သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနယ်မြေရှင်းလင်းရာ ယင်းမာပင်နဲ့ခင်ဦး ဒေသခံ ၈ဦး သေဆုံး


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာထက် မနည်းက ဒေသခံ ၁ သောင်းခွဲနီးပါးစစ်ဘေး တိမ်းရှောင်နေရစဉ် (အောက်တိုဘာ ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာထက် မနည်းက ဒေသခံ ၁ သောင်းခွဲနီးပါးစစ်ဘေး တိမ်းရှောင်နေရစဉ် (အောက်တိုဘာ ၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး နယ်မြေရှင်းနေပြီး အောက်တိုဘာ ၁၅ ရက် နေ့ကတော့ ယင်းမာပင်မြို့နယ်က ဒေသခံ ၆ ဦးနဲ့ ခင်ဦးက ဒေသခံ၂ ဦးတို့ သတ်ဖြတ်ခံခဲ့ရ ပါတယ်။ သေဆုံးရသူတွေရှိသလို အဖမ်းခံရသူတွေပါရှိနေပြီး တချို့ ပြန်လွတ်မြောက်လာပေမယ့် ပြန်မလွတ်ဘဲ စစ်ကြောင်းတစ်လျှောက် ဆက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား တာ တွေပါရှိနေတယ်လို့ ဒေသခံတွေက ပြေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တို့မှာ စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၇ ဦးနဲ့ ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ ယင်းမာပင်နဲ့ ခင်ဦးမြို့နယ်က ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်ဖက်ကနေ ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်း ဝင်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့ကြတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဖက်က ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ ကာကွယ်ရေးအဖွဲ့ဖက်က တစ်ဦး စစ်ကောင်စီတပ်ရဲ့ အဖမ်းဆီးခံရပြီး ခေါင်းဖြတ် အသတ်ခံခဲ့ရတယ်လို့ ယင်းမာပင်မြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ဖက်က အဲ့တစ်ယောက်ကျတယ်၊ ကျန်တဲ့ ၂ ယောက်လောက်က ဒဏ်ရာ ရတယ်။ တခြားတပ်ရင်း တပ်ဖွဲ့ကလည်း ဒဏ်ရာ ရတဲ့သူ ၂ ယောက်လောက် ရှိတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ကတော့ နည်းနည်း တစ်ယောက်။ လက်နက်ကြီးကျတာဆိုတော့ အဲ့တစ်ယောက်က အောက်စီဂျင်နဲ့ဆိုတော့ စိုးရိမ်ရတယ် နောက်တစ်ယောက် ခေါင်းဖြတ်သတ်ခံရတယ်ပေါ့နော်။”

အောက်တိုဘာ ၁၅ ရက်နေ့က ပုလဲမြို့နယ်ဖက်ကနေ ယင်းမာပင်မြို့နယ်ထဲကို ဝင်လာတဲ့ စစ်ကြောင်းက ဒီကနေ့ ၁၆ ရက်နေ့မှာ ယင်းမာပင်မြို့နယ် သဲကုန်းကျေးရွာက ဒေသခံ ၆ ဦးကို ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့က အတည်ပြုပါတယ်။ ဒီ ၆ ဦးထဲမှာ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား ၂ ဦးပါဝင်ပြီး အားလုံးဟာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီကနေ့ ၁၆ ရက်နေ့မနက်ကျတော့ သူတို့(စကစ)တွေ ဆင်ပစ်ကိုဝင်တယ်၊ စစ်ကြောင်းတွေထွက်ပြီဆိုပြီးတော့ ရွာကို ပြန်ဝင်ကြတဲ့ခါကျတော့ ရွာထဲက လုံးဝကို အပစ်မဲ့ ကျောင်းသားလေးတွေဖြစ်တဲ့ ကျောင်းသား ၂ ယောက်ပါတယ်၊ ကျန်တာ သက်လတ်ပိုင်း အသက် ၃၀၊ ၄၀ တွေအပါအဝင်ပေါ့ဗျာ စုစုပေါင်း ၆ ယောက်ပေါ့နော်။ သူတို့ကလည်း စစ်ကြောင်းရှင်းပြီအထင်နဲ့ ရွာကိုပြန်ဝင်ချိန်မှာ စကစတွေနဲ့ မိသွားတဲ့ခါကျတော့ သူတို့ကိုလည်း နှိပ်စက်ပြီးတော့ သတ်ထားခဲ့တယ်။ စစ်ကြောင်းက ရွာထဲမှာလည်း မွေနှောက်ဖျက်ဆီး ထားတာတွေလည်း တော်တော်များတယ်။”

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာထက် မနည်းက ဒေသခံ ၁ သောင်းခွဲနီးပါးစစ်ဘေး တိမ်းရှောင်နေရစဉ် (အောက်တိုဘာ ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာထက် မနည်းက ဒေသခံ ၁ သောင်းခွဲနီးပါးစစ်ဘေး တိမ်းရှောင်နေရစဉ် (အောက်တိုဘာ ၊ ၂၀၂၃)

စစ်ကောင်စီစစ်ကြောင်းတွေက တနင်္လာနေ့ညနေပိုင်းမှာတော့ ယင်းမာပင်မြို့နယ် မြင်သာကုန်း ကျေးရွာမှာ အင်အား ၆၀ ကျော်လောက်နဲ့ တစ်ဖွဲ့၊ ယဉ်ပေါင်တိုင်ကျေးရွာမှာ အင်အား ၆၀ ကျော် ဝန်းကျင်လောက်နဲ့ တစ်ဖွဲ့စီခွဲပြီး စုစုပေါင်း အင်အား ၁၂၀ကျော်လောက်နဲ့ စခန်းချနေတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒီစစ်ကြောင်းက စစ်ကြောင်းဝင်လာခဲ့တဲ့ လမ်းတစ်လျှောက် ကျေးရွာတွေက တောထဲမှာ စစ်ရှောင်နေကြရတဲ့ ဒေသခံတချို့ကိုလည်း ဖမ်းဆီးသွားတာတွေရှိပေမယ့် ဖမ်းဆီးခံရတဲ့ အရေအတွက် ကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ ပြောပါတယ်။

“ဒီစစ်ကြောင်း ရှေ့ရွာတွေမှာ အထိုးခံရတုန်းက အခြားဒေသခံရွာတွေပေါ့၊ အဲ့ရွာမှာ တစ်ယောက်စ နှစ်ယောက်စစီပါခဲ့တယ်လို့ပြောတယ်။ ရနောင်ရွာတွေတို့ ဆင်ပစ်တို့ ဟိုဖက်က ရွှေလှံရွာတွေကလည်း မိခံရတာ ပါတယ်။”

ယင်းမာပင်မြို့နယ်မှာ လက်ရှိ စစ်ကောင်စီတပ်စခန်းချနေတဲ့ ယဉ်ပေါင်တိုင်ကျေးရွာအပါအဝင် အနည်းဆုံး ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းဝင်တဲ့အခါ အရင်ကလို ကျေးရွာတွေထဲကနေ ဖြတ်တာမျိုးမဟုတ်ဘဲ စစ်ရှောင်ဒေသခံတွေ နေလေ့ရှိတဲ့ ကျေးရွာအပြင်က တောထဲကနေ ဖြတ်ဝင်တာမျိုးတွေ ရှိတာကြောင့် ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ ဒါကြောင့် ဒေသခံတွေစစ်ရှောင်တဲ့အခါ တောထဲမှာ မနေဘဲ စစ်ကြောင်းနဲ့ လွတ်ရာ အတော်အတန်ဝေးတဲ့ ကျေးရွာတွေဆီကို စစ်ရှောင်ကြဖို့ တိုက်တွန်းထား တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းဖက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“တစ်ယောက် အဖမ်းခံ ၇တယ်ဗျ၊ သတ်ခံ ၇ တာကတော့ ၂ ယောက်သတ်ခံ၇တယ်၊ ကန်သာယာရွာကပဲ။ စစ်ကြောင်းက အနောက်ဖက်က ရေဦးကနေ လာတဲ့စစ်ကြောင်းဗျ ရေဦးကနေ မူးတိမ်ချောင်း၊ တဲစုကိုဖြတ်ဝင်တယ် တဲစုကနေမှာ ကျွန်တော်တို့ တောင်ဖက်ကနေမှာ ခင်ဦးကို ဝင်တာဗျ စစ်ကြောင်းက။”

ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုကျေးရွာကို ဝင်ရောက်ခဲ့တဲ့ အဲ့ဒီစစ်ကြောင်းက ကျေးရွာက ထွက်သွားချိန်မှာ ရေဦး-ညောင်ပင်သာ ကားလမ်း မူးတိမ်ချောင်းကူးတံတားအနီး မိုင်းထောင်ထားခဲ့တာကြောင့် ဒေသခံတစ်ဦး မိုင်းထိပြီး ခြေထောက်ပြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာလည်း အောက်တိုဘာ ၁၄ ရက်နေ့က ဝင်လာတဲ့ စစ်ကြောင်းကြောင့် စစ်ရှောင်နေကြရတဲ့ ဒေသခံတွေထဲက တချို့ စစ်ကြောင်းဝေးသွားချိန် ကျေးရွာကို ပြန်ဝင်ကြတာရှိပေမယ့် ရေဦး-ညောင်ပင်သာ ကားလမ်းတဝိုက်ကို စစ်ကြောင်းဖြန့်ကျက်လာတာကြောင့် အဲ့ဒီအနီးမှာရှိတဲ့ မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်းပတ် စတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀၀ ဝန်းကျင်လောက် ထပ်မံ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်မှာ မြန်မာပြည်တစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးရှိလာပြီး စက်တင်ဘာ ၂၆ ရက်နေ့ကနေ အောက်တိုလာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ အနောက်ဘက်ရှိ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ လူဦးရေ ၁၃၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG