သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ခရီးသွား ဘာမှားနေသလဲ


နေပြည်တော် ရောက် ကမ္ဘာလှည့်ခရီးသည်များ
နေပြည်တော် ရောက် ကမ္ဘာလှည့်ခရီးသည်များ

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ရုံးခန်းမှာ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း တစ်ခု ဆွေးနွေးပါတယ်။ ဥပဒေကြမ်းကို ရေးဆွဲတဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန က တာဝန်ရှိသူတွေ၊ ဥပဒေကြမ်း ကော်မတီမှာ ပါတဲ့ အမတ်တွေ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ ဆွေးနွေးကြတာပါ။ ဥပဒေကြမ်း တခုကို လွှတ်တော်ထဲမှာ တရားဝင် မတင်သွင်းခင် ခုလိုပဲ ဥပဒေကြမ်း ကော်မတီမှာ ဆွေးနွေးတဲ့ အလေ့အထ ရှိပါတယ်။ ပြောရရင် လက်ရှိ မြန်မာ့ ခရီးသွားလာရေး လုပ်ငန်းဟာ တိုးတက်မှု မရှိပါဘူး။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၇-၁၈ ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ခရီးသွားဧည့်သည် အရည်အတွက် မတိုးတက်ခဲ့ရုံမက ၃ ရာခိုင်နှုန်းလောက်တောင် လျော့ကျသွားတယ်လို့ ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီလိုအခြေအနေမှာ လွှတ်တော်တင် အတည်ပြုမယ့် မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်း ဥပဒေကြမ်းဟာ မြန်မာ့ ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်စေမှာလား၊ လက်ရှိ မြန်မာ့ခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ရာမှာ ဘာအားနည်းချက်တွေ ဖြစ်ပေါ်နေသလဲ ဆိုတာ ခုတစ်ပတ် လေ့လာ ဆွေးနွေး တင်ပြသွားပါ့မယ်။

မြန်မာ့ခရီးသွား လုပ်ငန်း ကိန်းဂဏန်းတွေကို ပြန်ကြည့်မယ် ဆိုရင် အစိုးရသစ် သက်တန်း ၂ နှစ်အတွင်း ပြည်ပ ခရီးသည် တနှစ်ကို ၃ သန်းနီးပါး ဝင်တယ်လို့ ဆိုထားပါတယ်။ တကယ်တော့ အဲဒီ ကိန်းဂဏန်းဟာ နယ်စပ်ကနေ နေ့ချင်းပြန်၊ ဒါမှမဟုတ် ခဏတစ်ဖြုတ် ဝင်လည်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံသား အရည်အတွက်တွေကိုပါ ထည့်ပေါင်းထားတာပါ။ တကယ့်တကယ် လေဆိပ်၊ ရေဆိပ်၊ နယ်စပ် ဝင်ပေါက် အသီးသီးကနေ တိုးရစ်ဗီဇာ ယူပြီး တရားဝင် ဝင်ရောက်လည်ပတ်သူဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၅သိန်း၄သောင်းကျော်ရှိပြီး၊ ကုန်ဆုံးသွားပြီဖြစ်တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ ၅သိန်း၃သောင်းကျော်ပဲ ရှိပါတယ်။ ခရီးသွား နည်းနေရတဲ့အထဲ ထပ်ပြီး လျော့ကျသွားတာပါ။ ဒီ ကိန်းဂဏန်းကိုကြည့်ရင် မြန်မာ့ခရီးသွားလုပ်ငန်းဟာ အိမ်နီးချင်း ဘယ်နိုင်ငံနဲ့မှ မနှိုင်းယှဉ်နိုင်လောက်အောင် အရည်အတွက် နည်းပါးပြီး မဖွံ့ဖြိုးသေးဘူး ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေအောက်မှာ ပြဌာန်းမယ့် မြန်မာ့ခရီးသွားလုပ်ငန်း ဥပဒေကြမ်းမှာ ဘယ်လို အချက်အလက်တွေ ပါဝင်မလဲ ဆိုတာ ကြည့်လိုက်တော့ လုပ်ငန်းလိုင်စင် မရှိပဲ ဧည့်လမ်းညွှန် လုပ်နေတယ်လို့ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရရင် အဲဒီလူကို ထောင်ဒါဏ် တစ်နှစ်ဖြစ်စေ၊ ကျပ် သိန်း ၂၀ အထိပေးရမယ့် ငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမယ် လို့ ထည့်သွင်းထားပါတယ်။ အလားတူ ဧည့်လမ်းညွှန် လုပ်ငန်းကို လွဲှပြောင်းတာ၊ လက်ခံတာ လုပ်ရင်လည်း ထောင် တစ်နှစ် ဖြစ်စေ၊ ထောင်ဒါဏ်ငွေဒါဏ် ဖြစ်စေ ကျခံရမယ် ဆိုပြီး ဖော်ပြထားပါတယ်။ ဒါတင်မက လိုင်စင်မရှိပဲ ခရီးလှည့်လည်ရေး လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းနဲ့ ခရီးသွားလာရေးဆိုင်ရာ အခြားဝန်ဆောင်မှုတွေ ပြုလုပ်မယ် ဆိုရင် ထောင်ဒါဏ် ၃ နှစ်အထိ၊ ငွေဒါဏ်ဆိုရင် ကျပ် သိန်း ၂၀၀ အထိ၊ ဒါမှမဟုတ် ထောင်ဒါဏ်ရော ငွေဒါဏ်ပါ ကျခံစေရမယ်ဆိုပြီး ထည့်သွင်းထားတာ တွေ့ကြရပါတယ်။

လက်တွေ့အခြေအနေ ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အတော်လေး အားနည်းနေပြီး၊ ဈေးကွက်ကလည်း ကျဉ်းနေသေးတာ တွေ့နိုင်ပါတယ်။ ဒီအတွက် အဓိက လုပ်ရမှာက မြန်မာနိုင်ငံထဲကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ နောက်ထပ် အများကြီး ဝင်လာအောင် စနစ်တကျ စီမံချက် ဆွဲပြီး၊ ဈေးကွက်ကျယ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို စီမံချက် ဆွဲရာမှာ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘာကြောင့် မြန်မာနိုင်ငံထဲကို နိုင်ငံတကာ ခရီးသည်တွေ အဝင်နည်းနေရသလဲ ဆိုတာ အရင် ဆန်းစစ် အဖြေ ထုတ်ပြီး ပြုပြင်ကြရပါလိမ့်မယ်။

အကြမ်းဖျဉ်း ကြည့်ရရင်တော့ ပြည်တွင်းကို နိုင်ငံခြားသား ခရီးသည် အဝင်နည်းတာဟာ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ လေကြောင်းခရီးစဉ် မစုံလင်တာ၊ နည်းပါးတာ၊ အိမ်နီးချင်းတွေနဲ့ နှိုင်းရင် မြန်မာနိုင်ငံအတွင်း လည်ပတ်ဖို့ ပြင်ဆင်ထားတဲ့ နေရာ အရည်အတွက် နည်းပါးတာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံအတွင်း လည်ပတ်မှု ကုန်ကျစားရိတ် ကြီးမြင့်တာ၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း အမျိုးအမည် မစုံလင်တာ၊ နည်းနေသေးတာ၊ ဈေးကြီးနေတာ၊ မြန်မာ့ခရီးသွား လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ဝေမှု အလွန်အားနည်းနေတာ စတဲ့ အချက်တွေ တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီအချက်အလက်တွေကို ဖြည့်ဆည်းဖို့ ဆိုရင် မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး လိုမြို့ကြီးတွေနဲ့ အခြား နိုင်ငံက လေဆိပ်တွေ များများ ချိတ်ဆက်ပေးဖို့ လိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံကို လာမယ့် ခရီးသွားတွေ အားလုံးလိုလိုလောက်ဟာ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံ လေဆိပ်တွေကနေ တဆင့်ပဲ လာနေကြရပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက် အခြမ်းနဲ့ ဆက်သွယ်ထားတဲ့ လေကြောင်းလိုင်းဆိုလို့ မယ်မယ်ရရ မရှိပါဘူး။ ဥပမာ အိန္ဒိယ ဘက်က ခရီးသည်တွေ မြန်မာနိုင်ငံထဲ လာမယ်ဆိုရင် လေကြောင်းလိုင်းက တစ်ပတ် တစ်ကြိမ်လောက်ပဲ ရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အင်အားကြီးတဲ့ Thai Airway လေကြောင်းလိုင်း ထူထောင်ပြီး ခရီးသည်တွေကို သူတို့နိုင်ငံတွေထိ သွားကြို ဝန်ဆောင်မှု ပေးတဲ့ သဘော လုပ်ကိုင်ပါတယ်။ နောက်ပြသနာ တစ်ခုကတော့ နိုင်ငံခြားသားတွေ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းရင် မြန်မာနိုင်ငံထဲ သွားလာ လည်ပတ်ရတဲ့ ကုန်ကျစားရိတ် ကြီးမြင့်တာပါ။ ဟော်တယ်ခ ဈေးနှုန်းမြင့်တာ၊ သန့်ရှင်း အဆင့်ရှိတဲ့ အစားအသောက်တွေ ဈေးကြီးတာ၊ ပြည်တွင်း လေကြောင်း လေယာဉ်လက်မှတ်ခတွေ ဈေးမြင့်တာ၊ သွားလာမှုအတွက် ကားစင်းလုံးငှားလို ဝန်ဆောင်ခ ဈေးမြင့်တာ စတာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်တွင်း တည်းခိုခ နဲ့ ပတ်သက်ပြီး ခရီးသည် အများစုက ဈေးကြီးတယ် ဆိုပြီး ညဉ်းတွားကြတဲ့ ကိစ္စပါ။ အိမ်နီးချင်းနိုင်ငံတွေမှာတော့ ဈေးနှုန်း သက်သာတဲ့ တည်းခိုခန်း အမျိုးမျိုး ရှိသလို၊ ကိုယ့်အိမ် ကိုယ့်ယာ၊ ကိုယ့်အခန်းကို Airbnb လို ဝက်ဘ်ဆိုက်တွေကနေ တဆင့် အင်တာနက်ပေါ်တင်ပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ငှားတဲ့ ဝန်ဆောင်မှုမျိုး ကျယ်ကျယ်ပြန့်ပြန့် ရှိနေလို့ပါပဲ။ မြန်မာနိုင်ငံမှာသာ ကိုယ့်အခန်းကိုယ် Airbnb ပေါ်တင်ပြီး ငှားစားရင် လိုင်စင်မဲ့လို့ ဆိုပြီး အခု ပြဌာန်းမယ့် ဥပဒေအရ ထောင် ၃ နှစ်တောင် ကျသွားနိုင်လို့ပါပဲ။ ဒါနဲ့ ပတ်သက်ရင် ဥပဒေနဲ့အညီ လိုင်စင် လုပ်ရင်ရောလို့ မေးစရာ ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ဥပဒေ နဲ့ စည်းမျဉ်းတွေအရ နိုင်ငံခြားသားတွေကို ဟိုတယ်လုပ်ငန်း ဝန်ဆောင်မှု ပေးဖို့ ဆိုရင် ၁၀ ပေ ပတ်လည်ရှိတဲ့ Master bedroom အနည်းဆုံး ၁၀ ခန်း ရှိရမယ် ဆိုတဲ့ အချက်အပါအဝင် သတ်မှတ်ချက် အတော်များများ ရှိနေလို့ပါပဲ။ နောက်ပြသနာ တစ်ခုက မြန်မာနိုင်ငံမှာ မြိတ်ကျွန်းစုလိုမျိုး အပါအဝင် နိုင်ငံခြားသားတွေ လည်ပတ်နိုင်တဲ့ နေရာ အတော်များများ ပိုင်ဆိုင်ထားပေမယ့် အဲဒီနေရာတွေကို သွားဖို့ သွားလာရေး အပြင် အခြား ဘာဝန်ဆောင်မှုတွေကိုမှ မယ်မယ်ရရ ရင်းနှီးမြှုပ်နှံတာ လုပ်မထားနိုင်သေးလို့ပါပဲ။

အဲဒီအချက်တွေကို ကြည့်ရင် လက်ရှိ မြန်မာ့ခရီးသွား လုပ်ငန်း ဥပဒေဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေမှာလား၊ ဒါမှမဟုတ် လက်ရှိ လိုင်စင်ယူ အလုပ်လုပ်နေသူတွေကလွဲရင် ခရီးသွားလုပ်ငန်း အမျိုးမျိုးထဲ နောက်ထပ် ရင်းနှီးမြှုပ်နှံသူတွေ၊ လူလတ်တန်းစားတွေ၊ နောက်လူတွေ ဝင်မလာအောင် တားဆီးဖို့ ကြိုးစားတဲ့ ဥပဒေမျိုး ဖြစ်နေသလား ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြောင်းပါ။

မြန်မာ့ခရီးသွား ဘာမှားနေသလဲ
please wait

No media source currently available

0:00 0:06:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG