သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကမ်းရိုးတန်းဒေသ မုန်တိုင်း ဖြတ်သန်းတိုက်ခတ်


မှတ်တမ်း ရုပ်ပုံ- ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်း (AP Photo/Khin Maung Win)
မှတ်တမ်း ရုပ်ပုံ- ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်း (AP Photo/Khin Maung Win)
(Zawgyi / Unicode)

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနားကို မတ်လ ၂၂ ရက်နေ့က ဖြတ်သန်းတိုက်ခတ်တဲ့ အင်အားကောင်း မုန်တိုင်းငယ်ဟာ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ရခိုင်ကမ်းရိုးတမ်း တောင်ပိုင်းနားကို ရောက်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းသတိပေးထားပါတယ်။ လက်ရှိမှာတော့ မိုးအနည်းငယ် ရွာသွန်းတာလောက်သာ ရှိတယ်လို့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ ဒေသခံတွေက မတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။ မုန်တိုင်းဟာ ရခိုင်ပြည်နယ် တောင်ပိုင်းကို ဝင်ရောက်လာချိန်မှာ အားပျော့သွားမယ်လို့ မိုဇလတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

မတ်လ ၂၂ ရက် အင်္ဂါနေ့ နေ့လယ်ပိုင်းက ဧရာဝတီမြစ်ဝကျွန်းပေါ် ဘက်ကို မုန်တိုင်း ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ် အတွင်းက ဒေသတချို့ မိုးရွာပြီး လေပြင်း အနည်းငယ်တိုက်ခတ် ခဲ့ပါတယ်။ မုန်တိုင်းက မတ်လ ၂၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့ဘက်ကို ဦးတည်တိုက်ခတ်မှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက လက်ရှိမှာ အနီရောင် မုန်တိုင်း အဆင့် သတ်မှတ်ထားပါတယ်။ ရခိုင်ပြည်နယ် တောင်ပိုင်းဖက်ကို ရွေ့လျားရင်း မုန်တိုင်းငယ်ဟာ တဖြည်းဖြည်း အားပျော့ပြီး လေဖိအားနည်း ရပ်ဝန်းအဆင့်ကို ရောက်သွားမှာဖြစ်ပေမဲ့ မနက်ဖြန်အထိ ရခိုင်ပြည်နယ်တောင်ပိုင်းဖက်မှာ အကြွင်းအကျန် တိမ်တိုက်တွေ ရှိနေနိုင်သေးတယ်လို့ မိုးဇလ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေ ကို ခုလိုပြောပါတယ်။

“မနက်ဖြန် မနက်ပေါ့နော် သူက ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းကို ရောက်မှာ။ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဆိုတာ ဘယ်လောက်မှ ဝေးတာမဟုတ်ဘူး။ အခု ကျွန်တော်တို့ အခုက ဟိုင်းကြီးကျွန်းကို ၁၂ ခွဲတုန်းကတော့ ဖြတ်နေတယ်ပေါ့။ ခုလောက်ဆိုရင်တော့ လက်ရှိအနေအထားအရ တိမ်ပုံ အနေ အထားအရဆိုရင်တော့ စဖြတ်ပြီးတော့ မုန်တိုင်းက အားပျော့သွားတဲ့ အနေအထားပေါ့လေ။ မုန်တိုင်း ဆဲလ်တွေကတော့ ကွဲထွက်ကုန်ပြီပေါ့လေ။ သူက ကမ်းခြေနဲ့ ထိသွားပြီဆိုတော့ အားပျော့ပြီး တဖြည်းဖြည်းနဲ့ အားကောင်းသော မုန်တိုင်းငယ်ကနေ မုန်တိုင်းငယ်ပေါ့၊ မုန်တိုင်းငယ်ကနေ လေဖိအားနည်းရပ်ဝန်းပေါ့၊ တဖြည်းဖြည်း အနောက်ဖက်ကို သွားရင်းသွားရင်း ကနေ အားပျော့ သွားမှာပေါ့။ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းကတော့ မနက်ဖြန်လောက် အထိကတော့ ဒီမုန်တိုင်းက လေဖိအားနည်း ရပ်ဝန်း အနေနဲ့တော့ အကြွင်းအကျန်တိမ်တိုက်တွေ ရောက်လာနိုင်သေးတာပေါ့နော်။”

လက်ရှိ ရာသီဥတု အခြေအနေနဲ့ ဒေသခံတွေရဲ့ မုန်တိုင်းအတွက် ပြင်ဆင်မှုနဲ့ ပတ်သက်လို့ သံတွဲမြို့ခံတယောက်က ခုလိုပြောပြပါတယ်။

“လောလောဆယ်တော့ လေကတော့ အများကြီးတော့ မတိုက်သေးဘူး၊ နည်းနည်းပဲ တိုက်သေးတယ်။ လေမုန်တိုင်း ရှောင်တဲ့သူတွေကတော့ ဒီ သံတွဲ ငပလီဖက်မှာတော့ မရှိပါဘူး။ ကြေညာတာတော့ မရှိဘူး။ တခြား မီဒီယာတွေက တင်တာပဲ သိတယ်။ ဒီသံတွဲမှာ အဲ့လိုမျိုး ပတ်ပြီးတော့ လော်စပီကာနဲ့ အော်တာမျိုးတော့ မရှိဘူး။”

ရခိုင်တောင်ပိုင်းမှာ မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျနေတဲ့အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေလည်း မထွက်ကြဘူးလို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ပင်လယ်နားက လူတွေကတော့ ခုလောလောဆယ် ပင်လယ်ကို မဆင်းကြတော့ဘူးပေါ့နော်။ ဒီသံတွဲမှာက မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ရှိတယ်။ အဲ့ဒီက သူတို့က ပင်လယ်မှာ ရှိတဲ့ ရေလုပ်သားတွေကို တစ်ဆင့် ကြေညာတာပေါ့။ စာနဲ့ဖြစ်ဖြစ် လူကိုယ်တိုင် သွားရောက်ပြီးဖြစ်ဖြစ်။ အဲ့လိုမျိုးတော့ ကြေညာတယ်။”

မတ်လ ၂၂ ရက် ညနေ ၄ နာရီ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ အားကောင်းတဲ့ မုန်တိုင်းငယ်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနဲ့
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွ စတဲ့မြို့နယ်တွေမှာတော့ မုန်တိုင်း အသိပေးကြေညာချက်တွေကို အသံချဲ့စက်နဲ့ လိုက်လံ အသိပေးနေသလို၊ ကလေးငယ်တွေ၊ အသက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို မုန်တိုင်းဘေးလွတ်ရာ Cyclone Shelter တွေသို့ပြောင်းရွှေ့ကြဖို့လည်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)











XS
SM
MD
LG