သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားနဲ့တိုက်ဖမ်းခံရသူ ရုပ်သံသတင်းထောက် ထောင်ဒဏ် ၁၀နှစ်ထပ်မံချမှတ်ခံရ


မှူးရတနာခက်မို့မို့ထွန်း
မှူးရတနာခက်မို့မို့ထွန်း

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ စစ်ကောင်စီဟာ အမျိုးသမီး သတင်းထောက် တယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောက်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တာဟာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမားတွေကို ဖိနှိပ်ပြီး သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်နေတဲ့လုပ်ရပ်တွေထဲက နောက်ဆုံး ဖြစ်စဉ် တခုဖြစ်ကြောင်း အေပီသတင်းမှာ ဖော်ပြထားသလို ဒါကို နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ကလည်း ရှုတ်ချလိုက်ပါတယ်။

Myanmar Pressphoto Agency (MPA) ရဲ့ ရုပ်သံသတင်းထောက် တဦးဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းဟာမနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တုန်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူငယ်တွေကို စစ်ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်မှာ သတင်းရယူ ရိုက်ကူးနေတုန်း ကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတာပါ။ သူနဲ့ အတူ MPA ရဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းလည်း ဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးစလုံး ကားတိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ သူတို့ နှစ်ဦးလုံးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅ (က) ဆူပူအောင် လှုံ့ဆော်မှုနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

အခု မေလ ၂၆ ရက်နေ့မှာတော့ ဒုတိယထပ်တိုးအမှုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) အတွက် သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာအလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ဒါကြောင့် အသက် ၃၄ နှစ် အရွယ် မမှူးရတနာခက်မို့မို့ထွန်းဟာ စုစုပေါင်းထောင်ဒဏ် ၁၃ နှစ် အထိချခံရဖို့ ရှိနေတယ်လို့ မိသားစုဝင် တဦးနဲ့သူ့ရဲ့ ရှေ့နေက ပြောပါတယ်။


သူ့ကို တော်လှန်ရေးအဖွဲ့တွေကို ပံ့ပိုးကူညီတယ်လို့ စွပ်စွဲပြီးအကြမ်းဖက်မှု နှိမ်နင်းရေးဥပဒေနဲ့ ထပ်မံ အရေးယူခံရတာလို့ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ အယူခံထပ်ဝင်ဖို့ ကာယကံရှင်က ဆန္ဒမရှိဘူးလို့လည်း လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အဖြစ်ကြေညာထားတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေနဲ ငွေကြေးဆက်စပ်နေတယ် ဆိုတာဟာ မှန်ကန်ခြင်းမရှိကြောင်း တရားရုံးမှာ သက်သေပြခဲ့ပေမယ့် တရားသူကြီးက သက်သေတွေက မခိုင်လုံဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“မမှူးရတနာခက်မို့မို့ထွန်းကို နောက်ထပ်ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက သတင်းထောက်တွေ အပေါ် ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို ပြသလိုက်တာ”လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ရဲ့ အာရှရေးရာဌာနခွဲက ဒယ်နီရယ်လ် ဘစတာ့ပ် (Daniel Bastard) က ပြောပါတယ်။ “မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး အနေနဲ့ ဒီ အမှုကို စံနမူနာအဖြစ်ယူပြီး စစ်အာဏာရှင်တွေအပေါ် နိုင်ငံတကာက ထိရောက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ကြိုးပမ်းဖို့” ကိုလည်း RSF ရဲ့ အင်္ဂါနေ့က ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။


မမှူးရတနာခက်မို့မို့ထွန်းဟာ ဖမ်းဆီးခံရတုန်းက ရရှိခဲ့တဲ့ ကားတိုက် ဒဏ်ရာကြောင့် ဘယ်ဘက်နားရွက် တဝက်ပြတ်ခဲ့သလို ဘယ်ဘက်ပါးလည်း စုတ်ပြဲသွားတဲ့အပြင် ဘယ်ဘက်ခြေကျင်းဝတ်မှာလည်း အရိုး (၃) နေရာကျိုးခဲ့ပါတယ်။ ဦးခေါင်းမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး ၁၅ ချက် ချုပ်ခဲ့ရပါတယ်။

မတ်လ တုန်းက အင်းစိန်အကျဉ်းထောင်ထဲမှာ ကျိုးသွားတဲ့ ဘယ်ခြေထောက်အရိုးတွေကို ပြုပြင်ဖို့ သတ္တုအစားထိုး ခွဲစိတ်မှုခံယူခဲ့ပေမယ့် အခုအချိန်အထိ လမ်းလျှောက်ရာမှာ ချိုင်းထောက်တွေကို အသုံးပြုနေရဆဲလို့ စစ်ကောင်စီကတန်ပြန် အရေးယူမှာ စိုးရိမ်လို့ အမည်မဖော်လိုတဲ့ မိသားစုဝင် တဦးက ပြောပါတယ်။

“အခုလို အရေးယူတာက စစ်ကောင်စီရဲ့ သတင်းသမားတွေအပေါ် ထားရှိတဲ့ သဘောထားနဲ့ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား ပြလိုက်တာဖြစ်ပြီး သတင်းလွတ်လပ်ခွင့်တွေ အလှမ်းဝေးနေတယ်” လို့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေအောက်ကနေ လှုပ်ရှားနေရတဲ့ Myanmar Pressphoto Agency တည်ထောင်သူနှင့် အယ်ဒီတာချုပ် ကိုဂျေပိုင်က မှတ်ချက်ပြုပါတယ်။

ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေ အများဆုံး အဖမ်းခံနေရတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပြီး သတင်းလွတ်လပ်ခွင့်အဆင့်က နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ မှာ ရပ်တည်နေပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကတည်းက မီဒီယာလုပ်ငန်းလိုင်စင် ၁၃ ခုထက်မနည်း ရုပ်သိမ်းခံခဲ့ရပြီး သတင်းထောက် ၁၅၆ ဦး ဝန်းကျင်ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိ သတင်းထောက် ၅၀ ထက်မနည်းတို့လည်း ထောင်ထဲမှာ ဆက်လက်ထိ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ ဒီထဲက အကျဉ်းသား ၃၁ ဦး ကို ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင်အနည်းဆုံးသတင်းထောက် (၄) ဦး သေဆုံးခဲ့ရပြီးအခြား သတင်းသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားတုန်းမှာ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်အများစုကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရနဲ့ စစ်တပ်ကို မုန်းတီးစေတဲ့ သတင်းမှားများ ပျံ့နှံ့စေတဲ့လှုံ့ဆော်မှုနဲ့ စွဲချက်တင်ခံရသလို တချို့ကိုလည်း ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG