သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခင်ဦးမှာ ပျူစောထီးလက်ချက်ကြောင့် ဒေသခံတဦး သေဆုံး


စစ်ဘေးတိမ်းရှောင်နေရတဲ့ ခင်ဦးမြို့နယ်ထဲက ဒေသခံများ (ဓါတ်ပုံ - CJ)
စစ်ဘေးတိမ်းရှောင်နေရတဲ့ ခင်ဦးမြို့နယ်ထဲက ဒေသခံများ (ဓါတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာကို စစ်တပ်အားပေးထောက်ခံတဲ့ ပျူစောထီးတွေ ဝင်ရောက်ကာ ပစ္စည်းတွေယူဆောင်သွားပြီး ကျေးရွာသားတဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်မြို့နယ်မှာဆိုရင်လည်း စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းထဲက ဒုက္ခသည်တွေနဲ့ စစ်ရေးအခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာကို မတ်လ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းက ရွာသစ်ကုန်းကျေးရွာက စစ်တပ်အားပေးထောက်ခံတဲ့ ပျူစောထီးတွေဝင်ရောက်လာပြီး ကျေးရွာထဲက အစားအသောက် အသုံးအဆောင်တွေကို ယူဆောင်သွားတာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မြကန်ကျေးရွာကို အခုလို ဝင်ရောက်ယူဆောင်တာ ၁၀ ကြိမ်ထက်မနည်းရှိပြီး ဒီတခါမှာတော့ တိမ်းရှောင်ဖို့ ပြင်ဆင်နေတဲ့ မြကန်ကျေးရွာသားတဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

“ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီးတော့ ရိက္ခာမရှိလို့၊ စားစရာမရှိလို့၊ ငတ်နေလို့မို့လို့၊ မြကန်ရွာကို လာပြီး စီးပြီး လုကြတာ။ လက်နက်ကြီးတွေနဲ့ အရှေ့ဘက်ကနေလည်း လှမ်းထု၊ အနောက်ဖက်ကနေလည်း လှမ်းထုဆိုတော့ အကုန်လုံး ပြေးကြတာပေါ့။ အင်းပတ်တို့ ချမ်းသာကုန်းတို့ အကုန်လုံး ထွက်ပြေးကြတာ။ အဲ့နားရှိတဲ့ရွာတွေအကုန်လုံး ကုန်းသာတို့။ အသက် ၆၅ နှစ်အရွယ် ဦးညိုတင့်တဲ့၊ အဖိုးကြီးတဦးက အထုပ်လေး ၂ ထုပ်ဆိုင်ကယ်ပေါ် တင်တုပ်ပြီးတော့ ပြေးမလို့အကြံ ဆိုင်ကယ်လေးခွကာရှိသေး အဲ့လူကြီးကို ထုသတ်ထားခဲ့တာ။ ခေါင်းဖြူကြီးနဲ့ ဒါပဲသူတို့က ထုံးစံလိုဖြစ်နေတာ။ ငတ်တဲ့အချိန်ထွက်ယူလိုက် ပြန်သွားလိုက်။ မြကန်ရွာထဲကို ဒီလိုခဏခဏ ဝင်ဝင်ပြီး လုလုပြီး ယူကြတာက ၁၀ ကြိမ်ထက်မနည်းတော့ဘူး မြကန်ရွာထဲကိုဝင်တာက။”

မြကန်ရွာနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ရွာသစ်ကုန်းကျေးရွာဟာ ၁မိုင်ခွဲ ၂ မိုင် နီးပါးသာ ကွာဝေးတဲ့အတွက် မကြာခဏဆိုသလို ဝင်ရောက်ပြီး ပစ္စည်းတွေ ယူဆောင်ခံနေရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချမ်းသာကုန်းကျေးရွာက ပစ္စည်းတွေကို ရွာသစ်ကုန်းကျေးရွာက ပျူစောထီးတွေက ဝင်ရောက်ယူ ဆောင်သွားပါသေးတယ်။

ခင်ဦးနယ်ထဲမှာ စစ်တပ် အားပေးထောက်ခံတဲ့ ပျူစောထီးကျေးရွာ ၄ ရွာရှိပြီး ရွာသစ်ကုန်း၊ မကျည်းတုံ၊ မဒေါင်းလှ၊ ပျဉ်ထောင်ကျေးရွာတို့ဖြစ်ပြီး အနီးနားက ကျေးရွာတွေက ပစ္စည်းတွေကို မကြာခဏ လာရောက် ယူဆောင်တဲ့အတွက် အချို့ရွာတွေဟာ သူတို့ကျေးရွာတွေကို စွန့်ခွါပြီး အခြား ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်ရတာတွေလည်း ရှိပါတယ်။

မြောင်မြို့နယ်ထဲမှာဆိုရင်လည်း နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“မနက်က မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတာခင်ဗျ။ အင်အား ၁၀၀ လောက်ရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီးတော့ မိုင်း ၂ ပွိုင့်ဆွဲလိုက်တယ်။ သူတို့ တုံးလုံးပက်လက် လဲသွားတယ်။ ခပ်လှမ်းလှမ်းမှာကျတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တာတွေရှိတယ်။ မိနစ် ၃၀ လောက်တော့ ကြာတယ်။”

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာဆိုရင်လည်း မတ်လ ၂၂ ရက်က ပေါက်မြို့အဝင်က အိမ်တွင်းမှုကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး စစ်တပ်ဘက်က ဒဏ်ရာရရှိခဲ့သလို သေဆုံးတာတွေ ရှိနိုင်တယ်လို့ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

မကြာခင် ပွင့်လင်းရာသီ ရောက်လာတော့မှာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဖို့ ပြင်ဆင်နေသလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အရင်နှစ်တွေကထက် စစ်ရေး တင်းမာလာနိုင်တယ်လို့ ယူဆနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG