သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်း Sitrang ကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရ


ဆိုင်ကလုန်း စီထရန်လမ်းကြောင်း။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/ ဓာတ်ပုံ-မိုး/ဇလ)
ဆိုင်ကလုန်း စီထရန်လမ်းကြောင်း။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/ ဓာတ်ပုံ-မိုး/ဇလ)

[[Zawgyi/Unicode]]

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း SITRANG ကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး ရေကြီးနေပါတယ်။ ပေါက်တောမြို့နယ်က ပင်လယ်ပြင်နဲ့ နီးစပ်တဲ့နေရာတချို့မှာ ပင်လယ်ရေဝင်ပြီး စပါးခင်းတွေ ပျက်စီးတာရှိသလို ဒေသခံတွေထောင်နဲ့ချီ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။ ပေါက်တောမြို့နယ်က မုန်တိုင်းအခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ပေါက်တောမြို့နယ်က ဆင်တက်မော် ကျေးရွာမှာဆိုရင် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတွေတိုက်နေသလို ကမ်းခြေတလျှောက် ဒီရေတက်လာတာကြောင့် ကမ်းခြေနားကနေအိမ်တွေ ပျက်စီးသွားပါတယ်။ ရွာသားတချို့ကိုလည်း ဘေးလွတ်ရာကိုပြောင်းရွှေ့ထားရတယ်လို့ ဆင်တက်မော်ဒေသခံ ကိုသန်းနိုင်ကပြောပါတယ်။

“မနက်ပိုင်း ၈ နာရီခွဲ ၉ နာရီလောက်မှာ ဒီရေက လှိုင်းလုံးကြီးတွေနဲ့အတူ ပြင်းပြင်းထန်ထန် တက်လာတယ်။ ပုံမှန်ဒီရေတက်တာနဲ့မတူဘဲ ထူးထူးခြားခြားဒီရေတက်ပြီးတော့ ကမ်းခြေတလျှောက်ကို ရေတွေတက်ပြီးတော့ ကမ်းခြေမှာ နေထိုင်သူတွေရဲ့အိမ်တွေ၊ ဆိုင်ခန်းတွေ ဘာတွေ ပျက်စီးတာရှိတယ်။ ဆိုးဆိုးရွားရွားပျက်စီးတာလည်း တအိမ်နှစ်အိမ်ရှိပါတယ်။ ရေကတော့ ၄ ပေ၊ ၅ ပေလောက်ကို ပုံမှန်တက် သွားတာကို မြင်ရပါတယ်။”

လက်ရှိမှာတော့ ဒီရေကျချိန်ဖြစ်နေတာကြောင့် ရွာထဲအထိ ရေတက်လာတာမရှိသေးပေမယ့် လေတွေ ပြင်းပြင်းထန်ထန်တိုက်နေသေးတာကြောင့် စိုးရိမ်နေကြရတယ်လို့လည်း ဆင်တက်မော်ကျေးရွာက ကိုသန်းနိုင် ကပြောပါတယ်။

“ကုန်းမြင့်မှာရှိတဲ့ အိမ်တွေကိုတော့ ရေက တက်မလာသေးဘူး။ ဒါပေမယ့် အခုက ဒီရေကျချိန်နဲ့ဆိုတော့ ညနေဘက် ဒီရေတက်ချိန်ဆိုရင် လေကလည်း မတရားတိုက်နေတော့ ညနေအတွက်တော့ ကျနော်တို့ စိုးရိမ်ရတာပေါ့နော်။”

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဲ့ရဲ့ ညနေ ၄ နာရီထုတ်ပြန်ချက်အရတော့ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမလာနိုင်တာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်တာတွေ မိုးကြီးတာတွေ မြေပြိုတာတွေနဲ့ ရေကြီးတာတွေဖြစ်လာနိုင်တာကြောင့် သတိထားနေထိုင်ကြဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေးတိုက်တွန်းထားပါတယ်။

ပေါက်တောမြို့နယ်က ပင်လယ်ပြင်နဲ့ နီးစပ်တဲ့နေရာတချို့မှာပင်လယ်ရေဝင်ပြီး စပါးခင်းတွေ ပျက်စီးတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆင်တက်မော်ကျေးရွာမှာ လေပြင်းတိုက်တာနဲ့အတူ ရေတက်လာလို့ နေအိမ်တချို့ပျက်စီးပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာဆီ ယာယီပြောင်းရွှေ့နေတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

"ဆင်တက်မော်ဘက်က မုန်တိုင်းအရှိန်နဲ့ ရေလှိုင်းက အဲဒီဘက်မှာ တော်တော်ကြီးတယ်။ ရွာကို တိုက်ရိုက် ကို ပုတ်တာဗျ။ ရွာထဲကိုလည်း ရေကတအားဝင်လာတော့ ရွာသားတွေ စိုးရိမ်ပြီးတော့ တခြားဘေးလွတ်ရာ နေရာကို ရွှေ့ကြတာပေါ့ဗျာ။"

ဘေးလွတ်ရာရွှေ့ပြောင်းတဲ့ဒေသခံတွေဟာ ကုန်းအမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့မှာ စုပြီး နေထိုင်နေတာပါ။ ပေါက်တောမြို့နယ်က ငှက်ချောင်းဒုက္ခသည်စခန်းမှာလည်း ရေကြီးတဲ့ဒဏ်ကြောင့် မြေနိမ့်ပိုင်းက ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေ ဘေးလွတ်ရာဆီ ပြောင်းရွှေ့နေတယ်လို့ ပြောပါတယ်။

"သူတို့ကလည်းပဲ မြေနိမ့်ပိုင်းဒေသတော့ ဖြစ်တာပေါ့။ ပင်လယ်နဲ့လည်း နီးတဲ့နေရာတွေဆိုတော့ ရေတက် လာတော့ ကုန်းဘက်တွေကို ရွှေ့လိုက်ပါတယ်။ အသက်အန္တရာယ်နဲ့နီးစပ်တဲ့ အနေအထားကတော့ အခုချိန်ထိ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမယ့် မုန်တိုင်းကလည်း ပြတ်တာ မဟုတ်သေးဘူးလေဗျာ။ မနက်ဖြန်တော့ ရေတက်ချိန်မှာတော့ ရေကတအား ကြီးလာနိုင်တယ်ဗျ။"

ပေါက်တောမြို့ပေါ်မှာတော့ အခုညနေပိုင်းအချိန် ရာသီဥတုတည်ငြိမ်နေပေမယ့် စပါးခင်းတွေထဲ ပင်လယ်ရေ ဝင်ရောက်တာရှိနေလို့ အားလုံးပျက်စီးမယ့်အခြေအနေရှိနေတယ်လို့ ပေါက်တောမြို့ခံတဦးက ပြောပါတယ်။

"လောလောဆယ်တော့ တည်ငြိမ်နေပါတယ်။ ဒါပေမယ့် အဓိက အရေးကြီးတာကတော့ စပါးခင်းတွေပေါ့ဗျာ။ ပင်လယ်ရေ မဝင်ရောက်အောင် တားထားတဲ့အကာတွေကို ကျော်ပြီးတော့မှ ရေကတက်တာဗျ။ စပါးခင်းတွေမှာ အကုန်လုံး ဆားငံရေတွေဝင်ပြီးတော့မှ စပါးပင်တွေ တအားပျက်စီးမယ့် အနေအထားတော့ ရှိပါတယ်။ လေတိုက်တဲ့ဒဏ်ကြောင့် စပါးအသီး သီးနေတဲ့ စပါးပင်တွေရော၊ ဖူးလာနေတဲ့ စပါးပင်တွေရော အကုန်လုံး မြေကြီးပေါ်လဲပြီးတော့မှ တောင်သူလယ်သမားတွေအတွက် ဆုံးရှုံးနစ်နာမယ့် အခြေအနေပါဗျ။"

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ သူနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း SITRANG ရဲ့ အရှိန်ကြောင့် နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အထဲ ရခိုင်ပြည်နယ်လည်းပါဝင်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအမြင့် ၁၄ ပေ ကနေ ၁၈ ပေ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

=================

[[Unicode]]















=================

XS
SM
MD
LG