သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာတဲ့ မြန်မာမှာ ခရီးသွားခွင့် ဗြိတိန်ကန့်သတ်


ရွှေတိဂုံစေတီရင်ပြင်တော်မှာ လှည့်လည်ကြည့်ရှုနေ့ကြတဲ့ ကမ္ဘာလှည့်ခရီးသည်များ။ (ဇန်နဝါရီ ၂၉ ၂၀၁၇)
ရွှေတိဂုံစေတီရင်ပြင်တော်မှာ လှည့်လည်ကြည့်ရှုနေ့ကြတဲ့ ကမ္ဘာလှည့်ခရီးသည်များ။ (ဇန်နဝါရီ ၂၉ ၂၀၁၇)

မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခဖြစ်တဲ့ နေရာဒေသတွေတိုးလာနေချိန်မှာ နိုင်ငံတကာကလည်း သူတို့ရဲ့ နိုင်ငံသားတွေ မြန်မာပြည်ထဲသွားလာခွင့်ကို နေရာတွေ ပိုပြီးကန့်သတ်လာပါတယ်။ ဗြိတိန် နိုင်ငံခြားရေးရုံး (FCDO) ရဲ့ အခုနောက်ဆုံးထုတ်ပြန်ချက်ထဲမှာ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်း၊ အဲဒီနေရာ ၃ နေရာကို အစိမ်းရောင်ဒေသအဖြစ် သတ်မှတ်ထားပြီး ခရီးမသွားခင် အကြုံပြုချက်ရယူ ဖို့ သတိပေးထားပါတယ်။

ဒီအကြောင်း သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတာကြောင့် ခရီးသွားလာခွင့် ပြုတဲ့နေရာတွေလည်း ရှားပါးလာပါတယ်။ နိုင်ငံတကာကနေ မြန်မာနိုင်ငံမှာရောက်နေတဲ့ သူတို့ရဲ့ နိုင်ငံသားတွေအတွက် ခရီးသွားလာခွင့်ကို ကန့်သတ်ထားကြတဲ့အထဲမှာ ဗြိတိန်နိုင်ငံလည်း ပါဝင်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးရုံး (FCDO) ရဲ့ အခုနောက်ဆုံး နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်း၊ ဒီနေရာတွေကိုသာ အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ပေးထားပြီး ခရီးမသွားခင် အကြံပြုချက်တောင်းခံကြဖို့ လည်း သတိပေးထားပါတယ်။

ရန်ကုန်လို လူဦးရေထူထပ်တဲ့ မြို့မှာ တခြားဒေသတွေလို စစ်ရေးပဋိပက္ခမတင်းမာပေမယ့် စစ်အာဏာရှင်ကို တော်လှန်တဲ့လှုပ်ရှားမှုတွေကတော့ အနည်းနဲ့အများရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ကျူးလွန်သူ ဘယ်သူဘယ်ဝါမသိတဲ့ ပေါက်ကွဲမှုတွေကလည်း ဆက်ပြီးရှိ နေပါတယ်။ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်မှာရှိတဲ့ Honey Nest Bar မှာလည်း နိုဝင်ဘာလ ၁၃ ရက်၊ ည ၉ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ အနားမှာ နေထိုင်သူတွေက ပြောပါတယ်။

"ကျနော်တို့တောင်မှ အဲဒါဖြစ်ပြီးမှ အွန်လိုင်းပေါ်တက်ခါမှ သတင်းရတာပါ။ အသံလည်း မကြားလိုက်ဘူး။ ထူးထူးခြားခြားတော့ သိပ်မရှိပါဘူးဗျ။ ကျနော်တို့က သိပ်မကြားလိုက်တော့လေ။ စစ်ဆေးတာတွေ ရှိလာရင်လည်း အသာတကြည်ပဲပေါ့နော်၊ စစ်ဆေးတဲ့အတိုင်း ဖြေကြားလိုက်တာပါပဲ။"

ပဲခူးတိုင်းမှာလည်း စစ်ကောင်စီဘက်က အခုရက်ပိုင်းထဲ လုံခြုံရေးကင်းလှည့်တာတွေ ပိုတိုး လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညဘက်တွေမှာ ကား ၇ စီး၊ ၈ စီး ဝန်းကျင်လောက်နဲ့ ကင်းလှည့်နေကြပြီး ဒေသခံတွေကတော့ ညမှောင်ရီပျိုးစတည်း က အသွားအလာ သိပ်မလုပ်ကြတော့ဘူးလို့ ပဲခူးမြို့ခံ တယောက်က ပြောပါတယ်။

"ဈေးသည်တွေတက်လာတော့ ရွာအဝင်ပေါက်တွေမှာ အရင်တုန်းက သူတို့အစောကြီးလာတဲ့ ၃ နာရီခွဲလောက်ဆို ရှင်းတယ်လေ။ အခု ၃ နာရီခွဲ၊ ၄ နာရီထိုး လာတဲ့အခါကျရင် အဲဒီမှာ စောင့်နေတဲ့အဖွဲ့တွေ တွေ့တယ်ပေါ့။ ဘာလဲညာလဲ မေးမြန်းတာတွေတော့ ဒီရက်ပိုင်းထဲမှာ ရှိတယ်ပေါ့။ သူတို့ (စကစ) လည်း သတိကြီးကြီးထားပြီးတော့ နဂိုထက်ပိုပြီးတော့ တိုးပြီးတော့ လှည့်လည်စောင့်ကြည့်နေတဲ့ သဘောရှိတယ်။ ပြည်သူတွေလည်း နည်းနည်း ထိတ်ထိတ်လန့်လန့်တော့ ဖြစ်နေကြတာပေါ့၊ အေးအေးသက်သာတော့ မရှိဘူးပေါ့။"

ဧရာဝတီတိုင်းမှာတော့ ပွင့်လင်းရာသီမို့ ကမ်းခြေဘက် လာရောက်လည်ပတ်သူ ရှိကြသလို ဧရာဝတီတိုင်း အဝင်ဂိတ်တွေမှာတော့ စစ်ဆေးတာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းထဲက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးအင်အား ပိုချထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး ရှောင်တခင် စစ်ဆေးတာမျိုးလည်း အခုနောက်ပိုင်း ပိုများလာတယ်လို့ ပုသိမ်ဒေသခံတဦးက ပြောပါတယ်။

"ရန်ကုန်ဘက်က လာမယ်ဆိုရင်တော့ ပန်တိုင်ဂိတ်ဆိုတာ ရှိမယ်လေ။ ပုသိမ်အဝင်မှာ တဂိတ်ရှိမယ်။ စစ်တာနည်းနည်း များတာကတော့ ဧရာဝတီတိုင်းအဝင် ပန်တိုင်ဂိတ်မှာ တချက်စစ်မယ်။ နောက် ပုသိမ်အဝင်မှာ တချက်စစ်တယ်။ အစစ်အဆေးကတော့ နဂိုထက်စာရင်တော့ နည်းနည်းလေး ပိုပြီးတော့ စစ်လာတယ်ပေါ့နော်။ နဂိုနဲ့တော့ မတူဘူးပေါ့။ မတူဘူးဆိုတာ သွားလာတယ်ဆို မှတ်ပုံတင် အဓိကစစ်တာ များတယ်။ အခုဟာက ပြောလို့တော့မရဘူး။ တခါတလေကျရင်လည်း ကားနဲ့လာပြီးတော့ လမ်းတွေမှာ ရှောင်တခင်စစ်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း အမြဲတမ်းတော့ မရှိပါဘူး။ နေ့တိုင်းနီးပါးတော့ မစစ်ဘူးပေါ့နော်။ ဒါပေမဲ့ တပတ်မှာ သုံးရက်လောက်ကို သူတို့အဖွဲ့စုံနဲ့ စစ်တဲ့ပုံစံမျိုး စစ်တယ်ပေါ့။"

ဗြိတိန်အစိုးရက သူ့နိုင်ငံသားတွေအတွက် ထုတ်ပြန်တဲ့ ခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်ထဲမှာ နယ်မြေသတိပေးချက်ကို အဆင့်ခွဲပြီး သတ်မှတ်ထားတာပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွေအပြင် တနင်္သာရီတိုင်းထဲမှာတော့ မြိတ်ကျွန်းစု ကလွဲလို့ ကျန်တဲ့နေရာတွေကို ခရီးသွားလာခွင့် လုံးဝတားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG