သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ခရီးသွား တိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း


မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဖွံ့ဖြိုးရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုဟာ အပြုသဘောဆောင်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်နေစဉ်မှာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID အပါအဝင် ထောက်ပံ့ကူညီရေး အဖွဲ့တချို့နဲ့ တွေ့ဆုံအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

George Washington တက္ကသိုလ် ကျောင်းသားဟောင်းလည်းဖြစ်တဲ့ ဝန်ကြီး ဦးဌေးအောင်ဟာ တက္ကသိုလ်ကပေးတဲ့ ထူးချွန်ကျောင်းသားဟောင်းဆုကို လာရောက်လက်ခံယူရင်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း တိုးတက်ရေးကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မစုမြတ်မွန်က ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကို ဆက်သွယ်ပြီး ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုအကြောင်းတွေ အဓိက တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို မေးတဲ့အခါ ဝန်ကြီး ဦးဌေးအောင် က အခုလို စပြီး ဖြေခဲ့ပါတယ်။

“ဒီဆွေးနွေးတဲ့ အဖွဲ့အစည်းတွေမှာတော့ World Bank ပါတယ်၊ နောက်တခု ISC အဖွဲ့ပေါ့ အဲ့ဒါက Finance နဲ့ပတ်သက်တာ။ အဲဒီအဖွဲ့နဲ့လည်း ကျနော်တွေ့ရတယ်။ နောက်ဒီမှာရှိတဲ့ ADB နဲ့တွေ့ရတယ်။ USAID အဖွဲ့တွေနဲ့ တွေ့ရတယ်။ အဲ့ဒါတွေနဲ့ တွေ့ပြီးတော့ ကျနော်တို့ရဲ့ Master Plan ကို ဖွ့ံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အခါမှာ ဘယ်လို အခက်ခဲတွေရှိတယ်၊ ဘယ်လို လိုအပ်ချက်တွေရှိတယ်၊ အဲဒါလေးတွေကို ဆွေးနွေးတာဖြစ်ပါတယ်။ အဲတော့ ဒီဆွေးနွေးချက်အပေါ်မှာ မူတည်ပြီး သူတို့လည်း စိတ်ဝင်စားကြတာဖြစ်တဲ့အတွက် သြော် အဲ့ဒီထဲမှာ ဂျက်ကာပါ ပါတယ်။ အစည်းအဝေးပြီးသွားတယ်။ ဆိုတော့ အဲဒီလိုတွေ ပါတဲ့အခါကျတော့ ဒါဟာ နောက် ကျနော်တို့ လုပ်ရမယ့် ကိစ္စတွေမှာ ကျနော်တို့ရဲ့ Master Plan မှာပါတဲ့ 38 Project ကို အကောင်အထည်ဖော်တဲ့နေရာမှာ သူတို့တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းပံ့ပိုး ကူညီပေးမယ့် အခြေအနေမှာဖြစ်ပါတယ်။

မေး။ ။ ဝန်ကြီးတို့ အခုလို တွေ့တဲ့ကိစ္စမှာ ခုနက ဝန်ကြီး ရှင်းပြသလိုဆိုရင်တော့ အကောင်အထည် ဖော်စရာလိုတဲ့ Project တွေမှာ သူတို့အနေနဲ့ ဘယ်လို အကူညီပေးမယ်ဆိုတဲ့ဟာကို ဆွေးနွေးတယ်ဆိုတော့ အခုလို တွေ့ဆုံပြီးတဲ့ အချိန်မှာကော သူတို့ဘက်ကပေါ့နော် မြန်မာနိုင်ငံမှာ ဒီဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးမှာ ဘယ်လို အကူညီတွေ သူတို့အနေနဲ့ ထပ်ပေးမယ်ဆိုတဲ့ ကတိပေးမှုတွေ အာမခံချက်တွေရော ရခဲ့တယ်လို့ ပြောနိုင်ပါလဲရှင့်။
ဖြေ။ ။ “ဒါက အခုချက်ချင်းကြီးတော့ ပြောဖို့ခက်တာပေါ့လေ သို့သော်လည်း ဥပမာဆိုရင် ADB ဆိုရင် ကျနော်တို့က ဆွဲတည်းကိုက ADB နဲ့ ဆွဲထားတယ်။ ADB က အခုဆိုရင် မွန်နဲ့ ကရင်ပြည်နယ်ဘက်မှာ SME Development အတွက် စပေးနေပြီ။ အဲဒါမျိုးရှိတယ်။ နောက်တခါ Luzenberg နဲ့ Luzenberg နဲ့ကလည်း Capacity Building အတွက်ကို ကျနော်တို့ကို Euro ၅ သန်းပေါ့ ဒါကို ၅ သန်းပေးဖို့အတွက်ကို မစ်ရှင်းအဖွဲ့က စပြီးတော့ Fact Finding နဲ့ Survey တွေ လုပ်နေတယ်။ ဒါတွေဟာ မကြာခင်မှာ ၁၄ အစမှာ စပြီးတော့ ကျနော်တို့ အကောင်အထည်ဖော်မယ်။ ဒါမျိုးတွေရှိနေတာပေါ့။ တဆက်တည်းမှာပဲ အခု ဒီ USAID တို့ World Bank တို့ ဒါတွေကလည်း ဆွေးနွေးတဲ့အထဲမှာ ဂျက်ကာပေါ့ ဂျက်ကာအပါအဝင်ပေါ့ ဒါတွေကလည်း ကျနော်တို့ အခု ဆွေးနွေးတဲ့အထဲမှာ Very Positive ပေါ့လေ ကျနော်တို့အတွက် အများကြီး အားရစရာ ကောင်းတာပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့ George Washington University က ဆရာတွေကလည်း သူတို့ကိုယ်တိုင် ဦးစီးပြီးတော့ ကျနော့်ကို ဝိုင်းလုပ်ပေးနေကြတာဆိုတော့ အခြေအနေတွေက အများကြီး ကောင်းလာနိုင်ပါတယ်။”

မေး။ ။ ဒီ USAID ပေါ့လေ ဝန်ကြီးပြောသလိုဆိုရင်တော့ ဒါ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းပေါ့။ သူကကော အခု ဝန်ကြီးတို့ လုပ်နေတဲ့ လုပ်ငန်းတွေ စီမံကိန်းတွေမှာ ဘယ်လိုအနေထားတွေနဲ့ ကူညီမယ်ဆိုတာမျိုးကိုကော စိတ်ဝင်စားမှုကို သိရပါသလဲရှင့်။
ဖြေ။ ။ “သူတို့ဆီက အခု ကျနော်တို့ ဒီ ဒါရိုက်တာအဖွဲ့ အဆင့်နဲ့လည်း ဆွေးနွေးခွင့်ရတာပေါ့လေ။ သူတို့ ဒီမှာရှိတဲ့ သူတို့ Team ပေ့ါလေ သူတို့ Team အဖွဲ့ကလည်း အကုန် ဒီ Master Plan နဲ့ပတ်သက်ပြီး ကျနော် ရှင်းပြတယ်။ ပြီးတဲ့အခါမှာ ကျနော်တို့အနေနဲ့ သူတို့ဘက်က လုပ်ပေးနိုင်တဲ့ အနေထားရှိလာမယ်လို့ မြင်ပါတယ်။ ဒါကတော့ အခုချက်ချင်းတော့ ကျနော် ဘယ်ဟာကို ပေးမယ်ဆိုတာတော့ ပြောလို့မရဘူးပေါ့။ ဥပမာ - ကျနော်တို့မှာ အခု Strategist Program ၆ ခု ရှိပါတယ်။ အဲဒီအထဲမှာမှ Institutional Framework အဲ့ဒီဥစ္စာကို သူတို့ စိတ်ဝင်စားလား။ Product Development ကို စိတ်ဝင်စားလား။ Connectivity ကို စိတ်ဝင်စားလား။ Human Resource Development ကို စိတ်ဝင်စားလား။ Nation Branding Campaign ကို စိတ်ဝင်စားလား။ ဒါတွေကတော့ အကုန်ရှင်းပြထားပြီးပြီ ဆိုတဲ့အခါမှာ သူတို့သိချင်တာတွေကို ယူထားပြီးရင် ဒါ ဆက်ပြီး ကျနော်တို့နဲ့ Contact လုပ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မေး။ ။ နောက်တခုက အခု ဝန်ကြီးရဲ့ အခုခရီးစဉ်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ဥက္ကဌ တို့၊ ဒုဥက္ကဌ တို့ အပါအဝင်ပေါ့ တခြားတာဝန်ရှိသူတွေလည်း ပါလာတယ်ဆိုတော့ ဒီမြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို ဒီအမေရိကန်မှာ မြှင့်တင်နိုင်ဖို့ အကြောင်းရင်းတခုလည်း ပါတယ်လို့ စောစောက ဝန်ကြီး ပြောသွားတယ်ဆိုတော့ ဘယ်လောက်ထိ ဒီခရီးစဉ်မှာ အောင်မြင်အောင် မြှင့်တင်နိုင်တယ်လို့ရော ပြောလို့ရပါလဲရှင့်။
ဖြေ။ ။ “ဒါက ကျနော်တို့ အခု ဒီ Private Public Partnership က အရေးကြီးတယ်။ အဲဒီတော့ ကျနော်တို့ လာတဲ့အခါမှာကို ကျနော်တို့ရဲ့ ဌာနဆိုင်ရာကြီးပဲ မဟုတ်ဘူး။ Private Sector လည်း ပါတယ်။ Private Sector နဲ့ ပတ်သက်ရင်လည်း သူတို့ အကုန် ဆွေးနွေးနိုင်တယ်။ ဒီမှာ ကျနော်တို့က ဟိုတယ် Association ကလည်း ပါတယ်။ Travel Association ကလည်းပါတယ် စသည်အားဖြင့် အကုန် ဒီလို ပါလာတဲ့အခါကျတော့ လိုအပ်တဲ့ဥစ္စာကို သူတို့ Private နဲ့လည်း ကျနော်တို့ ဆွေးနွေးလို့ရတယ်။ Private ကို ပေးချင်တာတွေရှိရင် သူတို့ ချက်ချင်း ဆွေးနွေးပြီး ပေးလို့ရအောင် ဒါ First Connection ပဲ။ ဒါကို ကျနော်တို့ ဒါ ချိတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

မေး။ ။ ဒီအမေရိကန်ကို အခုတခေါက် လာတဲ့အခါမှာ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ပိုပြီးတော့ တိုးတက် ကောင်းမွန်အောင်လို့ အတုယူသင့်တယ် ဆိုတဲ့အမြင်တွေ အကြံတွေပေါ့လေ အဲဒါတွေ ဘာတွေရတယ်လို့ ပြောနိုင်ပါလဲရှင့်။
ဖြေ။ ။ “အဓိကကတော့ မြန်မာနိုင်ငံကို လာနေတဲ့ ဧည့်သည်တွေကို ကြည့်ရတာ Market Survey ပေါ့ ဟုတ်လား။ အခု မြန်မာနိုင်ငံ ဒီဘက် ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အခါမှာ မြန်မာနိုင်ငံကိုလာတဲ့ အမေရိကန်ဈေးကွက်က တော်တော့်ကို ထူးထူးခြားခြား တက်လာတာ ရှိတယ်။ အဲတော့ ဒီလူတွေ အခု လာတဲ့အခါမှာ ပြောပြနိုင်သလောက်ကို ပြောပြလို့ရှိရင် သူတို့ ပိုပြီးတော့ နားလည်နိုင်တာပေါ့နော်။ သူတို့ နားလည်နိုင်လို့ရှိရင် ဘာပဲဖြစ်ဖြစ် များများလာရင် များများ အကျိုးရှိမှာပေါ့လေ။ ဒီသဘောပါပဲ။ ဧည့်သည်တွေ များများလာတယ်၊ အခု အမေရိကန်နိုင်ငံကို ရောက်လာတော့ အမေရိကန်အဖွဲ့တွေနဲ့ တွေ့ပြီးတော့ ဒါ ကျနော့်ကိုကူညီတဲ့ ကျောင်းကလည်း ရှိနေတယ်။ နောက်ဒီမှာလည်း အသင်းအဖွဲ့တွေကလည်း နားထောင်ကြတယ်။ ဆိုတော့ အထူးသဖြင့်တော့ ခရီးသွားလုပ်ငန်း အဖွဲ့တွေက လာနားထောင်တာဆိုတော့ ကျနော်တို့ နောင် လုပ်ဖို့ ရသွားပြီ ဒီမှာ တကယ်လို့ ဈေးကွက်ကို မြှင့်တင်မယ် ဘာညာဆို အရမ်းကို Private Sector အတွက် လွယ်သွားပြီ။ သူတို့ Connection တွေ Attachment တွေ ရသွားပြီဆိုရင် ဒါ ကျနော်တို့အတွက် အများကြီး ကောင်းတာပေါ့လေ တိုင်းပြည်အတွက်။”

အမေရိကန်ပြည်ထောင်စုမှာ ဖွံ့ဖြိုးရေးအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကို မစုမြတ်မွန် က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG