သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိခေါ်ဒါရ်မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ဖို့ ပြင်ဆင်


တိုက်ပွဲပြီးနောက် ပုံမှန်လည်ပတ်နေပြီဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မြင်ကွင်း
တိုက်ပွဲပြီးနောက် ပုံမှန်လည်ပတ်နေပြီဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မြင်ကွင်း

အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ခဲ့တဲ့နောက်မှာ အိန္ဒိယဘက်ကို စစ်ဘေး ရှောင်နေတဲ့ ဒေသခံတွေ ကိုယ့်နေအိမ် ကိုယ်ပြန်လာနေကြပြီ ဖြစ်ပါတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဒီဒေသမှာ ပြည်သူ့ အုပ်ချုပ်ရေး စနစ် ဖော်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မြန်မာ - အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါ်ဒါရ်မြို့က စစ်တပ် တပ်စွဲထားတဲ့နေရာ ၂ ခုကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာ ၁၂ ရက် ညပိုင်းကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲတွေအတွင်း ရိခေါ်ဒါရ်မြို့ခံတွေဟာ အိန္ဒိယဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပြီး အခု တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့နောက်မှာ တိမ်းရှောင်နေတဲ့ ဒေသခံတွေ ပြန်လည်ဝင်ရောက်ရေးနဲ့ အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ CNF–CNA ချင်းအမျိုးသားတပ်ဦး-ချင်းအမျိုးသားတပ်မတော် ပြောခွင့်ရ ဆလိုင်းထက်နီက ဗွီအိုအေကို ပြောပါတယ်။

“အဓိကကတော့ တဖက်ကမ်းကိုကူးသွားတဲ့ စစ်ဘေးရှောင်တွေပေါ့။ အဲ့ဒါတွေကို ပြန်လည်ဝင်ရောက်ဖို့ စတင်လုပ်ဆောင်နေတာဖြစ်တယ်။ မကြာခင်မှာပဲ အုပ်ချုပ်ရေးတွေ ဖော်ဆောင်ဖို့ တခါတည်း တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။”

ဒေသခံတဦးကလည်း ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်ကစလို့ အိန္ဒိယဘက် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေ ရိခေါ်ဒါရ်မြို့ထဲကို ပြန်လာကြတာဖြစ်ပြီး တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ပုံမှန်ပြန်နေလို့ရပြီလို့ ပြောပါတယ်။

“အခုက အခြေအနေက ငြိမ်နေပြီခင်ဗျ။ ပုံမှန်လို လည်ပတ်နေပြီခင်ဗျ။ အများစုက ပြန်ကြပြီ။ အခုက မြို့ထဲပြန်လို့ရပြီခင်ဗျ။ ရွာမပြန်ရဲ သေးတဲ့သူတွေလည်းရှိတယ်ပေါ့။”

တိုက်ပွဲပြီးနောက် ပုံမှန်လည်ပတ်နေပြီဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မြင်ကွင်း
တိုက်ပွဲပြီးနောက် ပုံမှန်လည်ပတ်နေပြီဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မြင်ကွင်း

အခုအခါမှာ တိုက်ပွဲကြောင့် ပိတ်ထားတဲ့ ရိခေါ်ဒါရ်မြို့က အမှတ် (၁) နဲ့ အမှတ် (၂) ဆက်သွယ်ထားတဲ့ လမ်းကို ပြန်လည်အသုံးပြုလို့ရပြီဖြစ်တဲ့ အကြောင်းလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

စစ်တပ် တပ်စွဲထားတဲ့ စခန်း ၂ ခုကို ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပြီးတဲ့နောက် လက်နက် အမြောက်အများနဲ့ စစ်သား တချို့ကို ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီဘက်က တပ်သား အများအပြားလည်း အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။

ဒီထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၁၄ ရက်မှာ အိန္ဒိယ အစိုးရက မြန်မာနိုင်ငံဘက်ကို ရဟတ်ယာဉ်နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ချင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ရိခေါ်ဒါရ်မြို့ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မြို့တမြို့ဖြစ်ပြီး ၂ နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကောင်းတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။ တိုက်ပွဲတွေ အတွင်း စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိတဲ့အတွက် နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG