သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲ ဒေသခံကာကွယ်ရေးစခန်းကို စစ်ကောင်စီ လေကြောင်းအကူနဲ့ ဝင်စီး


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကျေးရွာတချို့ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကျေးရွာတချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒေသခံကာကွယ်ရေး စခန်းတစ်ခုကို စစ်တပ်က လေကြောင်းကနေ ရုတ်တရက် ဝင်ရောက် ပစ်ခတ်ပြီး စီးနင်းခဲ့သလို ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ချင်းပြည်နယ်မှာလည်း စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နေပါတယ်။ စစ်ကိုင်းနဲ့ ချင်းပြည်နယ်က အခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပေးမှာပါ။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မကွေးတိုင်းအစပ်မှာရှိတဲ့ ပန်းရွာနဲ့ တနယ်ကျေးရွာကြားက ဒေသခံကာကွယ်ရေးအဖွဲ့ စခန်းတခုကို ဧပြီ ၅ ရက်၊ ဒီကနေ့ မနက်ပိုင်းက စစ်တပ်က ရဟတ်ယာဉ် ၃ စီးနဲ့ လေကြောင်းကနေ ရုတ်တရက် ဝင်ရောက်ပစ်ခတ်ပြီး စီးနင်းခဲ့ပါတယ်။ စခန်းသိမ်းပိုက်ခံရပေမယ့် ကာကွယ်ရေးအဖွဲ့တွေ အထိအခိုက်မရှိခဲ့ဘဲ ပန်းရွာမှာ စစ်တပ်က တပ်စွဲထားတဲ့အတွက် အနီးနားက ကျေးရွာတော်တော်များများဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ မနက်ကဖြစ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပုလဲမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“သူတို့ဘက်က တဖက်သတ်ပစ်ခတ်ပြီးတော့ ကျွန်တော်တို့ စခန်းငယ်လေးတခု သိမ်းပိုက်ခြင်းခံလိုက်ရတယ်ခင်ဗျ။ ထိခိုက်ဒဏ်ရာမရှိဘူး။ ကျွန်‌တော်တို့ရဲဘော်တွေ လွတ်လပ်စွာ ရှောင်တိမ်းနိုင်ခဲ့တယ်ခင်ဗျ။ သူတို့က ဖိုက်တာနဲ့ပစ်ပြီးတော့ စစ်တပ်က လူတွေပါ ရဟတ်ယာဉ်ပေါ်ကနေ ချထားခဲ့တယ်။ ဘီလူးစစ်ကြောင်းလို့ သတင်းရထားပါတယ်။ လက်ရှိအဲ့နားမှာ တပ်ဖြန့်ထားတော့ အဲ့နားမှာ ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေ အားလုံးက ပြည်သူတွေ တိမ်းရှောင်နေရပါတယ်။ လေယာဉ်နဲ့ပစ်တော့ကျတော့၊ ရဟတ်ယာဉ်ပေါ်က ချတော့ကျတော့ ပြည်သူတွေအနေနဲ့ ရှောင်ရတော့တာပေါ့။ စစ်တပ်က ချထားခဲ့တယ်ဆိုတော့။”

စစ်တပ်က ပန်းရွာထဲ တပ်စွဲထားတဲ့အတွက် ပန်းရွာနဲ့ တနယ်ရွာ အပါအဝင် အနီးနားက ကျေးရွာတွေဖြစ်တဲ့ လက်ပံလှ၊ အောင်ကျင်း၊ ပျော်ဘွယ်၊ မွေ့ဘုံ၊ မင်းရွာ စတဲ့ကျေးရွာတွေအပါအဝင် တော်တော်များများ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

စခန်းသိမ်းဆည်းရမိတဲ့ အခြေနေနဲ့ ပတ်သက်လို့ စစ်တပ်က ရှိနေတဲ့အတွက် လတ်တလော မသိရှိရသေးဘဲ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါက စစ်ကိုင်းတိုင်းထဲက အခြေအနေပါ။

ချင်းပြည်နယ် ဖလမ်းနဲ့ ဟားခါးကြားမှာ စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေရှိနေပါတယ်။ ဧပြီ ၄ ရက် ညနေပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာတော့ ဟားခါးနဲ့ဖလမ်း မြို့ကြားကို စစ်တပ်ဘက်က လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဟားခါး CDF တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“ဖလမ်းနဲ့ ဟားခါးကြား အလယ်လောက်ပဲ အဲ့လောက်မှာပဲ သူတို့က ကြားညှပ်ခံပြီးတော့ပေါ့လေ ကျွန်တော်တို့ဘက်က တားနေရတာပေါ့။ သူတို့ကလည်း ရှေ့တိုးလို့မရတော့တဲ့အခါမှာ လေကြောင်းပစ်ကူနဲ့ပေါ့ လာပြီးတော့မှ ဗုံးကြဲတာပေါ့။ ထိခိုက်ပျက်စီးမှုကတော့ အဲ့ဒီ ဗုံးကြဲတာနဲ့တော့ မကြားရသေးဘူး။ တိုက်ပွဲက ပြင်းထန်တယ်လို့ပဲ ပြောရမှာပေါ့။ ကလေးကနေ တက်လာတဲ့ စစ်ကြောင်းပေါ့နော်။ ကားကလည်း အစီး ၃၀၊ တိုက်ပွဲကလည်း ခဏခဏဖြစ်တယ်ပေါ့။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပဲပြောရမှာပေါ့။”

စစ်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ကတည်းက ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို စစ်အင်အား အလုံးအရင်းနဲ့ ချီတက်ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေတာကြောင့် ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။ လမ်းပိုင်းအကွာအဝေး မိုင် ၄၀ ရှိပြီး ကားနဲ့ ၄ နာရီခန့်သာ မောင်းရတဲ့ခရီးရှိတဲ့ ဖလမ်းနဲ့ ဟားခါးလမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်နေတာ တစ်လ နီးပါးရှိတော့မှာဖြစ်ပြီး နယ်မြေရှင်းလင်းတဲ့ လမ်းကြောင်းတလျှောက်မှာရှိတဲ့ နေအိမ်အချို့လည်း မီးရှို့ခံရတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG