သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ယင်းမာပင်မြို့အနီး တိုက်ပွဲများကြောင့် ဒေသခံတွေထွက်ပြေးရ


ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။ (ယခင်ပုံဟောင်း)
ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့အတွက် ကျေးရွာတော်တော်များများက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် တနင်္လာနေ့ညက စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ယင်းမာမင်မြို့နားတဝိုက် ပစ်ခတ်တိုက်မှုတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့မှာ ခုလိုစစ်ကောင်စီတပ်တွေဘက်က စစ်ကြောင်းတွေအားဖြည့်လာတာဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့အစောပိုင်းမှာ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်အနောက်ဘက် ပုပ္ပားကျေးရွာနားမှာ စခန်းချနေတဲ့အတွက် အနီးအနား ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာ ပြေးနေကြပါတယ်။ တောတွေထဲမှာ ပုန်းခိုနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးသူတဦးက ပြောပါတယ်။

“ဒီနေ့မှာ ပြေးရတာကတော့ ရှိတယ်ဗျ။ အခုဆိုရင် စစ်ကြောင်းတကြောင်းက ပုလဲနယ် ကနေပြီးတော့ ဒီဘက် ယင်းမာပင်ဘက်ကို စစ်ကြောင်းတကြောင်းထပ်ထိုးတာရှိတယ်ဗျ။ ထိုးတော့ကျတော့ အနောက်ဘက်ခြမ်းမှာလည်း ရွာတော်တော်များများတော့ ပြေးနေရပြီ။ ဒီနေ့၊ ဒီနေ့ ထွက်ပြေးရတယ်ဗျ။ ရွာတွေက တော်တော်များများပြေးလာကျတော့ သူတို့ တောတွေထဲမှာ ရှိရတယ်။ တောတွေထဲမှာ တချို့ဆို လှည်းနွားရှိလို့ လှည်းနွားလေးတွေနဲ့၊ အခုဆောင်းရာသီဆိုတော့ တော်တော်အခက်အခဲတော့ ရှိတယ်ပေါ့။ မီးလည်း မဖိုရဲ။ ရှိတဲ့၊ ပါလာတဲ့ စောင်လေးတွေနဲ့ပဲ လောက်ငှအောင် ခြုံရတာမျိုးလေးရှိတာပေါ့။ တချို့ကတော့လည်း မပါတဲ့လူလည်း ရှိတာပေါ့ဗျာ။”

ဖေဖော်ဝါရီ ၁၄ ရက် တနင်္လာနေ့ည ၉ နာရီလောက်မှာ ယင်းမာပင်မြို့အနီးဝန်းကျင်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၄ နာရီလောက်ကြာအောင် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ယင်းမာပင်က မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

“မနေ့ညက တိုက်ပွဲဖြစ်တာက ၉ နာရီလောက်ကနေပြီးတော့ ၁ နာရီကျော်အထိတောင်ပေါ့နော်။ ထိတွေ့တိုက်ပွဲမှုတွေဖြစ်ခဲ့တာရှိပါတယ်။”

ယင်းမာပင်မြို့တဝိုက်မှာ တိုက်ပွဲငယ်တွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတာ ၃ ရက်ရှိပြီလို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သံဃာတပါးက မိန့်ကြားပါတယ်။ ဒါကြောင့် မြို့ပေါ်က ဒေသခံအတော်များများကလည်း ဘေးလွတ်ရာ ပတ်ဝန်းကျင်ကျေး ရွာနဲ့ တောတောင်ထဲမှာ ပုန်းရှောင်နေကြရတာလို့ မိန့်ပါတယ်။

“ညတိုင်းရှိတယ်။ ၃ ရက်လောက်ရှိပြီ။ ဒေသခံတွေက မြို့ပေါ်ကပေါ့နော်။ မြို့ပေါ်မှာ ရှိတဲ့ လူတွေကတော့ များသောအားဖြင့် ကိုယ့်အိမ်ယာတွေကို စွန့်ပြီးတော့ ထွက်ခွာသွားတာမျိုးတွေ ရှိတယ်။”

အခုရက်ပိုင်းတွေအတွင်း ယင်းမာပင်မြို့အတွင်းမှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားသွားလာမှုတွေ များနေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပိုပြီးတော့ ပစ်ခတ်တိုက်ခိုက်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးသူက ပြောဆိုပါတယ်။

“လောလောဆယ်တော့ တမြို့လုံးပေါ့။ နီးစပ်ရာရွာတွေကို ထပ်ပြီး စစ်ဘေးရှောင်နေတာတော့ ရှိတယ်ဗျ။ အခုလောလောဆယ်က မြို့ထဲမှာကျတော့ စစ်ကောင်စီက ကောင်တွေက မြို့ထဲမှာ နေပြီးတော့ ပြည်သူတွေကို လိုက်ဖမ်းတယ်။ ပစ္စည်းတွေကို ခိုးတယ်။ လုတယ်။ အဲ့မှာ ပြည်သူတွေက မနေရဲတော့မို့ ဘေးလွတ်ရာကို ရှောင်ပြေးလာတာ လောလောဆယ် အခြေအနေက ဒေသခံ PDF တွေကတော့ အဲ့ဒါကိုတော့ မခံချင်ဘူးပေါ့။ ဒီ သူတို့နီးစပ်ရာ ရဲစခန်းတို့ သူတို့တပ်စွဲထားတဲ့ နေရာတွေကိုတော့ ဒေသခံ PDF တွေကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်မျိုးတော့ ရှိတာပေါ့။”

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်ထဲမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေက လက်နက်စွဲကိုင်တိုက်ခိုက်မှုတွေ ၂၀၂၁ ခုနှစ် မတ်လထဲက စတင်လုပ်လာတာဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး ယင်းမာပင်မြို့နယ်အတွင်း သောင်းနဲ့ ချီတဲ့ ဒေသခံတွေ နီးစပ်ရာ ကျေးရွာဘုန်း ကြီးကျောင်းနဲ့ တောင်တောတွေထဲမှာ ခိုလှုံနေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါး၊ အစားအသောက်နဲ့ အဝတ်အထည်၊ စောင်အကူအညီတွေ အလွန်အမင်းလိုအပ်နေတယ်လို့ ဒုက္ခသည် အကူအညီပေးသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]












==========

XS
SM
MD
LG