သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောင်မြို့နယ်ထဲ တိုက်ပွဲဆက်ဖြစ်


ယခင်မှတ်တမ်းရုပ်ပုံ | မြောင်မြို့နယ်အတွင်းတွေ့ရတဲ့ စစ်ကားတစီး
ယခင်မှတ်တမ်းရုပ်ပုံ | မြောင်မြို့နယ်အတွင်းတွေ့ရတဲ့ စစ်ကားတစီး

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ကြောင်းသွားရာတလျှောက် ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ လောလောဆယ် စစ်တပ်က လက်ယက်မကျေးရွာမှာ တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာသွားနေကြရပါတယ်။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပါမယ်။

မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်တပ်ဟာ မတ်လ ၂၄ ရက် ဒီကနေ့ မနက်ပိုင်းက လက်ယက်မ ကျေးရွာကို ထွက်ခွါလာချိန်မှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ Myaung Revolution Army က တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“မြောင်မြို့နယ် အနောက်ဖက် လက်ယက်မရွာရဲ့ အနောက်ဖက်နဲ့ အောင်ချမ်းသာရွာရဲ့ မြောက်ဖက်မှာခင်ဗျ။ လက်နက်ကြီးနဲ့ပစ်မယ်ဆိုပြီး ကားမောင်းသွားတာ ကားကနစ်သွားတာပေါ့နော်။ သဲနစ်သွားတာပေါ့။ လူအင်အားလည်း မမျှဘူး လက်နက်အင်အားလည်း မမျှတဲ့အတွက်ကြောင့် နောက်ပြန်ဆုတ်တဲ့အချိန်မှာ ပိတ်မိသလိုဖြစ်သွားပြီး ကျွန်တော်တို့ဘက်က အကာကွယ်သိပ်မရှိတဲ့အချိန်မှာ သူတို့က တရစပ်ပစ်ခတ်လာာတဲ့ အချိန် ကျွန်တော်တို့ရဲဘော်တွေ နောက်ပြန်ဆုတ်တာ။ ရဲဘော် ၄ ဦး ကျွန်တော်တို့ ရင်းထဲက မြောင်မြို့နယ် ပကဖ ထုတ်လုပ်ရေးတာဝန်ခံ တယောက်ရယ် ကျသွားတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ တယောက်က လည်ပင်းဒဏ်ရာ ထိမှန်ပြီးတော့ တယောက်က ကျောမှာထိတယ်။ ဒီကောင်တွေက လူမဆန်စွာ သတ်ဖြတ်သွားတာ ကိုယ်လက်အင်္ဂါတွေဖြတ်တောက်ပြီး အင်္ဂါတွေကော ဖြတ်သွားတာ။”

စစ်တပ် စစ်ကြောင်းဟာ စစ်ကိုင်း မြင်းမူ ရေစကြို မြောင်နယ်တွေကို လည့်ပတ်သွားလာပြီး နယ်မြေရှင်းလင်းနေတာပါ။ စစ်ကိုင်းမြို့ တာတိုင်ကျေးရွာမှာ ဆိုရင်လည်း စစ်တပ်ဝင်ရောက်ခဲ့ပြီးနောက်မှာ ရွာသား ၁၇ ယောက် သတ်ဖြတ်ခံထားရတာတွေ့ရတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောထားပါတယ်။

မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အတွင်းမှာလည်း မြောင်မြို့နယ်ထဲက ဇရပ်ကုန်းကျေးရွာအပါအဝင် စစ်တပ်စစ်ကြောင်းဖြတ်သွားတဲ့ နေရာတွေဘက်မှာ တိုက်ပွဲတွေရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ စစ်တပ်ဟာ လက်ယက်မကျေးရွာထဲမှာ တပ်စွဲနေပါတယ်။ ဒါကြောင့် အဲဒီဒေသတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာ ပုန်းခိုနေကြရပါတယ်။ ဇရပ်ကုန်းကနေ လက်ယက်မကို စစ်တပ်စစ်ကြောင်း သွားရာလမ်းတလျှောက်မှာ အရပ်သားတချို့ ဖမ်းဆီးခံရတာရှိတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“လက်ယက်မရွာထဲကိုဝင်လာတာ ၉ နာရီခွဲ ၁၀ နာရီလောက်ရှိမှာ ရွာသားတွေ ပြည်သူတွေ အကုန်လုံး ပြေးရတာာခင်ဗျ။ လောလောဆယ် လက်ယက်မရွာ ၁ ရွာကတော့ စစ်ဘေးရှောင်ပြေးနေရတာ။ ၃ ထောင်ကျော်လောက်ရှိမယ်။ လမ်းမှာတွေ့တဲ့ ပြည်သူတွေလည်း သူတို့ ဖမ်းဆီးလာကြတယ်။ ဇရပ်ကုန်းနဲ့ လက်ယက်မ နယ်ခြားမှာရှိတဲ့ တောထဲကပြည်သူတွေခင်ဗျ။ ပါလာတာ သူတို့နဲ့ဖမ်းဆီးတဲ့ထဲမှာ ပါလာတာ။ ကျွန်တော်တို့ ကြားသိရသလောက်က ၁၀ ယောက်ကျော်လောက်ရှိမှာ”

လက်ရှိအချိန်ထိ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာမရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့နယ်ထဲမှာဆိုရင်လည်း ပျူစောထီးရွာလို့ သိကြတဲ့ အောင်သာယာကျေးရွာကို ဒေသခံပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗေဒါကြီးကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောထားပါတယ်။ လက်နက်ကိုင်ခုခံမှုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာ စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှု ပိုများလာနေသလို အရပ်သားတွေ သတ်ဖြတ်ခံရမှု ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေလည်း နေ့စဉ်လို့ ရှိနေပါတယ်။

မြောင်မြို့နယ်ထဲ တိုက်ပွဲဆက်ဖြစ်
please wait

No media source currently available

0:00 0:03:30 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG