သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ယခင်ှတ်တမ်းရုပ်ပုံ | ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်
ယခင်ှတ်တမ်းရုပ်ပုံ | ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်

ကယားပြည်နယ်မှာ ဒီကနေ့လည်း လွိုင်ကော်မြို့ တဝိုက်မှာရော ဒီးမော့ဆိုမြို့နယ် ဘက်မှာပါ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ကရင်နီတော်လှန်ရေး အင်အားစုတွေက လွိုင်ကော်မြို့ကို သိမ်းပိုက်ဖို့ လုပ်နေပြီမို့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အချိန်ရှိတုန်း လက်နက်ချပြီး လာရောက်ပူးပေါင်းဖို့ လည်း ကရင်နီဗဟိုပြန်ကြားရေးက ကြေညာပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးမှာပါ။

နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ နေ့ခင်းပိုင်းလောက်က လွိုင်ကော် လေဆိပ်ဘက်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ လွိုင်ကော်မြို့ စစ်ရှောင်ကူညီနေတဲ့ သံဃာတော်က ဗွီအိုအေကို ပြောပါတယ်။

“အခုလေးတင်ပဲ ၁၅ မိနစ်လောက်ကတော့ အဲ့လေယာဉ်ကွင်းဖက်ပစ်တယ်။ အဲ့လေယာဉ်ကွင်း မှာ တကစနဲ့ ပစ်ကြတယ်။ အဲ့ဖက်ကြားတာပေ့ါနော် အသံ၊ အခုလေတင်ပဲ ၁၅ မိနစ်လောက် အခုနားသွားပြီး။ ငြိမ်တယ်။ မနေ့ည တညလုံးငြိမ်တယ်။ ဒီနေ့လည်း ငြိမ်တယ်။ ဘာဖြစ်လဲဆိုရင် လေယာဉ်ပဲ ဒေါဥခူဘက်တွေ အဲ့သေနတ်သံထွက်တာနဲ့ လေယာဉ်က ချက်ချင်းလာပြီး ဗုံးတွေကြဲနေတာပဲ။”

တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ကနေ ၁၅ ရက် မနေ့ညနေပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား နှစ်ဖက်ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတာပါ။ မနေ့ညပိုင်းမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာသိပ်မကြားရပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာရော လေယာဉ်နဲ့ ပစ်တာတွေ တောက်လျှောက်ကြား နေရသလို ဒီကနေ့ မနက်အစောပိုင်းမှာ လွိုင်ကော်ကနေ ဘေးလွတ်ရာကို တိမ်းရှောင်နေသူတွေ ရှိတဲ့ နေရာမှာ လက်နက်ကြီးကျ ပြီး ပေါက်ကွဲလို့ ထိခိုက်မှုတွေ ရှိတယ်လို့လည်း ဆရာတော်က ပြောပါတယ်။

“မနက် ၅နာရီလောက် ပြည်သူလူသူတွေ ဒီဦးဇင်တို့ ကျောင်းအရှေ့ဖက်ကနေ ထွက်သွားပြီးမှ ဒီနာနတ်တောကနေ နောင်ယာဘက်ကို ထွက်တာ အဲ့ဒါ ထွက်တဲ့အချိန်မှာ ဝီ….ဆိုပြီးတော့မှ ဦးဇင်းတို့ကျောင်းပေါ်ကနေ ဖြတ်သွားတာ၊ အဲ့ဖက်မှာ တောင်ကုန်းဆိုတော့ အဲ့မှာ ထိကြမယ်ထင်တယ် သူတို့ ပြေးဖို့ ထွက်တာပေါ့နော် ထွက်တဲ့အခါမှာ ထိတယ်ပြောတာပဲ။”

ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိတယ် ဆိုတာတော့ အသေးစိတ်မသိရသေးဘူးလို့လည်း ပြောပါတယ်။ ကရင်နီလူ့အခွင့်အရေး အဖွဲ့ တည်ထောင်သူ ကိုဗညား ကတော့ နိုဝင်ဘာ ၁၄ ရက်နေ့အထိဆို လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲမှုနဲ့ အကြောင်းမဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ အရပ်သား ၃၇ ဦး ရှိတယ်လို့ ပြောပါတယ်။ အဲ့စာရင်းထဲမှာ အသက်ကြီးရင့်သူတွေ လက်နက်ကြီးသံကြားရလို့ နှလုံးရပ်သေဆုံးသူက ၃ဦး ပါဝင်နေတာပါ။ မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး ထပ်မံသေဆုံးပြီး ကလေး ၂ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက တော့ ဒီကနေ့မှာတော့ နှစ်ဖက်ထိတွေ့မှု ကြီးကြီးမားမားမရှိပေမယ့် လွိုင်ကော်နဲ့ ဒီးမော့ဆိုတွေမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့တော့ ထိတွေ့မှုကြီးကြီးမားမားတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ကောင်စီကဖက်က ဒါ လေယာဉ်နဲ့ လာပြီးတော့ တက္ကသိုလ်ဖက်ကို လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲတာတွေရှိတယ်။ တက္ကသိုလ်အနီး တဝိုက်ကိုပေါ့နော်။ ဒါပေမယ့် လောလောဆယ်ကတော့ ထိတွေ့တိုက်ပွဲမျိုး အပြင်း အကြီးအမားမရှိသေးပါဘူးဟုတ်။ ဒီးမော့ဆိုဖက်မှာလည်း ဒီးမော့ဆို ဒေါငံခါးဖက်မှာပေါ့နော်၊ ဟိုမှာလည်း ဒီတိုက်ပွဲတွေ ဖြစ်နေပါတယ် လောလောဆယ်အထိပေါ့၊ တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။”

မနေ့ကတော့ လွိုင်ကော် အကျဉ်းထောင်တဝိုက်၊ ခရိုင်ရဲစခန်းတဝိုက်နဲ့ တက္ကသိုလ်အနားတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNDF က ပြောပါတယ်။ ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပေမယ့် မနေ့က တိုက်ပွဲမှာ လွိုင်ကော် အကျဉ်းထောင်တဝိုက် တိုက်ခိုက်မှု ရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

“ဒီနေ့ လွိုင်ကော်မှာတော့ ဒါ အကျဉ်းထောင်ကို လွိုင်ကော်အကျဉ်းထောင်ကို အပြင်းအထန် တိုက်ခိုက်နေတာ မျိုးရှိတယ်။ မနက်ပိုင်းမှာတော့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံမှာ လာရောက်ပစ်ခတ်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ရန်သူကျဆုံးမှုများရှိသောကြောင့် ပြန်လည်ဆုတ်ခွာသွားတာရှိပါတယ်။”

တိုက်ပွဲမှာ တော်လှန်ရေးအင်အားစု တွေဘက်က ကျဆုံးမှု များတယ်ဆို စစ်ကောင်စီပြောခွင့်ရက ပြောဆိုပေမယ့် စစ်မြေပြင်မှာတော့ တော်လှန်ရေးတပ်က အသာစီးရနေတယ်လို့ မြို့ခံတွေကရော KNDF ကပါ ဗွီအိုအေကို ပြောပါတယ်။

မနေ့က လွိုင်ကော် တက္ကသိုလ်ဝင်းထဲမှာ တပ်စွဲထားတဲ့ တပ်မ (၆၆)လက်အောက်ခံ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်း တို့ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF ကလည်း သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူး၊ ဒု-ရင်းမှူးများ အပါအဝင် တပ်ဖွဲ့ဝင် (၁၁၀)ကျော်သေဆုံးပြီး၊ ခဲယမ်းလက်နက်မျိုးစုံ (၁၂၈) လက်နဲ့ (၃၈)ဦးကို ဖမ်းမိသလို၊ တပ်ခွဲမှူး ကောင်းမြတ်ကို (ကြည်း - ၄၆၅၉၇) ဦးစီးတဲ့ စစ်ကောင်စီတပ်သား (၃၂) ဦးက လက်နက်ချခဲ့ကြောင်း သူတို့ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်းလည်း KNDF က ပုံနဲ့ တကွ သတင်း ထုတ်ပြန်ထားတာပါ။

KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးကတော့ ကရင်နီတော်လှန်ရေး အင်အားစုတွေက လွိုင်ကော်မြို့ကို သိမ်းပိုက်ဖို့ လုပ်နေပြီမို့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အချိန်ရှိတုန်း လက်နက်ချပြီး လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။

“စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်တွေ ရဲတွေအားလုံးကို ပြောချင်တာ ကတော့ ပြည်သူနဲ့ အမြန်ဆုံးလာရောက် ပူးပေါင်းပါ။ တော်လှန်ရေးတပ်ဖွဲ့ ဒါ လွိုင်ကော်မြို့တွေ သိမ်းပိုက်ဖို့ လုပ်နေပြီးပေါ့နော်။ အချိန်ရှိတုန်းမှာ လက်နက်ပြီးတော့ ကျနော်တို့ တော်လှန်ရေး တပ်ဖွ့ဲတွေနဲ့ ပူးပေါင်းပါ ပြည်သူတွေနဲ့ ပူးပေါင်းပါ။ အဲ့ဒါဆိုရင် ပြည်သူတွေရော တော်လှန်ရေး တပ်ဖွဲ့တွေ အားလုံးကရော ပြည်သူနဲ့ ပူးပေါင်းတဲ့လူကို ချီးမြှောက်ပြီးတော့ ဒါ ဆုချမယ့်အပြင်ပေါ့နော်၊ တကယ်တော်လှန်ရေးအောင်မြင်ဖို့အတွက် ပါဝင်ကူညီတဲ့ သူတွေအဖြစ်နဲ့ မှတ်တမ်းတင်ထား ပါမယ်ပေါ့နော်။ အားလုံးပေါ့နော် ကြည်ကြည်ဖြူဖြူနဲ့ လာရောက်ပူးပေါင်းပေါ့နော်။”

စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ပေါ်မှာ အဓိကကျတဲ့ ဌာနဆိုင်ရာနဲ့ ရဲစခန်း အနီးတဝိုက်လောက်မှာပဲ နေရာယူထားနိုင်တာဖြစ်ပြီး အဲဒီကနေ အဝေးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေယာဉ်နဲ့ပဲ ဗုံးကြဲနေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG