သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်ထဲပိတ်မိတဲ့ နိုင်ငံခြားသား ၂၇၃ ဦး ကယ်ဆယ်ခေါ်ယူ


မြန်မာနိုင်ငံက လောက်ကိုင်မြို့မှာ တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ထိုင်းငံသား ၄၁ ယောက်ကို ပထမဆုံးအကိမ် ကယ်ထုတ်ခဲ့ပုံ။ (ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့၊ နိုဝင်ဘာ ၁၈။ ၂၀၂၃)
မြန်မာနိုင်ငံက လောက်ကိုင်မြို့မှာ တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ထိုင်းငံသား ၄၁ ယောက်ကို ပထမဆုံးအကိမ် ကယ်ထုတ်ခဲ့ပုံ။ (ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့၊ နိုဝင်ဘာ ၁၈။ ၂၀၂၃)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၆၆ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၇၃ ဦးကို ထိုင်း၊ တရုတ်၊ မြန်မာ ၃ နိုင်ငံပူးပေါင်းကယ်ဆယ်ခဲ့ရာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကိုရောက်ရှိနေပါပြီ။ အဲဒီကတဆင့် ထိုင်းလေကြောင်းလိုင်း ၂ ခုနဲ့နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာမှာဖြစ်ကြောင်း ထိုင်းဒုရဲချုပ် က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ လောက်ကိုင်စစ်ပွဲတွေကြားပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၆၆ ဦး ဖိလစ်ပိုင်နိုင်ငံသား ၆ ဦး၊ စင်္ကာပူနိုင်ငံသား ၁ ဦးနဲ့ စုစုပေါင်း ၂၇၃ ဦးကို လောက်ကိုင်မြို့ကစာသင်ကျောင်းတခုမှာ မြန်မာစစ်တပ်ရဲ့အစောင့်အကြပ်နဲ့ ထိန်းသိမ်းထားတာပါ။ သူတို့အားလုံးကို သုံးနိုင်ငံ အာဏာပိုင်တွေပူးပေါင်းပြီး နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာကနေ တရုတ်နယ်စပ်ကို ပို့ပေးခဲ့ပါတယ်။ ဒီနောက် သူတို့ကို တရုတ်အာဏာပိုင်တွေက ယူနန်ပြည်နယ် ကူမင်းမြို့ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ကူမင်းမြို့မှာ ထိုင်းအစိုးရက လေယာဉ် ၂ စင်းနဲ့ ထိုင်းနိုင်ငံဘက်က Lion နဲ့ Air Asia လေကြောင်းလိုင်းက လေယာဉ် ၂ စင်းနဲ့ စောင့်တာပါ ။နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ ထိုင်းနိုင်ငံကို ခေါ်လာမှာဖြစ်ကြောင်း ထိုင်းဒုရဲချုပ် ဆူရချေ့ဟတ်ဖန်က သတင်းထောက်တွေကိုအခုလိုပြောပါတယ်။

“အခုဆိုရင်မြန်မာအစိုးရကလည်း ကူညီပြီးလမ်းကြောင်းဖွင့်ပေးခဲ့ပါတယ်။ တရုတ်အစိုးရလည်း ပူးပေါင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတွေကိုကယ်တင်နိုင်ခဲ့တာဟာ သုံးနိုင်ငံအစိုးရတွေ ပူးပေါင်းကူညီလုပ်ဆောင်ပေးခဲ့တာကြောင့် အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။ မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်မှုမဖြစ်ကြဖို့ အခုလို ထိုင်းနိုင်ငံသားတွေကို ကယ်တင်တဲ့ကုန်ကျစရိတ်ကိုလည်း ထိုင်းအစိုးရကပဲ တာဝန်ယူခဲ့ပါတယ်။” လို့ ထိုင်းဘာသာနဲ့ ပြောသွားခဲ့တာပါ။

မကြာခင်ပြန်ရောက်လာတော့မယ် ၂၇၃ ဦးကိုလည်း မိသားစုဝင်တွေဆီ ပြန်လည်မအပ်နှံခင် လိုအပ်သမျှစစ်ဆေးမှုပေးသွားမှာဖြစ်ပြီး ဒီစစ်ဆေးမှုမှာ အမှန်တကယ် လူကုန်ကူးခံရသူနဲ့ မှုခင်းတွေ ကျူးလွန်ထားသူတွေကိုခွဲခြားပြီးတော့လည်း စစ်ဆေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေနဲ့ ထိုင်းနိုင်ငံအတွင်းပြစ်မှုကျူလွန်ထားသူတွေကိုတော့ တရားဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG