သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွာသစ်ကျေးရွာနယ်မြေရှင်းမှုအတွင်း အမျိုးသား ၁ ဦးသေဆုံး  


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာမှာ စစ်တပ်နယ်မြေရှင်းလင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခံရ (ဇွန် ၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာမှာ စစ်တပ်နယ်မြေရှင်းလင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခံရ (ဇွန် ၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ရွာသစ်ကျေးရွာမှာ စစ်တပ်နယ်မြေရှင်းလင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခံရသလို ၁ ဦးထက် မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ၇ ထောင်နီးပါးလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဇွန်လ ၁ ရက်နေ့ထဲကစပြီး စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။ ရေဦး - ညောင်ပင်သာ ကျေးရွာကားလမ်းဘေးမှာရှိတဲ့ ရွာသစ်ကျေးရွာကို ဇွန်လ ၁ ရက် ကြာသပတေးနေ့ မနက်လင်းအားကြီးမှာ ဝင်ရောက် နယ်မြေရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒီနေ့ သောကြာနေ့မှာ စစ်တပ်တွေ ထွက်ခွာသွားချိန်မှာတော့ နေအိမ်အချို့ မီးလောင်ကျွမ်းနေပြီး ရွာထဲက အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သတ်ဖြတ်ထားပုံရတဲ့ ရုပ်အလောင်းကို တွေ့ရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ လောလောဆယ် အနီးဝန်းကျင်က ကျေးရွာ ၁၄ ရွာက ဒေသခံ ၇ ထောင်လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

“ရွာသစ်ကို မနက်အစောကြီးပဲဝင်စီးတော့ ပြည်သူ တဦး ဖမ်းခံရတာပေါ့။ ဖမ်းခံရတဲ့ အမျိုးသား ၁ ဦး အသတ်ခံရတာပေါ့ အသက် ၅၀ ကျော်အရွယ်လေ။ မနေ့ညက မူးသာမှာ အိပ်ကြတာတဲ့။ မူးသာကဟာတွေကော အကုန်ထွက်ပြေးကြရတာ။ မနက်က ကျီးအိုင် တန်းဝင်လာတာ။ ကျေးရွာ အားလုံးပေါင်း ၁၄ ရွာလောက်ပြေးရတာပေါ့။ အားလုံးပေါင်း လူဦးရေ ၇ ထောင် ၈ ထောင်ဝန်းကျင်ပေါ့။ ဒီဘက်ရွာလာတော့ ဟိုဘက်ရွာပြေး ဟိုဘက်ရွာလာတော့ ဟိုဘက်ရွာပြေး တရွာဝင်တရွာထွက်နဲ့ နောက်ကလိုက် ရှေ့ကပြေးနဲ့ပေါ့။”

အိမ်ခြေ ၁၀၀ နီးပါးရှိတဲ့ ရွာသစ်ကျေးရွာမှာ ဒီအကြိမ်အပါအဝင် နေအိမ်တွေ မီးရှို့ခံရတာ ၂ ကြိမ် ရှိပြီဖြစ်ပြီး အိမ်ခြေ ၂၀ ကျော် မီးလောင်ကျွမ်းသွားပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အဲဒီဒေသမှာ မနေ့ညပိုင်းထဲက မိုးတွေရွာနေတာမို့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ဒေသခံရွာသူ ရွာသားတွေ မိုးရေထဲမှာ ဒုက္ခရောက်နေကြပါတယ်။ အဲဒီဒေသက ကာကွယ်ရေးအဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်တပ်ကြား ထိတွေ့ တိုက်ပွဲတွေလည်း ရှိတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ သူတို့လာတယ်ဆိုရင် ကိုယ့်တော်လှန်ရေးအင်အားစုက ပြည်သူတွေလည်း လွတ်ရာ လွတ်ကြောင်းထုတ်ကြပေါ့။ ထုတ်ကြထွက်ကြပေါ့ အဲ့လိုလုပ်ရင်းနဲ့ အလျင်းသင့်တဲ့နေရာကနေပဲ မိုင်းစင်တဲ့နေရာစင် သူတို့ကို တိုက်သင့်တဲ့နေရာတိုက်ပေါ့။ အတိုးအဆုတ်ပါပဲ အသည်းအသန်ကြီး တိုက်ပွဲ ဖြစ်နေတဲ့ အနေအထားမျိုးမဟုတ်ဘဲ မိုင်းဆွဲတယ် ပစ်တယ်ခတ်တယ် တိုက်တယ်ခိုက်တယ်ပေါ့ သူတို့တိုး ကိုကဆုတ်ပေါ့။ တဖက်က တိုးလာရင်ကိုယ်ကဆုတ်ပေါ့ တဘက်က ဆုတ်ရင်ကိုယ့်ဘက်ကလိုက်ပေါ့ ဒီလို အနေအထားမျိုးပါပဲထိတွေ့မှုဆိုတာကတော့။”

အပြန်အလှန် တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ယောက် အသေးစား ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ခင်ဦးမြို့နယ်မှာ စခန်းချနေတဲ့ စစ်တပ်ရော ရေဦးမြို့နယ်မှာ စခန်းချနေတဲ့ စစ်တပ်ပါ ပေါင်းပြီး အဲဒီဒေသမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာပါ။ ရေဦးမြို့နယ်ထဲက တိုင်းရင်းဆေးရုံမှာ စစ်တပ်တွေ တပ်စွဲထားသလို ခင်ဦးမြို့နယ်ထဲက ရွာသစ်ကုန်းကျေးရွာမှာ စစ်တပ်တွေ တပ်စွဲထားတာဖြစ်ပါတယ်။

XS
SM
MD
LG