သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ပုလဲမြို့ကို ပြည်သူ့ကာကွယ်ရေးပူးတွဲတပ်တွေ ‌ထိန်းချုပ်ဖို့ကြိုးပမ်း


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့တွေဆီက သိမ်းဆည်းရတဲ့ စစ်လက်နက်ပစ္စည်းများ။ (Photo: ဦးထွန်းထွန်းဝင်း ကနီလွှတ်တော်ကိုယ်စားလှယ်)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့တွေဆီက သိမ်းဆည်းရတဲ့ စစ်လက်နက်ပစ္စည်းများ။ (Photo: ဦးထွန်းထွန်းဝင်း ကနီလွှတ်တော်ကိုယ်စားလှယ်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ ပီဒီအက်ဖ်တွေက မြို့ကို ဝိုင်းထားနေပြီလို့ သိရပါတယ်။ တချိန်တည်းမှာပဲ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရဲစခန်းနဲ့စစ်ကောင်စီပူးတွဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ပီဒီအက်ဖ်တွေက သိမ်းယူလိုက်ပါတယ်။ ကျားတက်ရဲစခန်းက ဆုတ်ခွာသွားကြတဲ့ ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပုလဲမြို့ ဘက်ကို ဦးတည်ထွက်ခွာသွားကြတာလို့ ပီဒီအက်ဖ်တွေက ယူဆနေကြပါတယ်။ ဒီအကြောင်း ဒေသခံ ပီဒီအက် ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ပေါင်းစုံကနေ မနေ့ညက ဝိုင်းထားလိုက်ပြီး မြို့တွင်းမှာလည်း ရဲစခန်းနဲ့ စ စ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေရှိနေပါတယ်။ မနေ့မနက်ပိုင်းကနေ နေလယ်ပိုင်းအထိ ရဲစခန်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာမှာ ရဲသုံးဦးသေဆုံးခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးဖြစ်တဲ့ စစ်ကိုင်းတိုင်းလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

"ပုလဲမြို့ကို ကျနော်တို့ ပီဒီအက်ဖ် တွေက ယင်းမာပင်ခရိုင်မှာရှိတဲ့ ပကဖ (ပြည်သူကာကွယ်ရေးတပ်ဖွဲ့)တွေ အဖွဲ့ပေါင်း ၂၂ ဖွဲ့ကနေပြီးတော့ ဝင်ပြီးတော့ တိုက်တယ်။ မနက် ၇ နာရီလောက်မှာ စတိုက်တာ။ ၈ နာရီလောက်မှာ ရဲစခန်း၊ ထွေအုပ်ရုံး သူတို့တပ်စွဲထားတဲ့ အထက်တန်းကျောင်း - စုစုပေါင်း ၃ နေရာ တပြိုင်တည်းတိုက်တော့ အကုန်လုံး သိမ်းပိုက်နိုင်တဲ့ အခြေအနေမရှိသေးဘူး။ ၈ နာရီကနေ နေ့လည် ၁ နာရီလောက်အထိ တိုက်ပွဲက ဖြစ်တယ်။ ဆာလင်းကြီးမြို့နယ် ကျားတက်ရွာကနေ ပုလဲမြို့ဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီးတော့ လာနေတာ။ ခုချိန်အထိတော့ မြို့ထဲကို မရောက်သေးဘူး။ ဗြုံးစားကြီးလာတယ်ထင်ပြီး နောက်ဆုတ်ထားလိုက်တာ။ မြို့ကို ပီဒီအက်ဖ် ရဲဘော်တွေက ဝိုင်းထားတယ်။”

မနေ့ကတိုက်ပွဲမှာ အရပ်သား၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂ ဦးလည်း ရှိတယ်လို့လည်း သိရပါတယ်။ ပုလဲမြို့ခံတွေကတော့ မြို့ကနေ ခေတ္တရှောင်နေကြပြီး ရဲနဲ့တပ်မိသားစုဝင် တချို့ပဲ မြို့ထဲမှာ ကျန်တော့ပါတယ်။

ပုလဲမြို့ဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး လာနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ ဒေသခံကာကွယ်ရေး ပီဒီအက်ဖ်တွေ စုပေါင်းတိုက်ခိုက်လို့ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာရဲစခန်းကနေ ဆုတ်ခွာသွားကြတာလို့ ပီဒီအက်ဖ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်အိုင်စီ က ပြောပါတယ်။ အဲဒီဆုတ်ခွာသွားတဲ့အထဲက စစ်ကောင်စီတပ်ဟာ မူလကပုလဲမြို့က လာခဲ့တာဖြစ်ပြီး ဒီလ နိုဝင်ဘာ ၁၂ ရက်နေ့က ဆားလင်းကြီးမြို့နယ်က ကျားတက်ကျေးရွာ ရဲစခန်းကို စစ်ကူလာခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ အဲဒီစစ်ကောင်စီ စစ်ကူတပ်ဟာ ပုလဲနဲ့ ဆားလင်းကြီးကြားက ကျေးရွာတရွာကို မီးရှို့ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ ပီဒီအက်ဖ်တွေကလည်း လမ်းတလျှောက် ကြားဖြတ်တိုက်ခိုက်ကြတဲ့အတွက် အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေ အကျအဆုံးရှိပြီး လက်နက် ၄ လက်သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။

ကျားတက်ကျေးရွာရဲစခန်းကို သူတို့ဒေသကာကွယ်ရေး ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေက ဒီလ နိုင်ဝင်ဘာ ၁၂ ရက်နေ့ကတည်းက တိုက်ခိုက်နေခဲ့တာဖြစ်ပြီး မနေ့ကတော့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့အတူ ရဲတပ်ဖွဲ့တွေက မိသားစုတွေကို ခေါ်ပြီး ပုလဲမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားတာလို့ ပီဒီအက်ဖ် ခေါင်းဆောင် ဗိုလ်အိုင်စီက ပြောပါတယ်။

"တောင်ဘက်ခြမ်းကနေ ဝိုင်းပြီးတော့ ကျားတက်ရဲစခန်းကို ဝိုင်းတိုက်တာ ဒီနေ့ ၁၅ ရက် ဒီနေ့ကျတော့ သူတို့ အထိုင်စခန်းမှာရှိတဲ့ ရဲကော၊ စစ်သားကော တယောက်မှ မရှိကြတော့ဘူး။ အကုန်လုံး ထွက်ပြေးကုန်ကြပြီ။ ပုလဲဘက်ကို ထွက်သွားပြီ ဒီလိုပဲ သိရတာပါဗျ။”

အခုဆိုရင် ချင်းတွင်မြစ် အနောက်ဘက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်က ဆားလင်းကြီးမြို့နယ် ၊ ကျားတက်ကျေးရွာကို ပီဒီအက်ဖ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် အခုဆိုရင် အနီးဝန်းကျင် ကျေးရွာတွေက စစ်ဘေးဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG