သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်ကို သိမ်းပိုက်ဖို့ MNDAA ကိုးကန့်အဖွဲ့ပြင်ဆင်


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင်ကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ ကိုးကန့် MNDAA က ကြေညာလိုက်ပြီး ကျားဖြန့်ခေါ် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းနဲ့ ပတ်သက်သူတွေကို ထိထိရောက်ရောက်နှိမ်နင်းမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။ လောလောဆယ် လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ မဖြစ်ပွားသေးပေမယ့် ကိုးကန့်ဒေသတွင်းမှာ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ကြောင်း MNDAA က ကြေညာသလို သိန္နီနဲ့ နမ့်ခမ်းဘက်တွေမှာ စစ်ကောင်စီစခန်းတွေကို သိမ်းခဲ့ကြောင်း TNLA တအာင်းအဖွဲ့က ပြောပါတယ်။ ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆုံးအခြေအနေကို ကိုဝင်းခန့်မောင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၂၁ရက်မြောက်နေ့မှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေက စစ်စခန်းအကြီးအသေး စုစုပေါင်း ၁၄၇ ခု ကို သိမ်းယူခဲ့ပြီး ကိုးကန့်ဒေသနေရာ အတော်များများကို ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် လောက်ကိုင်မြို့ကို ဝင်ရောက် တိုက်ခိုက်ဖို့ အတွက် ပြင်ဆင်လာတာ ဖြစ်ပါတယ်။ လက်ရှိလောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မယ့်အခြေအနေနဲ့ပတ်သက်ပြီး MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက VOA ကို အခုလို ပြောပါတယ်။

“ လောက်ကိုင်ကို တိုက်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ကျနော် အဲဒီ ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ကြေညာချက်ကိုပဲ ကျနော်ပြောလို့ ရပါမယ်။ လက်ရှိအခြေအနေမှာ မိမိတို့ တပ်ဖွဲ့အနေနဲ့လည်း လောက်ကိုင်မြို့နယ်ကို ဝိုင်းရံထားနိုင်တဲ့ အခြေအနေမျိုးရောက်ရှိလာပြီဆိုတော့ တပ်ဖွဲ့ဝင်များ အနေဖြင့် အောက်ပါအချက်များကို လိုက်နာရမယ်ဆိုပြီး ထုတ်ပြန်ထားတာပါဗျ။ နံပတ် ၁ ကတော့ မိမိတို့ချမှတ်ထားသော စစ်မြေပြင်စည်းကမ်းနဲ့ မြို့ဝင် စည်းကမ်းကို လိုက်နာပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ်ပေးရန် ..”

အချက် ၅ချက်ပါဝင်တဲ့ ဒီကြေညာချက်မှာ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်တဲ့အချက်တွေကို အဓိကထား ဖော်ပြထားတာဖြစ်ပါတယ်။

“ နံပတ် ၂ က ကျားဖြန့် အွန်လိုင်းဂိမ်းတို့မှ ဖမ်းဆီးထားတဲ့ ပြည်သူလူထုကို ကယ်တင်ရန်၊ နံပတ် ၃ ကတော့ ဒီ ကျားဖြန့်အွန်လိုင်းဂိမ်း တွေရဲ့ နောက်ခံအင်အားစုများကို ပြင်းပြင်းထန်ထန် ချေမှုန်းရန်နဲ့ ကျားဖြန့်အွန်လိုင်းဂိမ်း သူဌေးတွေကို သက်ဆိုင်ရာဌာနများ သို့ ပြန်အပ်နှံရန်၊ နံပတ် ၄ ကတော့ စစ်သုံ့ပန်းမူဝါဒကို လိုက်နာရန်၊ နံပတ် ၅ကတော့ ဒေသအတွင်းရှိ တရားဝင်လုပ်ငန်း ကုမ္ပဏီများကို အကာအကွယ်ပေးရန် .. ”

ဒီကြေညာချက်ကို တရုတ်ဘာသာနဲ့ ဒီလ ၁၄ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ ဒီလ ၁၅ရက် နေ့ကတော့ စစ်ကောင်စီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အွန်လိုင်းလိမ်လည်မှု၊ လူကိုသွေးဆောင် ခေါ်ယူမှု၊ လူပြန်ပေးမှု၊ တရားမဝင်ချုပ်နှောင်မှု၊ ခြောက်လှန့် တောင်းယူမှု စတာတွေကို ဂိုဏ်းဖွဲ့ ကျူးလွန်ခဲ့တာ၊ ကျူးလွန်ရန် အားထုတ်ခဲ့တာနဲ့ အားပေးကူညီခဲ့တာတွေကြောင့် ဦးမြီရှောက်ချမ်း၊ ဦးမြီကော်ဖျင်း၊ မြီရှောက်ဖျင်းနဲ့ မြီကျိန်းကျိန်းတို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည့် လောက်ကိုင်မြို့မှာ ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသား (၃) ဦး
စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည့် လောက်ကိုင်မြို့မှာ ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသား (၃) ဦး

ဦးမြီရှောက်ချမ်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်အမတ်ဟောင်းဖြစ်သလို သူရဲ့သား ဦးမြီကော်ဖျင်းဟာ ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ကျန်သူ ၂ယောက်ကတော့ ဦးမြီရှောက်ချမ်းရဲ့ သမီးနဲ့ မြေးတို့ဖြစ်ကြပါတယ်။ သူတို့ ၄ဦးကို တရုတ်နိုင်ငံက ဒီလ ၁၂ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး သတင်းပေးသူကို ယွမ်ငွေ တသိန်းကနေ ငါးသိန်းပေးမယ်လို့လည်း ထုတ်ပြန်ထားတာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ ဦးမြီရှောက်ချမ်းကို သားနဲ့ မြေးဖြစ်သူနဲ့အတူ လောက်ကိုင်မြို့မှာ ဖမ်းဆီးရမိပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ တရုတ်နိုင်ငံကို လွဲှပြောင်းပေးမယ်လို့ စစ်ကောင်စီဘက်က ကြေညာ ထား ပါတယ်။

တချိန်တည်းမှာပဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချန်ကိုလည်း အလားတူအမှုတွေနဲ့ ဖမ်းဆီးဖို့ ထုတ်ပြန်ထားကြောင်းသတင်းတွေထွက်နေပေမဲ့ သတင်းမှားသာဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

ဒီလ ၁၅ရက်နေ့မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကိုလည်း တာဝန်က ရပ်စဲပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ယာယီ အစားထိုးခန့်အပ်ခဲ့ပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)

လောလောဆယ်မှာတော့ လောက်ကိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေပါတယ်။ အောက်တိုဘာ ၂၇ရက် စစ်ဆင်ရေးစတင်ကတည်းက လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ဆန်တအိတ်ကို ကျပ်ငွေ ၁၀သိန်း လောက်မြင့်တက်နေပြီး လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေဟာ စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေကြောင်းလည်း ရေးသားနေကြတာပါ။

လက်ရှိမှာတော့ ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီနေ့ တပ်စခန်းတခု သိမ်းယူခဲ့ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။

“ အခုချိန်တော့ ဒီရှီရှမ်းဒေသ ခုတ်ထန်ရွာမှာရှိတဲ့ တပ်စခန်းတခုကို ဒီနေ့ မနက် ၁၀နာရီကျော်မှာ ထပ်မံ သိမ်းပိုက်ရရှိခဲ့တယ်ဗျ။ ”

ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်း TNLA အဖွဲ့က သိန္နီနဲ့ နမ့်ခမ်းဘက်မှာ စစ်ကောင်စီ တပ်စခန့် တချို့ကို သိမ်းနိုင်ခဲ့တယ်လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက အခုလို ပြောဆိုပါတယ်။

“ သိန္နီမြို့ စစ်ကောင်စီရဲ့ မန်လွယ်စခန်းကို ကျမတို့ မနေ့ည ၈နာရီခွဲအချိန်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဒီမနက်ကျတော့ နမ့်ခမ်းဘက် နောင်အင်ကျေးရွာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ကျမတို့ ၁၀နာရီမှာ သိမ်းပိုက်ခဲ့တယ်။ စစ်ကောင်စီနဲ့ မူဆယ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်ပေါ့နော်။ အဲဒါက ကျင်စန်းကျော့ လမ်းခွဲမှာ။”

ကျောက်မဲနဲ့ နောင်ချိုဘက်မှာ တိုက်ပွဲဖြစ်ပွားတဲ့ သတင်း တက်လာတာ မရှိသေးပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေကြောင်း ပြောပါတယ်။

ကိုးကန့် MNDAA ၊ တအာင်း TNLA နဲ့ ရက္ခိုင် AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ အောက်တိုဘာလ ၂၇ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တာပါ။ ဒီလ ၁၃ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ AA အကြား ရခိုင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာနေသလို စစ်ကိုင်း၊ မကွေး၊ ပဲခူး ၊ တနင်္သာရီ ၊ ကရင်၊ ကယား၊ချင်း၊ မွန်ဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG