သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်တဝိုက် တိုက်ခတ်တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ၈ဦးသေဆုံးရ


နေပြည်တော်နဲ့မြို့ရွာတချို့မှာ အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတိုက်ခတ်ခံရပုံ။ (ဧပြီလ ၂၁၊ ၂၀၂၃/ Photo@ပြည့်အောင်နိုင်/CJ)
နေပြည်တော်နဲ့မြို့ရွာတချို့မှာ အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတိုက်ခတ်ခံရပုံ။ (ဧပြီလ ၂၁၊ ၂၀၂၃/ Photo@ပြည့်အောင်နိုင်/CJ)

မြန်မာနိုင်ငံမှာ သောကြာနေ့က ရှားရှားပါးပါးတိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် သေဆုံးရသူ ၈ ဦးရှိတဲ့အပြင် အိမ်ခြေ ၂၀၀ ကျော်လည်းပျက်စီးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

နေပြည်တော်တောင်ပိုင်းမှာရှိတဲ့ အောင်မြင်ကုန်းနဲ့တံတားဦးရွာတွေကို သောကြာနေ့ညနေ ၆ နာရီကျော်မှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး တိုက်ခတ်ချိန် မိနစ် ၄၀ လောက်အတွင်းမှာ အဲဒီရွာ ၂ ရွာမှာ အိမ်ပေါင်း ၂၃၀ ကျော်ပျက်စီးခဲ့ရသလို ရွာသား ၁၃၀ လောက်ကို ဆေးရုံပို့ပေးခဲ့ရတယ်လို့ ဒို့လယ်ဝေး လူမှုကူညီရေးအသင်းခေါင်းဆောင် ကိုသက်ပိုင်စိုးရဲ့ ပြောကြားချက်ကို အေပီသတင်းမှာဖေါ်ပြထားပါတယ်။ လေပြင်းဒဏ်ကြောင့် ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ဆေးခန်းတခုလည်း ပျက်စီးခဲ့ရပါတယ်။


မြန်မာနိုင်ငံမှာ နွေနဲ့မိုးမတိုင်ခင်ကာလတွေမှာအပူရှိန်မြင့်တက်လေ့ရှိပြီး လေဆင်နှာမောင်းတိုက်ခတ်လေ့ရှိပေမယ့် အခုလောက်ပျက်စီးစေတဲ့ အင်အားကြီးတဲ့ လေပြင်းတိုက်ခတ်မှုမျိုးကတော့ ရှားတယ်လို့ မိုးလေဝဿနဲ့ဇလဗေဒဌာနအကြီးအကဲ ဦးကျော်မိုးဦးက ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ လေဆင်နှာမောင်း မကြာခဏတိုက်ခတ်လေ့ရှိပေမယ့် အခုလို အသေအပျောက်များတာမျိုး မရှိခဲ့ပါဘူး။

၂၀၀၈ ခုနှစ် မုတ်သုန်ရာသီမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကတော့ လူပေါင်း ၁ သိန်း ၄ သောင်းလောက် သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG