွေ့ဆက်ဆံနေတယ် ဆိုပါတယ်။ ဥရောပသမဂ္ဂ (EU)အနေနဲ့ ဒီမိုက ေရစီ အင်အားစုတွေကို အခိုင်အမာ ထောက်ခံပြီး ဥရောပပါလီမန်ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထူထောင်နိုင်ရေး တောင်းဆိုကြောင်းပြောပါတယ်။ ဒါပေမဲ့ EU အနေနဲ့ ဒီမိုကရေစီအင်အားစုတွေကို ငွေကြေးနဲ့ စွမ်းရည်မြှင့်တင်ရေး ပံ့ပိုးမှုတွေ ပိုလုပ်သင့်တယ်လို့ သူယူဆကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဥရောပပါလီမန်ကလည်း အာဆီယံဒေသအတွက် သီးသန့်ကိုယ်စားလှယ် အခုလပိုင်းအတွင်း ထားရှိမယ့်အကြောင်း အခုပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းကြေညာခဲ့ပြီး ဒီကိုယ်စားလှယ်အနေနဲ့ အာဆီယံနဲ့ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်တယ်လို့ ဥရောပပါလီမန် ဒု-ဥက္ကဋ္ဌ က ပြောပါတယ်။

ဒီမိုကရေစီနေ့ အခမ်းအနားမှာ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာတဝန်းက အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ ပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာ တသားတည်း ရပ်တည်ကြောင်း မိန့်ခွန်း ပြောခဲ့ပြီး ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဒီနှစ် ဒီမိုကရေစီနေ့ရဲ့ဆောင်ပုဒ် ''Empowering the next generation'' “မျိုးဆက်သစ်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့” ကို ကိုးကားပြီး “မြန်မာ မျိုးဆက်သစ် လူငယ်တွေဟာ အကြမ်းဖက် လုယက်ခံလိုက်ရတဲ့ ဒီမိုကရေစီကို ပြန်လည်ရယူနိုင်ရေးအတွက် အိပ်မက်တွေ ဘဝတွေ အသက်တွေ စတေးပြီး ရှေ့တန်းကနေ စွန့်လွှတ်ကြိုးစားနေကြောင်းနဲ့ ဒါဟာ အင်မတန်ကို လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ရဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ထုတ်ပြန်ကြေညာချက်မှာတော့ ကမ္ဘာတဝန်းမှာ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်၊ မြှင့်တင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ ထပ်မံ ကတိကဝတ်ပြုကြောင်း အလေးပေးပြောခဲ့ပြီး ဒီမိုကရေစီ စံနှုန်းတွေကို လက်ကိုင်ထားကာ လူသားအားလုံး လူ့အခွင့်အရေး အပြည့်အဝ လွတ်လပ်စွာကျင့်သုံးနိုင်ဖို့ ဒီမိုကရေစီအဖွဲ့အစည်းတွေ အားကောင်းလာစေရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG