သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဦးနဲ့ ဒီပဲယင်းနယ်စပ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်


ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင်ပြည်သူများရဲ့ မှတ်တမ်းဓာတ်ပုံ (photo: C J)
ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင်ပြည်သူများရဲ့ မှတ်တမ်းဓာတ်ပုံ (photo: C J)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်က ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေတဲ့အတွက် ရေဦးနဲ့ ဒီပဲယင်းမြို့နယ်ထဲ ကျေးရွာ ၂၀ က ဒေသခံတသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းထဲက လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ဘေးရှောင် အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ် ဒီပဲယင်းမြို့နယ်အပိုင်ထဲက မူးကတွင်း၊ ညောင်လှ၊ လက်ယက်ကုန်း၊ မဲအိုး၊ မရကန် စတဲ့ ကျေးရွာတွေကို စက်တင်ဘာ ၂၆ မနက် ၁၁ နာရီကျော်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ၁ နာရီ နီးပါး ပစ်ခတ် သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၅ ရက်မနက်ပိုင်းက ရေဦးမြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီ စစ်တပ်ဟာ ဒီပဲယင်းမြို့နယ်ထဲကို ရောက်လာပြီး နယ်မြေရှင်းလင်းနေတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ဒီပဲယင်း ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“၁၁ ခွဲ ဝန်းကျင်လောက်က စပစ်တာပေါ့နော်။ မရကန်ကို ပစ်တယ်။ ညောင်လှဘုန်းကြီးကျောင်းနား ဝန်းကျင်ကိုလည်း ပစ်တယ်။ ၁ စီးထဲခင်ဗျ။ MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးတည်းနဲ့ ပစ်တာ။ ပျံသန်းချိန်တနာရီလောက်။ ထားပါတော့ မိနစ် ၅၀ လောက်ပတ်ဝဲပြီးပစ်တာ။ ညောင်လှနားဝန်းကျင် ၂ မိုင် ပတ်လည်ကို သူတို့ထင်တဲ့ သစ်ပင်အုပ်အုပ်တွေ၊ အဆောက်အဦးကောင်းကောင်းတွေ၊ လက်ယက်ကုန်း၊ မဲအိုးတို့ အဲ့ ညောင်လှနားပတ်ဝန်းကျင်ကိုပတ်ပစ်တာ။ တိုက်ပွဲရယ်လို့ ဒီနေ့က ကြီးကြီးမားမားမရှိတာ။ အဲ့ကျေးရွာတွေမှာ PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့အထင်နဲ့ ပစ်သွားတာ၊ ကျေးရွာတွေအပေါ်ကို။ မြေပြင် အခြေအနေတော့ ကျနော်တို့ မသိသေးဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီရဲ့တပ်သားတွေက အဲ့ရွာတွေမှာ တပ်စွဲထားတုန်းခင်ဗျ။ လက်ယက်ကုန်းမှာလည်း ကျန်သေးတယ်။ မူးကတွင်းမှာလည်း ကျန်သေးတယ်။ ညောင်လှမှာလည်း ကျန်သေးတယ်။ အင်အား အလွန်ကျွံသုံးပြီး စစ်ကြောင်းထိုးနေတာ။ ပြည်သူတွေကတော့ မရှိဘူး။ မနေ့ကတည်းက သူတို့ စစ်ကြောင်းထိုးတာနဲ့ လွတ်ရာကို တိမ်းရှောင်နေတာ။”

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီ စစ်ကြောင်း လမ်းကြောင်းတလျှောက် တိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် အခုလို လေကြောင်းကနေ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ကျေးရွာတွေမှာ တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ကျေးရွာတွေဆီ ပြန်လို့မရသေးသလို ပျက်စီးဆုံးရှုံးမှု အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

အခုလို စစ်တပ်က ရေဦးမြို့ပေါ်ကနေထွက်လာပြီး ဒီပဲယင်းမြို့နယ်အထိ နယ်မြေရှင်းလင်းနေတဲ့အတွက် လမ်းတလျှောက်က ကျေးရွာ ၂၀ လောက်က ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူ တဦးက ပြောပါတယ်။

“ကျေးရွာက ရေဦးဘက်ကရောဆိုရင် ရွာပေါင်း ၂၀ လောက်ရှိမယ်ခင်ဗျ။ ရှောင်နေတာ။ လူဦးရေကတသောင်းကျော်လောက် ရှိမယ်။ ရက်တာမရှည်သေးတော့ လက်ခံတဲ့ကျေးရွာတွေကို နီးစပ်ရာစစ်ရှောင်စခန်းတွေက အဆင်ပြေနေသေးတယ်ပေါ့။ ကျနော်တို့အဖွဲ့အနေနဲ့က လိုက်ပြီး ကူညီနေတယ်ပေါ့။ ဆန်ရယ်၊ ဆီရယ်၊ အဓိက လိုအပ်နေတာမျိုးလေး လိုက်ကူညီပေးနေတယ်။ ညောင်လှထဲကို မြေပြင်စစ်ကြောင်းက ဝင်သွားပြီဆိုတော့ အဲ့မှာတပ်စွဲတယ်။ အရမ်းအကြာကြီး နေတယ်ဆိုရင် စားနပ်ရိက္ခာတို့ မိုးရွာလာရင် နေစရာ အခက်အခဲတွေ ဖြစ်လာနိုင်တာပေါ့။”

စစ်ကောင်စီတပ်ဟာ ဒီပဲယင်း မြို့နယ်ထဲကကျေးရွာတွေကို မကြာခဏ နယ်မြေရှင်းလင်းနေတာပါ။ ဒီလို နယ်မြေရှင်းလင်းမှုတွေအတွင်း ရာနဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ခံခဲ့ရသလို လေကြောင်းက ပစ်ခတ်တာ၊ လေကြောင်းကနေ စီးနင်းဝင်ရောက်တာတွေလည်း လုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း ကလေးငယ်တွေ စာသင်နေတဲ့ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းကနေပစ်ခတ်ပြီး မြေပြင်ကနေ စီးနင်းဝင်ရောက်ခဲ့တဲ့အတွက် ကလေးငယ်အများအပြားအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီ စီးနင်း ပစ်ခတ်တာနဲ့ပတ်သက်လို့ ကျေးရွာထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့သတင်းကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေရာကနေ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပြီး လေကြောင်းက ပစ်ခတ်တာကိုတော့ ထည့်သွင်း မထုတ်ပြန်ထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG