သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် ဒီပဲယင်းမှာ ဒေသခံထောင်ချီတိမ်းရှောင်


ဒီပဲယင်း မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ)
ဒီပဲယင်း မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး နေအိမ်မီးအရှို့ခံရတာ၊ မိုင်းထိသေဆုံးတာတွေ နဲ့ အတူ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၇ ထောင်လောက် လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြရပါတယ်။ မိုးထဲလေထဲ တိမ်းရှောင်ကြရတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အခက်ကြုံနေရတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၂၁ ရက်မှာ နယ်မြေရှင်းလင်းရေး စတင်ပြီး ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းထိုးဝင်ရောက် နေတာပါ။ စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ကြည်ရွာနဲ့ ဝဘာ ကျေးရွာမှာ နေအိမ် ၁၀ လုံးထက် မနည်း မီးရှို့ခံခဲ့ရပြီး ဝန်းကျင် ကျေးရွာ ၁၄ ရွာက ဒေသခံ ၇ ထောင်လောက်ဟာ တိမ်းရှောင်ထွက်ပြေး နေရပါတယ်။

စစ်ကောင်စီ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ဒေသတွင်းမှာ ဒေသခံတွေ ထွက်ပြေးနေရသလို ဆပ်ပြာကျင်း ကျေးရွာနားမှာတော့ အသက် ၅၅ နှစ်အရွယ်အမျိုးသားတဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးက VOA ကို အခုလို ပြောပါတယ်။

“စစ်ကြောင်းက ဆက်ထိုးနေတာ ဟုတ်တယ်။ တိမ်ဘာ ကျေးရွာကို ရောက်သွားပြီလို့ ကြားရတယ်။ မီးရှို့ခံရတာက အားလုံးပေါင်းဆို ၁၂ အိမ်လောက် ရှိပြီခင်ဗျ။ အရင်တခါအရှို့ခံရတဲ့ ဝဘာ ကျေးရွာအရှို့ခံရတာ။ ကြည်ရွာလည်းအရှို့ခံရတယ်။ ကြည်ရွာက ပြန်မဝင်နိုင်ကြသေးတော့ မသိရသေးဘူး။ ၁၄ ရွာလောက်ပြေးနေရတယ်။ ၇ ထောင် ၇ ထောင်ကျော်လောက်ရှိမယ်။ ဦးတိုင်းမင်းအောင်တဲ့ ပြည်သူတဦး မိုင်းထိပြီးတော့ ဆုံးတယ်ကြားတယ်။ အဲ့ဒါပြည်သူ့ဘက်ကမိုင်းလား စစ်ကောင်စီဘက်က မိုင်းလားတော့ ကျွန်တော်မသိဘူး။”

အရပ်သား အချို့ အဖမ်းဆီးခံရတာ ရှိသလို ပြန်လည်လွတ်မြောက်လာ သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ မိုးများတဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်ရေး အခက်ခဲတွေ့နေရသလို၊ ဖျားနာသူတွေပါရှိနေပြီး စားရေးသောက်ရေး အတွက်လည်း မလောက်ငပဲ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စားရေး သောက်ရေး အခက်အခဲကတော့ ရှိတာပေါ့။ ဘာလို့လည်းဆိုတော့ ရွာသေးသေးလေးတွေ ဆိုရင် ကျွေးမွေးဖို့ ၁ ရက်က ၂ ရက် ရောက်တော့ ရိက္ခာ မလုံဘူးပေါ့။ ရန်ပုံငွေ အင်အားမရှိ ဘာမရှိနဲ့ တချို့ရွာတွေက မီးဘေးသင့်ထားတာ ဆိုတော့ မတတ်နိုင်ကြဘူးပေါ့။ ရွာက ဦးဆောင်ပြီး ကျွေးရမွေးရတော့ အဲ့တော့ အလှုရှင်ကို မျှော်ကိုးပြီး ကျွေးရတာပေါ့။ အလှူရှင်တွေ မတည်တာကို လောက်ငှအောင် ကျွေးရတာပေါ့။ စစ်ရေးကတော့ တင်းမာနေတယ်။ တိုက်ပွဲဘာညာ ကြီးကြီးမားမား တော့ မရှိဘူး။”

စစ်ရှောင်တွေဟာ အကူအညီတွေ လိုအပ်နေပြီး ဖျားနာသူတွေဟာလည်း စစ်ကောင်စီ နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် မြို့ပေါ်သွား ဆေးကုသဖို့ အခက်တွေ့နေ ရတယ်လို့လည်း ပြောပါတယ်။

စစ်တပ်ဟာ ရေဦးမြို့ပေါ်မှာ အခြေချပြီး ရေဦး ဒီပဲယင်း ချောင်းဦးစတဲ့ ကျေးရွာတွေကို မကြာခဏ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာ ဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်း သောင်းနဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် အရပ်သား သေဆုံးမှုတွေ ရှိနေတာပါ။ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရင်လည်း လေကြောင်းကနေ ပါ ပစ်ခတ်တာ ကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့် နေကြရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG