သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နယ်မြေရှင်းလင်းနေတဲ့ ဆားလင်းကြီးမှာ ဒေသခံတချို့ အသတ်ခံရ


စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ စစ်ဘေးရှောင်နေကြရ
စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ စစ်ဘေးရှောင်နေကြရ

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေသခံတချို့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြရတာပါ။ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်ဖြူထွေး ပြောပြပေးပါမယ်။

မုံရွာမြို့ကနေ ဆားလင်းကြီးဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ညောင်ပင်ကြီး ကျေးရွာက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ပြီး အဲ့ဒီကနေမှ တဆင့် ဆားလင်းကြီးမြို့ပေါ်ကို ဦးတည်ပြီးတော့ လမ်းတလျှောက်က ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတာပါ။

နယ်မြေရှင်းလင်းရာ လမ်းတလျှောက်မှာ ဒေသခံ ၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဆားလင်းကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“မနေ့က မနက်အစောကြီး ညောင်ပင်ကြီးဘက်မှာ ပတ်မွှေနေတာခင်ဗျ။ မွှေပြီး ဆားလင်းကြီးဘက်ကို ဦးတည်လာတာပေါ့။ ရွှေလှေ(ရွာ) ရဲ့ တောင်ဘက်မှာ မြိုင်ဘက်က ကားသက်တမ်းတိုးလာတဲ့ ပြည်သူလူထုကို စစ်ကောင်စီက သေနတ်နဲ့ ပစ်သွားတယ်ပေါ့။ တယောက်သေသွားတယ်ခင်ဗျ။ မကျည်းတန်း(ရွာ) ရဲ့ အရှေ့ဘက်ကမှာ ၃ ယောက် သတ်ထားခဲ့တယ်။ ဒီနေ့ မနက်ခင်းကြတော့လည်း ၂ယောက်တွေ့ခဲ့တယ်။ အားလုံး စုစုပေါင်း ၆ ယောက်ခင်ဗျ။”

ကားသက်တမ်းတိုးလာသူကလွဲပြီး ကျန် အသတ်ခံရတဲ့ ၅ ဦးဟာ မုံရွာမြို့ကနေ ဖမ်းဆီးခေါ်ဆောင်လာသူတွေ ဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကိုတော့ ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသလို၊ ဆားလင်းကြီး ဒေသက နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း လတ်တလော မတွေ့ရပါဘူး။

စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့ ဆားလင်းကြီး မြို့နယ်မှာ ဒေသခံအများအပြားဟာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

“မနေ့က ဆားလင်းကြီးဘက်ကို စစ်ကြောင်းဝင်လာတဲ့အခါ မနေ့က နေ့ရယ် မနေ့က ညရယ် ရွာကို မကပ်နိုင်ဘူးခင်ဗျ။ ကျွန်တော်တို့ ပြေးနေတာပေါ့။ စစ်ကြောင်းလမ်းကြောင်းကျတဲ့ နီးတဲ့ရွာတွေကတော့ အကုန်ရှောင်ကြ တိမ်းကြရတာပေါ့။ အခုချိန်မှာ စားဝတ်နေရေးထက် အသက်ဘေးကကို လွတ်အောင် ကျွန်တော်တို့ အမြဲနားစွင့်နေရပြီး ကျီးလန့်စာစားပြီး စစ်ကြောင်းရှိတယ်ဆိုရင် သူတို့နဲ့ဝေးရာကို ရှောင်တိမ်းနေရတာပေါ့။”

လက်ရှိ စစ်တပ်ဟာ ဆားလင်းကြီး မြို့ပေါ်က နေရာ ၃ ခုမှာ ဖြန့်ကျက်တပ်စွဲနေပြီး မြို့အနီးနားက ကျေးရွာတွေဟာ တိမ်းရှောင်နေရသလို စစ်ကြောင်းနဲ့ဝေးတဲ့ရွာတွေက ဒေသခံအချို့ဟာ ကျေးရွာက နေအိမ်တွေဆီကို ပြန်လာနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG