သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဦးမြို့နယ်တွင်း စစ်ကောင်စီလုံခြုံရေး တင်းကြပ်


ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင် ပြည်သူများ (photo: C J)
ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင် ပြည်သူများ (photo: C J)

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့မှာရှိတဲ့ဝန်ထမ်းတွေကို ခရိုင်မြို့ဖြစ်တဲ့ ရေဦးမြို့ကို စစ်ကောင်စီကပြောင်းရွှေ့ခိုင်းထားပြီး ရေဦးမြို့မှာ လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ ဒါ့အပြင်ဒီပဲယင်း-ရေဦးလမ်းမမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အတွက် လမ်းတလျှောက် ကျေးရွာတွေက ဒေသခံတသောင်းနီးပါးလည်း တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက အခြေအနေသတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီက ရေဦး မြို့ဝင်မြို့ထွက်ကို တင်းကြပ်ထားပြီး ဗုံးခိုကျင်းနဲ့ သဲအိတ်အကာအရံ လုပ်သူတွေကို တားမြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရေဦးနဲ့သိပ်မဝေးတဲ့ အနောက် တောင်ဘက်က ဒီပဲယင်းမြို့မှာလည်း တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ရေဦးမြို့ကို ပြောင်းရွှေ့ခိုင်းနေတယ်လို့လည်း ပြောပါတယ်။

ဒီပဲယင်းမြို့ထဲမှာ စစ်ကောင်စီတပ်ကလွဲလို့ အခြားဝန်ထမ်းတွေမရှိတော့ဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် ဒီဝန်ထမ်းတွေ ပြောင်းရွှေဖို့အတွက် ဒီပဲယင်း-ရေဦးလမ်းပိုင်းကို စစ်ကောင်စီဘက်က လုံခြုံရေးယူထားတယ်လို့လည်း ဒီပဲယင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“အဓိက က သူတို့ ဝန်ထမ်းတွေပေါ့။ ဒီပဲယင်းမြို့ကို ခွါတော့မယ်၊ ဆုတ်တော့မယ့် သဘောတော့ရှိတယ်။ ဝန်ထမ်းတွေကို သူတို့လည်း လုံခြုံရေးမပေးနိုင်တော့ဘူး။ Defense ပြင်တော့တာပေါ့လေ။ စစ်တပ်က တပ်စွဲထားတာက ရှိသေးတယ်။ အဓိက-က စည်ပင်တို့ ဘဏ်တို့ပေါ့ဗျာ။ ဌာနဆိုင်ရာဝန်ထမ်း တော်တော်များများကို လုံခြုံရေးမပေးနိုင်တော့ဘူး။ ဝန်ထမ်းတွေက သူတို့အစီအစဉ်နဲ့ သူတို့ပြေးကြ၊ သူတို့လမ်းကြောင်း လုံံခြုံရေးယူထားတုန်းကို ရေဦးဘက်ကို ထွက်ပြေးနေကြပြီ။”

ရေဦးမြို့ကို တိမ်းရှောင်နေတဲ့ ဝန်ထမ်းအချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိတာရှိပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ အပ်နှံကာ လုပ်ထုံးလုပ်နည်းနဲ့အညီ တရားစွဲဆိုသွားမယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ဝန်ထမ်းတွေပြောစကားအရ စစ်ကောင်စီတပ်ဟာ ဝန်ထမ်းအိမ်ရာက လူတွေကို ညတွင်းချင်း ပြောင်းရွှေ့ဖို့ အမိန့်ပေးစေခိုင်းခဲ့တယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေဦးမြို့ဟာ ခရိုင်မြို့ဖြစ်တဲ့အတွက် ဒီပဲယင်းကနေ ရေဦးမြို့ကို ပြောင်းရွှေ့နေကြတာဖြစ်ပြီး ဒီပဲယင်း-ရေဦးလမ်းပိုင်းမှာ စစ်တပ်က ၄ နေရာခွဲပြီး တပ်စွဲထားတာပါ။ စစ်တပ်က တပ်စွဲထားတဲ့အတွက် အနီးနားက ဒေသခံတသောင်းနီးပါးဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“သူတို့က ဒီပဲယင်း - ရေဦးလမ်းကို အပိုင်အထိုင်ချတပ်စွဲထားလို့ ဒီပဲယင်း -ရေဦးလမ်းမှာ မူးတုံဆိုပြီး ရှိတယ်။ အဲ့မှာ တပ်စွဲထားတာ။ တပ်စွဲထားတော့ အဲ့နားပတ်ချာလည်က ရွာတွေက နေလို့မရတော့ဘူး။ အဲ့နား ပတ်ချာလည်က လက်နက်ကြီးနဲ့ထုရင် မလွတ်တော့ဘူးဆိုတော့ လက်နက်ကြီးထုမှာလည်း ကြောက်တယ်။ စစ်ကြောင်းထိုးမှာလည်းကြောက်တယ်။ တရွာကို လူဦးရေတထောင် နှုန်းထားပါတော့နော်။ ဒီပဲယင်းဘက်က ၃ ရွာ။ ရေဦးဘက်က ၅ ရွာ- ၈ ရွာပေါ့။”

ရေဦးမြို့မှာလည်း မြို့ဝင်မြို့ထွက်တွေကို တင်းကြပ်စွာ စစ်ဆေးနေပြီး မြို့တွင်းမှာ ဗုံးခိုကျင်း တူးတာတွေအပြင် သဲအိတ်တွေကာရံထားတဲ့ နေအိမ်တွေကို စစ်ကောင်စီဘက်က လာရောက်တားမြစ်တာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရေဦးမြို့ခံတဦးက အခုလို ပြောပါတယ်။

“ကျမတို့ဒီမှာ အခြေအနေက တော်တော်ခက်ခဲသွားတယ်။မြို့ပြင်ကိုထွက်မယ်ဆို အိမ်တွေကို ချိတ်ပိတ်မယ်ပြောတယ်ပေါ့။ ဗုံးခိုကျင်းတွေ မတူးရဘူး၊ တူးတာတွေ့ရင် တွေ့တဲ့အိမ်တွေကို (ဓာတ်ပုံ) ရိုက်တယ်ပေါ့။ ခိုအောင်းဖို့အတွက် တူးတာလား။ (အဝတ်) ထုပ်လည်း အပြင်မခံဘူးပေါ့။ ထွက်ပြေးသွားတယ်ဆို အိမ်တွေကို ပြန်ဝင်ခွင့် မပေးဘူးပေါ့။ တချို့က ကြောက်တော့ ဗုံးခိုကျင်းတူးကြတယ်။ ကိုယ့်အိမ်မှာ ကိုယ်ပေါ့၊ မသွားနိုင်တဲ့သူတွေက သဲအိတ်တွေဘာလို့ချတာလည်း သဲအိတ်ချတဲ့အိမ်တွေဆို သူတို့က (ဓာတ်ပုံ) တွေ ရိုက်သွားတယ်ပေါ့။”

မြို့ပြင်ထွက်တဲ့သူတွေကို မှတ်ပုံတင်စစ်ဆေးတာအပြင် ကျေးရွာတွေကနေ မြို့ပေါ်လာရောက်သူတွေကိုလည်း တင်းကြပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရိုင်မြို့ဖြစ်တဲ့ ရေဦးမြို့ဟာ စစ်ကိုင်းတိုင်းထဲမှာ ဆက်သွယ်ရေးအတွက် အဓိကမြို့တမြို့ဖြစ်ပြီး တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ ချောင်းဦး စတဲ့မြို့တွေအတွက် အချက်အချာကျတဲ့ မြို့တမြို့ဖြစ်ပါတယ်။ စစ်တပ်ဟာ ရေဦးမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်စွာချထားပြီး လေကြောင်းကနေတဆင့် လက်နက် ဖြည့်တင်းနေသလို မြို့ထဲက အထပ်မြင့် အဆောက်အအုံတွေမှာ ဝင်ရောက်တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG