သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချ


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နယ်စပ် ချောင်းနှစ်ခွကို စစ်ကြောင်းထိုးလာတဲ့ စစ်အစိုးရရဲ့ တပ်မ (၂၂) က လက်နက်ချခဲ့တဲ့ စစ်သားများ။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ-NUG fb)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နယ်စပ် ချောင်းနှစ်ခွကို စစ်ကြောင်းထိုးလာတဲ့ စစ်အစိုးရရဲ့ တပ်မ (၂၂) က လက်နက်ချခဲ့တဲ့ စစ်သားများ။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ-NUG fb)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နယ်စပ် မွန်ပြည်နယ်အပိုင် ချောင်းနှစ်ခွကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ အင်အား ၅၀ ဦးပါစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က တဒါဇင်ကျော် သေဆုံးပြီး ၂၃ ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့ရဲ့နယ်စပ် မွန်ပြည်နယ်အပိုင် ချောင်းနှစ်ခွကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေကတယက်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ပူးပေါင်းတပ်တွေဟာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ချောင်းနှစ်ခွတံတားတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အကျအဆုံးတွေရှိခဲ့ပြီး ၂၃ ယောက် လက်နက်ချခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ ခေါင်ဆောင်တဦးက ပြောပါတယ်။

“သူတို့ ဗိုလ်မှူးတယောက် သေတယ်။ ၂၃ ယောက်ကတော့ ကျနော်တို့ဆီမှာ လက်နက်ချ အလင်းဝင်တယ်။ ချောင်းနှစ်ခွတံတားမှာပေါ့နော်၊ ကျနော်တို့ကတော့ သုံ့ပန်းဥပဒေအတိုင်းပဲထားတယ်။ နှိပ်စပ်ညှင်းပမ်းတာမလုပ်ဘူး စစ်ဆေးမေးမြန်းတာတော့လုပ်တယ်၊ သူတို့ရဲ့ နေမှု ထိုင်မှု၊ သွားလာမှုတွေကိုတော့ MOD( ကာကွယ်ရေးဝန်ကြီးဌာန NUG) ကပဲ စီစဉ်ပေးမှာဖြစ်ပါတယ်၊ သူတို့ဘာဖြစ်ချင်လဲဆိုတာ ဆောင်ရွက်ပေးမယ်၊ လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေလောက်ပဲ လုပ်ပါတယ်၊ သူတို့က ပြန်ချင်တယ်ဆိုလည်း စီစဉ်ပေးမယ်။ ဒါမှမဟုတ် ကျနော်တို့ဆီ ပူးပေါင်းမယ်ဆိုလည်းရတယ်။ ဒါမှမဟုတ် တဘက်နိုင်ငံဘက်မှာ အလုပ်တွေသွားလုပ်မလားဆိုလည်း ကျနော်တို့က ကူညီ စီစဉ်ပေးမှာဖြစ်ပါတယ်။”

အခုဆိုရင် ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နဲ့ ဖာပွန်မြို့တွေမှာ စစ်ကောင်စီဘက်က ဌာနဆိုင်ရာရုံးတွေတိုက်ခိုက်ခံရပြီးနောက် စစ်ရေးအရ တင်းမာနေတယ်လို့လည်း ပြောပါတယ်။

“ထွေအုပ်ရုံးတို့၊ လ၀ကရုံးတို့က ရုံးထဲမှာဘယ်သူမှမရှိတော့ဘူး။ မြို့မှာလည်းခြောက်ခြားနေတယ်။ ဝန်ထမ်းတွေကလည်း စစ်တပ်ထဲသွားနေတဲ့သူတွေရှိသလိုတချို့လည်း ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ တချို့လည်း ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ကြသူတွေလည်းရှိတယ်။ ဒါကကြာအင်းဆိပ်ကြီးဘက်မှာပေါ့နော်။ ကရင်ပြည်နယ်မှာဆိုရင် ဖာပွန်တို့၊ ကော့ကရိတ်တို့မှာက အသင့်အနေအထားပေါ့နော်။ စစ်ရေးတင်းမာနေတဲ့အနေအထားတွေမှာအကုန်လုံးရှိနေတယ်။ စစ်ကောင်စီဘက်လည်း အခုလို တပ်ရင်းထဲမှာ အစုလိုက်အပြုံလိုက်သေဆုံးတာ လက်နက်ချတာတွေဖြစ်လာတဲ့အတွက် မြေပြင်မှာ ခြေလျင်ထိုးစစ် မလုပ်တော့ဘဲ လက်နက်ကြီးတွေနဲ့သာ ဆက်တိုက်ပစ်နေတယ်လို့ ဆိုပါတယ်။

“ကော့ကရိတ်မှာက မနေ့ကကော ဒီနေ့ကော ခလရ ၉၇ ကလည်း အမြောက်နဲ့ပစ်နေတယ်၊ လှိုင်၀ နေပူခံကုန်းလက်နက်ကြီးကုန်းကနေလည်း လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒီကနေ ကမိုင်ကုန်းတို့၊ တံတား၀တို့ဘက်ကိုလှမ်းပစ်နေတယ်။”

ချောင်းနှစ်ခွတံတားဂိတ်တိုက်ပွဲမှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့- KNDO၊ ကော်သူးလေအာမီ -KTLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -PDF တို့က ချောင်းနှစ်ခွတံတား၊ ချောင်းနှစ်ခွကျေးရွာ၊ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီးလမ်းတွေကို ထိန်းချုပ်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG