သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တိုက်ပွဲထပ်ဖြစ်


ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးရှောင်နေရ
ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးရှောင်နေရ

စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တို့ အပြန်လှန် တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်မှာ အမျိုးသမီး တဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပါတယ်။ ဒီပဲယင်းမြို့ပေါ်မှာတော့ စစ်တပ်က တပ်စွဲထားတာကြောင့် မြို့အနီး ကျေးရွာက ဒေသခံ ၂ ထောင်နီးပါး တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ စစ်တပ်တွေ တပ်စွဲထားတဲ့ ပုလဲမြို့ဈေးနားက စစ်မှုထမ်းဟောင်းရုံးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဒီနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ၂ ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ကာကွယ်ရေး တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွါချိန်မှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မြို့ထဲက အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။ ကာကွယ်ရေးတပ်တွေ ဆုတ်ခွာတဲ့ လမ်းမှာ ဘေးလွတ်ရာပြေးနေတဲ့ အမျိုးသမီးဖြစ်တယ်လို့ သခင်ဒေါင်းညို ကာကွယ်ရေး အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

“ထိတွေ့မှု စဖြစ်စဉ်မှာ ၂ ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်နေစဉ်မှာ ဒေသခံမြို့ခံ အမျိုးသမီး ၁ ဦးကပေါ့လေ တိုက်ပွဲကြားထဲမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးတော့ သေဆုံးသွားတယ်။ တော်လှန်ရေး အင်အားစုကို အပြန်မှာ စောင့်တိုက်ဖို့ စီးကြိုပြီး စောင့်တိုက်ဖို့လုပ်နေတဲ့နေရာမှာ အမျိုးသမီး တဦးက ကြားထဲမှာ ရောက်သွားတဲ့အတွက် စစ်ကောင်စီဘက်ကနေ ၄၀ မမ နဲ့ လူမှားပြီး ပစ်လိုက်တာပေါ့။”

ကာကွယ်ရေး တပ်ဖွဲ့တွေပြောတဲ့ စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးတာနဲ့ ပတ်သက်လို့တော့ ဗွီအိုအေ ဘက်က သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်တပ်ဟာ ပုလဲမြို့နယ်ထဲက ကျေးရွာတွေကို စက်တင်ဘာ ၁၁ ရက်ကနေ စက်တင်ဘာ ၂၇ ရက်အထိ သီတင်း ၂ ပတ်ကျော် နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ပွဲတွေဖြစ်နေသလို လေကြောင်းကနေ ပစ်ခတ်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

ပုလဲမြို့ဘက်မှာ အခုလို အခြေအနေဖြစ်နေသလို စစ်ကိုင်းတိုင်းထဲကပဲ ဒီပဲယင်းမြို့ပေါ်မှာလည်း စစ်တပ်က တပ်စွဲထားပြီး စစ်ဆေးတာတွေ လုပ်နေတာကြောင့် မြို့အနီး ကျေးရွာက ဒေသခံ ၂ ထောင်နီးပါးလည်း တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။ မြို့ပေါ်ကနေ အနီးနား ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့လည်း စစ်ဘေးရှောင် ကူညီပေးနေသူ တဦးက အခုလို ပြောပါတယ်။

“မြို့ပေါ်ရပ်ကွက်က ပြည်သူတွေကို အိမ်ထောင်စု စာရင်းစစ်တာ အိမ်ထောင်စု ဇယားပြခိုင်းတာ အဲ့လိုမျိုးလုပ်ပြီးတော့ CDM ဆိုရင် CDM တွေ အလုပ်ပြန်ဝင်ဖို့ ပြောတာ အဲ့ဒါတွေလုပ်နေတယ်လို့တော့ ကြားတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာကတော့ မြို့ပေါ်ရောက်လာလို့ရှိရင် သူတို့ ဘေးဘီ ဝဲယာတွေကို ကပ်လာမှာ စိုးရိမ်လို့နေမှာပေါ့။ အဲ့လိုပစ်တာ။ အဓိက ကတော့ ဒီပဲယင်းမြို့နဲ့ နီးတဲ့ မြို့ အခြေကရွာတွေပေါ့။ အဲ့ရွာတွေက ဒေသခံပြည်သူတွေရှောင်နေရတယ်။ အရေအတွက်က ၂ ထောင်ကျော် ၃ ထောင်နီးပါး အဲ့လောက်တော့ ရှိမှာပေါ့။ မြို့နဲ့အရမ်းနီးတော့ စစ်ကောင်စီက စစ်သားတွေက လိုက်ပြီးတော့ မွှေနှောက် ရှာ အကြမ်းဖက် မေးမြန်းစုံစမ်း ချိန်းခြောက်တာတွေ လုပ်လာတဲ့အခါကျတော့ သူတို့ထဲဝင်လာမှာ ပြီးတော့ လက်နက်ကြီး အန္တရာယ် ပြီးတော့ သူတို့ရှိလာရင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်လာရင်သော်လည်း ကောင်း တခုခုဖြစ်လာရင် အန္တရယ် ဖြစ်မှာစိုးလို့ ပြည်သူက တိမ်းရှောင်နေကြတယ်။”

ရေဦးမြို့ဘက် စစ်ရေးလှုပ်ရှားပြီး စက်တင်ဘာ ၂၅ ရက်မှာ ပြန်လည် ထွက်ခွါလာတဲ့ စစ်တပ်ဟာ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေထဲကို ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေတာပါ။ ၂၆ ရက်နေ့က မရကန် ညောင်လှ လက်ယက်ကုန်း စတဲ့ကျေးရွာတွေပေါ်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေ မရှိဘဲ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ၂ နှစ်ခွဲကျော်အတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ထဲမှာ စစ်ကိုင်းတိုင်းလည်း တခုအပါအဝင်ဖြစ်ပြီး ဒေသခံ သိန်းနဲ့ချီ အိုးအိမ်ပစ် ထွက်ပြေးနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG