သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံအလှည့်ကျဥက္ကဌ ၃ နိုင်ငံ ပူးတွဲဖြေရှင်းမယ့် မူသစ်အပေါ် အမြင်တချို့


INDONESIA-ASEAN-SUMMIT (Photo by Adi WEDA / POOL / AFP)
INDONESIA-ASEAN-SUMMIT (Photo by Adi WEDA / POOL / AFP)

အခု သီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာ့အရေး အဓိက ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူ့ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်သက်တမ်း ကုန်ဆုံးခဲ့လို့ လာအိုနိုင်ငံကို ကြာသပတေးနေ့မှာ လွှဲပြောင်းပေးအပ်ခဲ့သလို ၊ ဒီ အစည်းအဝေးအတွင်းမှာပဲ မြန်မာ့အရေးအတွက် လတ်တလော အလှည့်ကျဥက္ကဋ္ဌ (၃)နိုင်ငံက ပူးတွဲ ကိုင်တွယ် ဖြေရှင်းဖို့လည်း အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို အာဆီယံ အခင်းအကျင်း ပုံစံသစ်အပေါ် လေ့လာသူရဲ့ သုံးသပ်ချက်နဲ့အတူ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။


အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်းမှာ မြန်မာ့အရေးက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ပြီ အလှည့်အပြောင်းတွေလည်း ဆက်တိုက် ဖြစ်ခဲ့တာပါ။ လာမယ့် ၂၀၂၆ ခုနှစ်မှာ ဥက္ကဋ္ဌနေရာ အတွက် အက္ခရာစဥ်အရ အလှည့်ကျမယ့် မြန်မာကိုကျော်ပြီး ဖိလစ်ပိုင်က တာဝန်ယူဖို့ အပြင် မြန်မာအရေး အင်တိုက်အားတိုက် လုပ်ခဲ့တဲ့ အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန် သက်တမ်းကုန်ဆုံးတာနဲ့အတူ မြန်မာ့ အကျပ်အတည်းကို ကိုင်တွယ်ရာမှာ အရင်လို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံတခုတည်းက အဓိကဦးဆောင် ထိတွေ့ဆက်ဆံတာမျိုး မဟုတ်ဘဲ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံနဲ့အတူ ကပ်လျက် ဥက္ကဋ္ဌဟောင်းနဲ့ နောင်လာမယ့် ဥက္ကဋ္ဌသစ် နိုင်ငံ ၂ ခုကပါ ပူးတွဲ ပါဝင်ကာ“ထရွိုက်ကာ ယန္တရား” (Troika mechanism)လို့ ခေါ်တဲ့ (၃)နိုင်ငံ ပူးတွဲ ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း အာဆီယံ ခေါင်းဆောင်တွေက ‌ဆွေးနွေးခဲ့ကြတာပါ။

ဒီ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအပြီး ဆက်တိုက် ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေပါ ပါဝင်တဲ့ လုံခြုံရေးနဲ့ ကုန်သွယ်ရေး ထိပ်သီးဆွေးနွေးပွဲမှာ ၂၀၂၃ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို က “မြန်မာ အရေးမှာ အာဆီယံက ကြားက ဓားစာခံ အဖြစ်မခံဘူး” လို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။

“တကယ်တော့ ငြိမ်းချမ်းရေးရဖို့ဆိုတာ အမြဲတမ်းပဲ အချိန်ယူရာပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီး ကြိုးစား တိုက်ပွဲဝင်ရပါမယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းမှာ ဓားစာခံ အဖြစ်ခံမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောဖို့ အတွက် အာဆီယံ အဖွဲ့ကြီးကတော့ ရှေ့ကို ဆက်လက် သွားနေဦးမှာပါ။

တဖက်မှာလည်း မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက အာဆီယံနဲ့ သဘောတူညီ ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ နှောင့်နှေးနေလို့ နိုင်ငံတကာဘက်က ဒီ ပြဿနာမှာ ဒေသတွင်း အဖွဲ့အစည်းရဲ့ ဦးဆောင် ဖြေရှင်းနိုင်မှုအပေါ် စောင့်ကြည့် ဝေဖန် နေကြပါတယ်။

အာဆီယံဘက်ကလည်း မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်မှု အပေါ် ဒီ ထိပ်သီး အစည်းအဝေးပွဲမှာ ဒုတိယအကြိမ် ပြန်လည် သုံးသပ်ခဲ့ပြီး ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။ အဲဒီမှာ အကြမ်းဖက်မှု အရှိန် လျှော့ချဖို့နဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတာတွေရပ်ဖို့ တောင်းဆိုရာမှာ “မြန်မာ့တပ်မတော်ကို အထူးသဖြင့်” လို့ တိုက်တွန်းထားပြီး “မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး” လို့ ဖော်ပြထားပါတယ်။

“မြန်မာစစ်တပ်ဟာ အဓိက တာဝန်ရှိကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားအမြင်တွေ ဆက်လက်တည်ရှိနေပုံရတယ်” လို့ အာဆီယံ အထူးပြု လေ့လာနေတဲ့ စင်္ကာပူ အခြေစိုက် ISEAS–Yusof Ishak Institute က အကြီးတန်းသုတေသီ ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာတုန်းကလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာတော့ “လက်နက်ကိုင်ဆောင်တဲ့ သက်ဆိုင်သူအားလုံး” လို့ရည်ညွှန်းခဲ့ပေမယ့် “မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံမှာ တခုတည်းသော အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တယ်” လို့ မှတ်ချက်ပြုခဲ့ကြောင်း သူက ထောက်ပြပါတယ်။

တခါ မြန်မာ့အရေးမှာ အာဆီယံအဖွဲ့ရဲ့ လတ်တလော အလှည့်ကျ ဥက္ကဋ္ဌ (၃) နိုင်ငံ ပူးတွဲကိုင်တွယ်သွားမယ့် ပုံစံ အသစ်က “အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အနေနဲ့ ပိုပြီး ညှိညှိနှိုင်းနှိုင်း စုစုစည်းစည်းနဲ့ ပူးပေါင်းဆွေးနွေး လုပ်ဆောင်နိုင်မယ့် ချဉ်းကပ်မှုအဖြစ် အသုံးဝင်လာမယ်” လို့ သုတေသီ ဒေါ်မိုးသူဇာက ရှုမြင်ပါတယ်။

ဒါပေမယ့် ဒီလို (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ “ထရွိုက်ကာယန္တရား” က ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အခြေအနေတွေမှာ အာဆီယံက စုပေါင်းလုပ်ဆောင်ဖို့ လိုလာရင် အသုံးပြုတဲ့ အထူးအဖွဲ့တခုဖြစ်ပြီး သူ့ရဲ့ အခန်းကဏ္ဍမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ကူညီပေးဖို့ဖြစ်ပြီး သူတို့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့တော့ မဟုတ်ဘူးလို့ ဒေါ်မိုးသူဇာက ရှင်းပြပါတယ်။

တခါ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို လာအိုက လွှဲပြောင်းရယူတာဖြစ်လို့ ရှေ့လာမယ့် (၁) နှစ်အတွင်းမှာ နေပြည်တော်က အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အာဆီယံက ပိုပြီး လက်ခံသွားမယ့် လမ်းကြောင်းကို ဥ◌ီးတည်သွားမလား ဆိုပြီးလည်း ထင်မြင်ယူဆမှုတွေက ရှိနေတာပါ။

ဒေါ်မိုးသူဇာကတော့ “လာမယ့် အာဆီယံဥက္ကဋ္ဌတွေဟာ ဒီနှစ် ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ကိုးကား လုပ်ဆောင်ရမှာ ဖြစ်တယ်” လို့ ထောက်ပြပါတယ်။

“ အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုအောက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အာဆီယံရဲ့ အောင်မြင်မှုတွေအပေါ် အခြေခံပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့ လာအို ဝန်ကြီးချုပ် Sonexay Siphandone က ဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူပဲွမှာ ပြောသွားတာပါ။

“ အာဆီယံအသိုက်အဝန်းကို အချင်းချင်း ပိုမို ခိုင်မာစေရေး၊ ချိတ်ဆက်မှု တိုးမြှင့်ရေး၊ အခွင့်အလမ်းတွေ ဆုပ်ကိုင်နိုင်ရေး၊ စိန်ခေါ်မှုတွေ ကိုင်တွယ်ဖြေရှင်းနိုင်ရေး၊ ပထဝီဝင် နိုင်ငံရေးနဲ့ စီးပွားရေး အခင်းအကျင်းတွေ ပြောင်းလဲလာစေဖို့ လာအိုနိုင်ငံက အာရုံစိုက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။”

ပြီးခဲ့တဲ့ အင်ဒိုနီးရှားရဲ့ “Silent Diplomacy” လို့ ခေါ်တဲ့ “တိတ်တိတ်ဆိတ်ဆိတ်နဲ့ နောက်ကွယ်ကနေ ထိတွေ့တဲ့ သံတမန်ဆက်ဆံရေး” က သက်ဆိုင်သူအားလုံးကို ထိတွေ့ပြီး သူတို့ရဲ့ အမြင်တွေနဲ့ စိုးရိမ်မှုတွေကို တိုင်ပင်ဆွေးနွေးတာမျိုး ဖြစ်ပါတယ်။ ဒါက ယုံကြည်မှု တည်ဆောက်ရေးအတွက် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူအားလုံးရဲ့ အသံကို နားထောင်တဲ့ အရေးပါမှုကို အသိအမှတ်ပြုတဲ့ ကွဲပြားတဲ့ ချဉ်းကပ်မှုပုံစံလို့ သုတေသီ ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။

ဒီထိပ်သီး အစည်းအဝေးပွဲမှာ အာဆီယံ ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာလည်း “အားလုံးပါဝင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကတဆင့် ယုံကြည်မှုတည်ဆောက်တဲ့ ဒီချဉ်းကပ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း” ဖော်ပြခဲ့ပြီး “စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ တောင်းဆိုထားတယ်” တယ်လို့ ဒေါ်မိုးသူဇာက ထောက်ပြပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အာဆီယံအနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ ကျင့်သုံးလာတဲ့ “ဝင်ရောက် မစွက်ဖက်ရေးမူ”ကို ဆက်ထားမလား ဆိုတာကိုတော့ သုတေသီ ဒေါ်မိုးသူဇာက “ပြည်တွင်း ဖြစ်ရပ်တွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အခြေအနေတွေ ဖြစ်လာရင်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်သူတွေအပေါ် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုရှိစေတဲ့ အခြေအနေတွေမှာဆိုရင် ပြင်ပကနေ စွက်ဖက်တာကို ‘ဝင်ရောက်စွက်ဖက်ခြင်း’ လို့ အာဆီယံက မယူဆဘူး” လို့ ရှင်းပြပါတယ်။ အရင်ကလည်း ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း‌ ဖြစ်စဥ်လို အာဆီယံအနေနဲ့ ပြင်ပ ဝင်ရောက်စွက်ဖက်မှု လုပ်ခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း လက်ရှိ အကျပ်အတည်းမှာ စစ်ကောင်စီဘက်က သဘောထား တင်းမာမှုတွေ ပြခဲ့တာအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း ကွဲပြားတဲ့ အမြင်တွေကို ထုတ်ဖော်ပြသခဲ့ကြတာကို သတိပြုဖို့ သုတေသီ ဒေါ်မိုးသူဇာက ထောက်ပြပါတယ်။

ဒါ့အပြင် “၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံအကျပ်အတည်းနဲ့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာက နက်နက်ရှိုင်းရှိုင်းဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပြီး စိုးရိမ်ချက်ကိုနေ့ချင်းညချင်း ဖြေရှင်းနိုင်ဖို့၊ ဒါမှမဟုတ် အာဆီယံနိုင်ငံ တနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေစဉ်အတွင်း အမြန် ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်တာကို ညွှန်ပြနေတယ်” လို့လည်း ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီအရေးကို အမြဲထောက်ခံပြီး တက်တက်ကြွကြွနဲ့ နှိုးဆော်ပေးနေတဲ့ အရှေ့တောင်အာရှ ပါလီမန်လွှတ်တော်အမတ်များ အဖွဲ့ကတော့ “ပြစ်တင်ရှုတ်ချတဲ့ စကားလုံးတွေက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ မလုံလောက်ပါဘူး” လို့ ထိပ်သီးအစည်းအဝေး ကျင်းပချိန်မှာပဲ ပြစ်တင်ထားပါတယ်။

အာဆီယံခေါင်းဆောင်တွေက စစ်အစိုးရက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချတာကို အသိအမှတ်ပြုပေမယ့် အာဆီယံအနေနဲ့ ငြိမ်းချမ်းတဲ့အဖြေကို ရှာဖွေရာမှာ ကူညီပေးဖို့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရာမှာ ဘယ်လိုဘယ်ပုံ အရေးယူဆောင်ရွက်မှု လုပ်သွားမယ်ဆိုတာကို ဖော်ပြမထားကြောင်းလည်း ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG