သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိက္ခာသယ်ခွင့် ကန့်သတ်ချက်ကြောင့် ကလေးဒေသခံတွေ အခက်ကြုံ


ကလေးမြို့
ကလေးမြို့

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမကြီးကို စစ်ကောင်စီက ရိက္ခာ သယ်ဆောင်ခွင့် ပိတ်ပင်ထားတာကြောင့် ကလေး ဒေသတွင်း ကျေးရွာပေါင်း ၃၀ ထက်မနည်းဟာ လောင်စာဆီနဲ့ စားသုံးဆီ အပါအဝင် အခြေခံ စားသုံးကုန်တွေ ပြတ်လပ်ပြီး ဒုက္ခရောက်နေကြတယ်လို့ ရွာခံတွေနဲ့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
ဒီသတင်းအပြည့်အစုံကို မမြသဇင်အောင် က ပြောပြသွားမှာပါ။

ကလေးမြို့အထွက် ကလေး-ဂန်ဂေါလမ်းမကြီးပေါ်မှာ စစ်ကောင်စီက ဂိတ်စခန်း ၃ ခုထက်မနည်း ဖွင့်ထားပြီး တားဆီး စစ်ဆေးနေသလို စားနပ်ရိက္ခာမှန်သမျှ သယ်ယူခွင့် မပေးပဲ ပိတ်ထားတာ ဖြစ်ပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းကို ယခုသြဂုတ်လဆန်းပိုင်းကတည်းက စစ်ကောင်စီက ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် ကလေးမြို့က စားသုံးကုန်နဲ့ လောင်စာဆီကို အားထားနေရတဲ့ ဝန်းကျင် ကျေးရွာတွေမှာရှိတဲ့ စစ်ဘေးသင့်ဒေသခံတွေ ဒုက္ခရောက်နေကြတယ်လို့ ရွာခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“မြို့ထဲကို သွားရင် ဘာမှ စားနပ်ရိက္ခာ သယ်လို့မရဘူးဗျ။ အပ်တို တစ်ချောင်းတောင် သယ်လို့မရဘူး အဲ့လိုတွေပါ။ အစစ်အဆေး ပေါလွန်းတယ် ဒီကို။ ဒီဘက်မှာက ပစ္စည်းတွေက ဝယ်လို့ မရဘူးဗျ၊ ပျက်သွားပြီးဗျ။ လူပဲ သွားလို့ရတယ်၊ အဲ့လိုတွေ။ မြို့ထဲကနေ ဈေးဝယ်ပြီးမှ ဒီဘက်ကို ပြန်လာလို့မရဘူး၊ ဘာမှပြန်သယ်လို့ မရဘူး။”

ကလေးမြို့ကို မှီခိုနေရတဲ့အနီးက နတ်ချောင်းရွာ ရွာခံ တဦးကလည်း ဆား၊ ငပိ ကအစ မြို့ပေါ်ကနေ သယ်ဆောင်လို့မရတဲ့ အတွက် ကျေးရွာတွေမှာ အခြေခံလိုအပ်တဲ့ စားသုံးကုန်တွေ ပြတ်လပ်နေပြီလို့ ဆိုပါတယ်။

“ဆီ၊ ဆား၊ ငပိတွေ ဝယ်လို့မရတာ ဖြစ်နေတယ်။ ဘာမှသယ်လို့မရတော့ ငပိတွေ ဟင်းချိုမှုန့်တွေ အဲ့မျိုးတွေ ခက်နေတာ၊ ဆားတွေ သွင်းတွေမရလို့။”

ကလေး-ဂန့်ဂေါ မိန်းလမ်းမကြီးကို တိမ်းရှောင်ပြီး ဒေသအခေါ် တခြား ရှောင်ကွင်းလမ်းမှာလည်း စစ်တပ်က ကင်းပုန်းဝပ်နေတာကြောင့် လမ်းကြောင်းမှန်သမျှ အကုန်လုံး ပိတ်ဆို့သွားပြီးလို့ စစ်ရှောင်အရေး ကူညီနေသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ရိက္ခာဖြတ်တာက အခုက နှစ်ပတ်လောက်တော့ ရှိသွားပြီ။ မြို့ကနေ အထုတ်မခံတာပေါ့နော်။ မြို့အပြင်ပေါ့နော်။ မြို့နဲ့ ရွာတွေ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတလျှောက်မှာ ဘာမှသယ်ခွင့်မရှိတာ၊ ချိုချဉ်တစ်လုံးတောင် ယူမလာခဲ့နဲ့ဆိုတာမျိုးပေါ့။ ကျန်းမာရေးကိစ္စက လွဲလို့ ကျန်တာ ခွင့်မပြုဘူး။ ကျနော်တို့ တခြားမိန်းလမ်း ဂိတ်ကြီးကနေ ရှောင်ကွင်း ပီးတော့ သယ်တဲ့ ရိက္ခာသယ်လမ်း တလျှောက်ကိုလည်း သူတို့က ကင်းပုန်းတွေ ဝပ်ပြီးတော့ တပ်ချထားလိုက်တယ်။”

ဒေသခံတွေ တကယ်လိုအပ်တဲ့ စားသုံးကုန်တွေ လောင်စာဆီတွေ သယ်ဆောင်ခွင့်မရှိတဲ့ အတွက် ပစ္စည်းတွေ ဈေးအဆမတန် ကြီးမားနေပြီး လိုချင်သလောက်လည်း ဝယ်လို့မရဘဲ ဖြစ်နေကြတာပါ။ ကလေးမြို့နယ်တောင်ပိုင်းမှာ ဒီလိုလမ်းပိတ်ထားတဲ့ အတွက် ဒုက္ခရောက်နေကြတဲ့ စစ်ဘေးသင့် ကျေးရွာပေါင်း က ၃၀ ထက်မနည်း ရှိနေတယ်လို့လည်း ပြောပါတယ်။

“(လူဦးရေ)စာရင်းအတိအကျတော့ ကျနော်မမှန်းတတ်ဘူး၊ ကျေးရွာက တောင်ပိုင်းကဟာ ရွာပေါင်း ၃၀ လောက်ရှိမလား မသိဘူး၊ လူဦးရေကလည်း သိန်းချီရှိမယ်ထင်တယ်။”

ရိက္ခာဖြတ်တောက်တာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ တိုင်းရင်းသား ရေးရာ ဝန်ကြီးကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။ စစ်ရှောင်အရေး အကူညီပေးနေသူကတော့ အခုလို လမ်းကြောင်းပိတ်ပင်တာမျိုးကို စစ်တပ်နဲ့ ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေကြား အပြန်အလှန် လုပ်လေ့ရှိတာ တွေ့ရတယ်လို့ ပြောပါတယ်။

“ကလေး ဂန်ဂေါ်လမ်းကြီးကလေ တောင်ပိုင်းကို ဆက်သွားမယ်ဆိုရင် (စစ်တပ်က) သူတို့က စိုးမိုး နယ်မြေရှိသလို တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့ နယ်ရှိတယ်ပေါ့နော်။ ကျနော်တို့ ဂန်ဂေါ်နဲ့ ကလေးမြို့နယ်နဲ့ နီးတဲ့ ရွာတချို့ သူတို့စိုးမိုးတဲ့နယ်ဆို ကျနော်တို့ ဒေသအခေါ်တော့ ပျူရွာလို့ ခေါ်တာပေါ့၊ ကြံသာတို့ ကျောက်ပြုတ်တို့ပေါ့နော်၊ အဲ့ဒီဂိတ်တွေဆီကို သွားဖို့ဆိုရင် တော်လှန်ရေး သမားတွေ စိုးမိုးထားတဲ့နယ်တွေကို ဖြတ်ပြီးသွားရတာ။ အဲ့ဒီတော်လှန်းရေးသမားတွေ စိုးမိုးတဲ့နယ်မှာ (ပျူစောထီး) သူတို့ရွာကို လာတဲ့ကားတွေလေ ကျနော်တို့ တော်လှန်ရေးအဖွဲ့ အင်အားစုတွေက လိုအပ်သလို စစ်ဆေးတယ်၊ ပိတ်တယ်ပေါ့နော်၊ ရိက္ခာဖြတ်တယ်။ ဖြတ်ထားတာ ကြာပါပြီး အဲ့ကြောင့် သူတို့ရွာတွေဘက်မှာ သူတို့တွေက ငတ်သလောက်ဖြစ်နေပြီး။ ဒီတော်လှန်းရေး အင်အားစုတွေအနေနဲ့ ဒီပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို ဖွင့်ပေးပါပေါ့။ အဲ့ဒါကို မဖွင့်ပေးရင် နင်တို့ရွာတွေလည်း ငါတို့ပိတ်မယ်ဆိုတာမျိုး ပြောတယ်လို့ ကြားတယ်ပေါ့နော်။”

ကလေးမြို့ဟာ အိန္ဒိယနဲ့ မြန်မာပြည်မကို ချိတ်ဆက်ထားတဲ့ အဓိက ကုန်စည်စီးဆင်းတဲ့ မြို့ဖြစ်ပြီး အဓိက မုံရွာကနေ ကလေးကို ပို့ဖို့ ကလေး- ဂန့်ဂေါ လမ်းမကြီးကို အသုံးပြုရတာဖြစ်ပါတယ်။ အခု ဒီလမ်းမကြီးရဲ့ အဝင်အထွက် လမ်းကြောင်းတွေကို ပိတ်ထားတာကြောင့် အပြင်က ပစ္စည်းတွေ အထဲ သယ်ဆောင်ခွင့် မရသလို ဒေသတွင်း စိုက်ပျိုးထွက်ကုန် တွေလည်း တင်ပို့လို့ မရပဲ ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG