သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ရေးအရှိန်မြင့်လာ


တိုက်ပွဲဖြစ်ပွားရာ မကွေးတိုင်း ဂန့်ဂေါမြို့၊ မင်းရွာ
တိုက်ပွဲဖြစ်ပွားရာ မကွေးတိုင်း ဂန့်ဂေါမြို့၊ မင်းရွာ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မင်းရွာ ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ ABSDF Column 3 ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ စစ်ကိုင်းတိုင်း တမူးနဲ့ ကလေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း ဒေသကာကွယ်ရေး တပ်တွေက ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တစ်ပတ်အကြာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အရှိန်မြင့်လာတဲ့ စစ်ရေးအခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို မအိသန့်စင်ပြောပြပါမယ်။

ကလေးနဲ့ တမူး မြို့နယ်အတွင်းက စစ်ကောင်စီတပ်တစခန်း တချို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ လက်ရှိမှာ မနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီးတော့ ဒေသကာကွယ်ရေး တပ်တွေဘက်က ခမ်းပတ်စခန်းနဲ့ ရာဇဂြိုဟ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။

“လောလောဆယ် ကျွန်တော်တို့ ခမ်းပတ်က ရဲစခန်း တစ်ခုရှိမယ်၊ ပြီးတော့ ရာဇဂြိုဟ်က အကျဉ်းစခန်းပေါ့နော်။ အဲ့စခန်းတွေ သိမ်းနိုင်ပြီ။ (ကျန်တာ) နောက်ထပ် ခမ်းပတ်တပ်ကုန်းရယ်၊ ဝိတုတ်ရယ်၊ မြောက်စည်းရယ် ၃ နေရာ ကျန်သေးတယ်။ အဲ့ဒီ ၃ နေရာကလည်း ဒါ အခြေအနေကောင်းတယ် ကိုယ့်ဖက်ကလည်း အသာစီးဖြစ်တယ်ပေါ့။ သူတို့ဖက်ကို အထိအခိုက်နဲ့ အထိနာတာမျိုးတွေ မဖြစ်အောင် လက်နက်ချဖို့ ညှိနှိုင်းနေတာနဲ့ တော်တော်အချိန်ကြာသွားတယ်ပေါ့။ ခုတော့ ပြန်တိုက်ယူတော့မှာပါ။”

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာကရဲကင်းစခန်းကို ABSDF နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီမနက် ၉ နာရီခွဲ ဝန်းကျင်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF Column 3 ပြန်ကြားရေး တာဝန်ခံ ရဲဘော် ပြည့်ဖြိုးကျော်က ပြောပါတယ်။

“မနက် ၅ နာရီ ၅၀ ဝန်းကျင်မှာ စပြီး တိုက်ခိုက်ခဲ့တာပါ။ ၄ နာရီခွဲ လောက်နဲ့ အပြီး တိုက်ခိုက်ခဲ့တာပါဗျ။ ဒီအချိန်ထိက ကျွန်တော်တို့ ရဲစခန်းကို ခုချိန်ထိ မီးရှို့ဖျက်ဆီးနေဆဲဖြစ်တယ်။ တချို့တဝက်ကတော့ ပြန်လှည့်ပြီးတော့ နယ်မြေရှင်းလင်းရေးပေါ့။ ထွက်ပြေးတဲ့သူတွေ စစ်ကောင်စီတပ်သား တွေ ရှိနေသေးတော့ နယ်မြေလိုက်လံပြီး ရှင်းလင်းနေပါတယ်ဗျ။ ရဲရော စစ်တပ်ရော နှစ်ခုပေါင်းထိုင်တဲ့ စခန်းဖြစ်နေတယ်ဗျ ပျူစောထီးရောပေါ့နော် အဲဒီတော့ ကျွန်တော်တို့ကလည်း ထိခိုက်ကျဆုံး အတိအကျက စိစစ်ဆဲဖြစ်ပါတယ်ဗျ။ သူတို့ဖက်က နေပြီးတော့ ဂန့်ဂေါမြို့ အမြောက်တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ကူပေးတဲ့အခါမှ ပြည်သူ ၂ ဦး ဒဏ်ရာ ရသွားတယ်။ အခု ကျွန်တော်သိရသလောက် ဆုံးသွားပြီလို့ ကြားတယ်ဗျ။”

မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီဖက်က ၂၀ ဝန်းကျင် သေဆုံးခဲ့သလို စစ်သုံ့ပန်း အဖြစ် ၁၀ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။

ကလေးတမူး ဒေသကာကွယ်ရေး တပ်တွေက KIA ရဲ့ ကွပ်ကဲမှုနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး လက်ရှိ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ပွဲကို အရှိန်မြှင့်သွားမှာဖြစ်တယ်လို့ ကလေးမြို့နယ် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လက်ရှိကတော့ ကျွန်တော်တို့ စစ်ဒေသအမှတ် ၁ KIA ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF ကလေး အထူးလှုပ်ရှား တပ်ရင်းတွေနဲ့အတူ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ စစ်ဆင်ရေးကို ဆင်တဲ့ အနေအထား ဖြစ်တယ်။ ကလေးဒေသ တောင်ပိုင်းရေး မြောက်ပိုင်ရော တပြိုင်နက် ဒီပူးပေါင်းစစ်ဆင်ရေးပေါ့နော် ကျွန်တော်တို့ စစ်ဆင်ရေး စစ်ရေးလှုပ်ရှားမှုအနေနဲ့ ဒါ ပထမဆုံး အကြိမ်ဖြစ်မယ်။ ကျွန်တော်တို့က ရှမ်းမြောက်မှာရှိတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ အတူ သူတို့ရဲ့ လှိုင်းလုံးတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ကလေး ဂန့်ဂေါမှာရှိတဲ့ ကျွန်တော်တို့ တော်လှန်ရေး ညီကိုတွေက ဆက်လက်တိုက်ပွဲဝင်ပြီး အရှိန်မြှင့်တင်မယ်ပေါ့နော်။”

လက်ရှိ ကလေးမြို့တွင်းမှာ လုံခြုံရေးနဲ့ အစစ်အဆေးတွေတင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို စစ်ကောင်စီဖက်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်နသလို ဒေသခံ အရပ်သားတွေရှိရာ နေရာတွေကိုလည်း လေကြောင်းကနေ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နောက်ပိုင်းမှာ စစ်ကောင်စီက Cluster ဗုံးပေါ့နော်။ ကုလသမဂ္ဂကနေ တားမြစ်ထားတဲ့ ဗုံးပေါ့နော် အဲ့ဒါကို သုံးပြီးတော့ လာပစ်သွားတာမျိုးရှိတယ်ဗျ။ တော်လှန်ရေး အဖွဲ့တွေက အသာစီး ရထားပြီးတဲအချိန်မှာ သူတို့တွေက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက် ရှိရှိနဲ့ ချတဲ့ ပုံစံ ရှိတယ်ပေါ့။ (ထိခိုက်တာက) ဒေသခံတွေအနေနဲ့ ၁၀ ဦးထက်မနည်း ရှိတယ်ဗျ။ စစ်ကောင်စီဖက်က ဒီနေ့ ၁၀ ကြိမ်ထက်မနည်း ရှိပြီ သူတို့ Cluster ဗုံးသုံးတာ jet fighter သူံးတယ်။”

စစ်ကောင်စီဘက်က အတွဲလိုက်ပေါက်ကွဲစေတတ်တဲ့ Cluster ဗုံးတွေ အသုံးပြုတိုက်ခိုက်နတယ်လို့ ပြောပေမယ့် VOA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ကလေး-တမူး အာရှအဝေးပြေး လမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင် စစ်ကူမပို့နိုင်တဲ့အတွက် လေကြောင်းကနေ အပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေသလို ကလေးမြို့ပေါ်မှာရှိတဲ့ စစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့လည်း ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကလေးဒေသခံတွေက ပြောပါတယ်။

တမူးမြို့နယ်အတွင်းက ခမ်းပတ်နဲ့ ဝိတုတ်စခန်းတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မနက် ၄ နာရီဝန်းကျင်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲ စတင်ကတည်းက ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ တမူး ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနက် ၄ နာရီ ၁၅ မှာ သူတို့ စဖြစ်တယ်။ ၄ နာရီ ဝေလီဝေလင်းလောက်ကျတာ့ အဲ့ဒီ တပ်စခန်း ရှိတဲ့ နေရာက လူတွေ အကုန်လုံး ပြေးထွက်ခဲ့ကြတယ်ပေါ့နော်။ အဲ့ကနေ တောက်လျှောက် ခုအချိန်ထိ ပစ်နေဆဲပဲ။ ခမ်းပတ်က တပ်ကို ဝင်တိုက်တာဗျ။”

မနေ့ကတော့ စစ်ကိုင်းတိုင်းအတွင်းက ကလေး၊ တမူး၊ ကောလင်း စတဲ့ ဒေသတွေမှာ ကာကွဘ်ရေး အဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တပတ်အကြာမှာ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးအရှိန် တဟုန်ထိုးမြင့်တက် လာ နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG