သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားလင်းကြီးတိုက်ပွဲကြောင့် ကျေးရွာ (၁၀) ရွာ ဒေသခံများတိမ်းရှောင်


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရစဉ် (ဇွန်၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရစဉ် (ဇွန်၊ ၂၀၂၃)

ဆားလင်းကြီးမြို့ပေါ်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်း ၁၇ စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ဆားလင်းကြီးမြို့နယ်ထဲ ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့နောက် အဲဒီနေရာကို စစ်တပ်ဘက်က လေကြောင်းနဲ့နှစ်ကြိမ် ပစ်ခတ်ခဲ့ပါတယ်။ ဆားလင်းကြီးနဲ့ ယင်းမာပင် မြို့နယ်တွေထဲ ကျေးရွာ ၁၀ ရွာမှာ နေထိုင်တဲ့ ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေရတာပါ။ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲအခြေအနေသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အင်အား ၃၀၀ နီးပါး ပါဝင်တဲ့ စစ်ကောင်စီ ယာဉ်တန်း ၁၇ စီးကို ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့အစပ်က မတောင့်တနဲ့ ဘိုက်သရက်ကျေးရွာတွေအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာကြောင့် ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီကျော်လောက်မှာ တကြိမ်၊ နေ့လည် ၃ နာရီကျော်လောက်မှာ တကြိမ်၊ စစ်တပ်က ရဟတ်ယာဉ်နဲ့ ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ယမားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“မနက်ကတုန်းက ၁၀ နာရီ ပတ်ချာလည်လောက်ပေါ့နော်။ ဆားလင်းကြီးနဲ့ ယင်းမာပင်အစပ်က မတောင်းတရွာနားလေးမှာပေါ့နော်။ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ခဲ့တာရှိတယ်။ အဲ့နောက်ပိုင်းမှာ ရန်သူ့ စစ်ကောင်စီဘက်က အင်အား ၃၀၀ လောက်တော့ ရှိမှာပေါ့နော်။ ကားတန်းကတော့ စစ်ကောင်စီရဲ့ယာဉ်တန်းပေါ့။ ကား ၁၇ စီးကို ဘတ်ဟိုးကားတွေပါတယ်။ သံပြားတွေ ကာထားတဲ့ သံချပ်ကာ ကားတွေပါတယ်။ အဲ့မှာ ၂ ဖက် ထိတွေ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ရန်သူ့ စစ်ကောင်စီက MI35 ပေါ့နော် လာရောက် ပစ်ခတ်တာရှိတယ်။”

နေ့လည် ၃ နာရီကျော်လည်း နောက်တကြိမ် တိုက်ပွဲဖြစ်လို့ စစ်တပ်ဘက်က မတောင်းတနဲ့ဘိုက်သရက်ကျေးရွာအနီးကို နောက်ထပ်တကြိမ် ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၂ သောင်းနီးပါးဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆားလင်းကြီး ဒေသခံတဦးက
ပြောပါတယ်။

“စုစုပေါင်းက မနက်ခင်းက သိပ်မပစ်သွားဘူး။ နောက်ဆုံး အခေါက်က (နေ့လည်) က တော်တော် ပစ်သွားတယ်။ ညနေပိုင်း ၃ နာရီသာသာ ၄ နာရီ ဝန်းကျင်လောက် အဲ့ဘိုက်သရက်ရွာထဲကို ပစ်သွားတာ။ ကျေးရွာစုစုပေါင်းက ကျနော် ပြောပြမယ်။ ပျော်ဘွယ် ၊ ကုန်းပိုင်း ၊ မြင်သာကုန်း ရုံးပင်ရိုး ၊ ဆင်ဖြူခြေ ၊ အောင်ချမ်းသာ ၊ ရွာသစ်ကုန်း ၊ သမ္မတော် ၊ ရွှေသမင် ၊ ဘိုက်သရက် ၁၀ ရွာလောက် ပြေးရတယ်။ ဆားလင်းကြီးထဲမှာ အဲ့ ၁၀ ရွာပြေးရတာဆိုတော့ ၁ သောင်းခွဲ ၂ သောင်း ဝန်းကျင်လောက်ရှိတယ်။”

တိုက်ပွဲတွေဖြစ်ပွားမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ကာကွယ်ရေး အဖွဲ့တွေကတော့ ဒေသတွင်းမှာ မြေပြင်အခြေအနေ ရှုပ်ထွေးနေသလို စစ်ရေးအခြေအနေကလည်း တင်းမာနေပြီး ထိခိုက်ကျဆုံးမှု အခြေအနေလည်း မသိရသေးဘူးလို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အင်အား ၃၀၀ နီးပါး ပါဝင်တဲ့ စစ်တပ်ယာဉ်တန်း ၁၇ စီးဟာ လည်ငေါက်ကျေးရွာမှာ တပ်စွဲထားပါတယ်။ အဲ့ဒီကတဆင့် ပုလဲမြို့နယ်ကို ဖြတ်ပြီး မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ကို နယ်မြေရှင်းလင်းဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

စစ်တပ်က နယ်မြေရှင်းလင်းရေး ပြင်နေတဲ့အတွက် ပုလဲမြို့နယ်ထဲက ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG