သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် စစ်ကိုင်းဒေသခံတွေရဲ့ မိသားစုဝင်တချို့ကို စစ်ကောင်စီ ဖမ်းဆီး၊ စစ်ဆေးနေ


စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်း

နိုင်ငံရေးလှုပ်ရှားမှု ရှိနေတယ်လို့ စစ်ကောင်စီဘက်က ယူဆထားတဲ့ ပြည်ပရောက် စစ်ကိုင်းတိုင်းဒေသခံတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်နေကြောင်း အလုပ်သမားရေးရာ အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒါတင်မကဘဲ နိုင်ငံရေးနဲ့ ငြိစွန်းမှုရှိတယ်လို့ သံသယရှိခံရတဲ့ မြန်မာနိုင်ငံသားတချို့ဟာ ထိုင်းနဲ့ မလေးရှားမှာ အလုပ်ရဖို့အထိ အခက်အခဲ ကြုံလာရတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးထားပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကိုရောက်နေပြီး နိုင်ငံရေးလှုပ်ရှားမှုကြောင့် အာရုံစိုက်ခံရသူတွေ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း မှတ်ပုံတင်နံပတ် ၅/ ကိုင်ဆောင်ထားသူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖိနှိပ်မှုတွေ လုပ်လာနေပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကိုင်းတိုင်းက မိသားစုဝင်တွေ ဖမ်းဆီးခံရတာမျိုးတွေ ကြုံနေရကြောင်း မလေးရှား မြန်မာရွှေ့ပြောင်းလုပ်သားများ ကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ပြောပါတယ်။ အထူးသဖြင့် မလေးရှား မြန်မာသံရုံးမှာ ပတ်စ်ပို့တ် သက်တမ်းလာတိုးတဲ့ စစ်ကိုင်းဒေသခံတွေကို လနဲ့ချီဆိုင်းငံ့ထားပြီး အဲဒီကာလမှာ ပြည်တွင်းက မိသားစုတွေကို စစ်ကောင်စီက မေးမြန်းစစ်ဆေးနေတာပါ။

"ဒီမှာ ပတ်စ်ပို့တ် သက်တမ်းတိုးထားပြီး Appointment ရထားတဲ့ ကလေးရဲ့ မိသားစုတွေကို အနောက်ကနေ သူတို့ဝင်ရောက်ပြီး ဒီကလေးက မလေးရှားမှာ အလုပ်လုပ်နေတာ ဟုတ်ပါသလား၊ သူ့ကို ဖုန်းခေါ်ပေးပါ၊ ဗွီဒီယိုကောလေး ခေါ်ပေးပါ၊ မျက်နှာကြည့်ပြီး စစ်ဆေးချင်လို့ပါ၊ ဒီလူဟုတ်တယ်၊ မဟုတ်ဘူး ဆိုပြီး။ ပြီးတော့ အကောင့်တွေ ယူသွားကြတယ်။ တရက်နှစ်ရက်လောက် စစ်ပြီးတဲ့အခါကြတော့မှ ဘယ်အချက်က ဘာနဲ့ငြိတယ်ဆိုပြီးမှ တဦးကတော့ အဖေကို ဖမ်းသွားတယ်ပေါ့။ နောက်ထပ်တဦးကတော့ တွေ့တဲ့ ဆွေမျိုးသားချင်းပေါ့။ ညီမတို့ အစ်ကိုတို့ အဲလိုမျိုးတွေ ဖမ်းသွားတယ်။"

ဒီလို စစ်ဆေးမေးမြန်းခံရတဲ့ မိသားစုတွေ အများအပြားရှိနေကြောင်း သူကပြောပါတယ်။

ထိုင်းနိုင်ငံမှာလည်း သိသိသာသာရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ နေအိမ်က မိသားစုဝင်တွေကို စစ်ကောင်စီဘက်က ဆက်သွယ်၊ မေမြန်းတာတွေ ရှိနေတာပါ။ တချို့ကတော့ နေရပ်ကို ခေတ္တပြန်တဲ့အချိန်မှာ ဖမ်းဆီးခံကြရပါတယ်။ ထိုင်းနိုင်ငံ ရခိုင်အလုပ်သမားများအဖွဲ့ AWO ရဲ့တာဝန်ခံ ဦးနိုင်အောင်အောင်က ဗွီအိုအေကို ပြောပါတယ်။

"နေအိမ်က မိသားစုတွေကိုလည်း ဆက်သွယ်ကြည့်၊ မေးကြည့်ပေါ့ အဲလိုပုံစံမျိုးတွေလုပ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ တချို့က အဲဒီ အချက်အလက်တွေ ရတဲ့အခါကြတော့ ပြဿနာတွေ ဖြစ်တာပေါ့။ တဘက်မှာတော့ ပြည်တော်ပြန်တဲ့အခါ နည်းနည်းကြုံရတာ ဖုန်းတွေကို စစ်ဆေးတာတို့၊ ဖုန်းထဲတွေ့ရင် ဖမ်းဆီးလိုက်တာမျိုး၊ ထိုင်းနိုင်ငံကနေ ကိုယ့်နိုင်ငံ ပြန်တဲ့အခါမှာ ဒါတွေကို တော်တော်များများ ကြုံရတယ်။ ဒီဇာတ်လမ်းတွေကို အလုပ်သမားတွေကြားထဲက တော်တော်သိရတယ်ပေါ့။"

ထိုင်းနိုင်ငံမှာတော့ အခုနောက်ပိုင်းမှာ မြန်မာလူမျိုး အမျိုးသားတွေကို အလုပ်ရှင်က အလုပ်မခန့်ဘဲ ရှောင်ကျဉ်လာတာ တွေ့ရကြောင်း အလုပ်သမားအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေဟာ ပတ်ပို့စ်သက်တမ်းတိုးတာမှာ အခက်အခဲတွေ အမြဲကြုံနေရတာကြောင့် ထိုင်းအလုပ်ရှင်တွေကလည်း အလုပ်မခန့်ချင်ကြတာပါ။

နိုင်ငံရေး ပတ်သက်မှုရှိတယ်လို့ ယူဆရင် မြန်မာသံရုံးက ပတ်စ်ပို့တ် လုံးဝထုတ်မပေးတော့တဲ့ အခြေအနေမျိုးလည်း အခုတွေ့ကြုံနေရကြောင်း ထိုင်းက မြန်မာ အလုပ်သမားအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ မလေးရှားမှာတော့ မြန်မာသံရုံးရဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်တွင်းက လာသူတွေကို အကာအကွယ်ပေးဖို့ အရပ်ဖက်အဖွဲ့တချို့က အစီအစဉ်တွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG