သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမြို့နယ်တွင်းတိုက်ပွဲတွေကြောင့် ဒေသခံတွေနေရပ်မပြန်နိုင် 


စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း/ယခင်မှတ်တမ်းဓာတ်ပုံ (Photo: C J)
စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း/ယခင်မှတ်တမ်းဓာတ်ပုံ (Photo: C J)


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အတွင်းက ငှက်ပျောတိုင်းကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေက အောက်တိုဘာ ၉ ရက်နေ့ မနက်က ဝင်ရောက်တိုက်ခိုက်တဲ့ အတွက် စစ်ကောင်စီက လေကြောင်းကနေ ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ဒီအတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေအဖို့ တောတောင်တွေထဲမှာပဲ ရှောင်ပုန်းနေကြရတဲ့အကြောင်း သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေး အဖွဲ့ တပ်ပေါင်းစုတွေက ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ကျေးရွာအတွင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ် အင်အား ၇၀ ကျော်လောက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက VOA ကို ပြောပါတယ်။
"ရင်း ၃ ပါတယ်၊ ရင်း ၄ ပါတယ်။ ကန့်ဘလူဟိုဖက် ခင်ဦးနယ်က အဖွဲ့တွေပါါတယ်။ သပိတ်ကျင်း နယ်က အဖွဲ့တွေပါတယ်။ အဲ့လို့ အဖွဲ့စုံ စုတိုက်တာဗျ။ ငှက်ပျောတိုင်းက လျှပ်စစ်ဓာတ်အားခွဲရုံရှိတယ် အဲ့ဒီခွဲရုံထဲမှာက ၇၀ ကျော်လောက်ရှိတာဗျ။ မနက်ခင်း ၄နာရီခွဲ ၅ နာရီလောက်ဝင်တိုက်တော့ ၂ နာရီလောက်ကြာတဲ့ခါကျတော့ မုံရွာ နမခ ကနေ တက်လာတဲ့ Mi35 နဲ့ လာပစ်တာ။ ပစ်တဲ့အချိန်ကျတော့ ကာကွယ်ရေး အဖွဲ့တွေက ဝေးဝေး မပြေးဘဲအဲ့ နားမှာပဲ ရှောင်နေလိုက်ကြတာ။ မနက်ခင်း ၇ နာရီခွဲလောက်က တစ်ကြိမ်လာတယ်။ ၉ နာရီ ဝန်းကျင်လောက်ကို တစ်ကြိမ်လာတယ်။ နေ့လယ် ၁၂ ခွဲ ၁ နာရီလောက်ကို တစ်ကြိမ်လာတယ်။"
စစ်ကောင်စီတပ်တွေက တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ၃ ကြိမ် ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အတွက် ဒေသကာကွယ်ရေး တပ်သား ၂ဦး ကျဆုံးခဲ့သလို ဆေးကုသနေစဉ် သေဆုံးရသူတဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၁၅ ဦးလောက် ရှိနေတယ်လို့လည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။
"ကျွန်တော်တို့ တိုက်နေရင်း ၂ ယောက်ကျတယ်။ ညနေကျ ဆေးကုရင်း တစ်ယောက်ဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရတာက ၁၅ ယောက်လောက ်ရှိတယ်။ အခု နောက်ဆုံး အခြေအနေမှာက ထန်းကုန်းတို့ ဇီးကုန်းတို့ဖက်က ပျူတွေရှိတယ်ဗျ၊ ဝါဿဝရဲ့ ပျူတွေ သူတို့တွေက နောက်ထပ် အင်အား ကား ၃ စီးနဲ့ လာလိုက်တာ ၁၀၀ ဝန်းကျင်လောက်ရှိတယ် အဲ့ဒါကိုမှ အဲ့ဒီ ၁၀၀ ဝန်းကျင်လောက်က ခု ငှက်ပျောတိုင်းမှာ ရောက်နေပြီ။"
စစ်ကောင်စီတပ်တွေဟာ ဒေသခံပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အင်အား ဖြည့်တင်းထားသလို၊ စခန်းအထိုင်ချထားရာ ငှက်ပျောတိုင်းကျေးရွာကနေ ဘေးပတ်လည်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အနီးဝန်းကျင်မှာ ရှိနေတဲ့ စစ်ဘေးရှောင်တွေကို ထိခိုက်မှာကို စိုးရိမ်နေရတယ်လို့လည်း ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့တွေ ငှက်ပျောတိုင်းကျေးရွာမှာ ရုတ်တရက် အထိုင်ချတပ်စွဲ လိုက်တာကြောင့် ငှက်ပျောတိုင်းကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာတချို့က ဒေသခံတွေဟာ အဝတ်တစ်ထည် ကိုယ်တခုနဲ့ စစ်ဘေးရှောင်ကြရတာ ဖြစ်ပြီး အခုတစ်လကျော် ကြာတဲ့ အထိ နေအိမ် မပြန်နိုင်ကြသေးတဲ့အတွက် အခြေခံစားသောက်တွေနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင် တာဝန်ခံက ပြောပါတယ်။
"လတ်တလောကတော့ ငှက်ပျောတိုင်းရယ်၊ ခအုန်းသာရယ်၊ ပေကြီးရယ် ပေါ့နော်။ အဲ့ဒီ ၃ ရွာနဲ့ အနီးနားတစ်ဝိုက်က ဒေသခံတွေက ရှောင်နေကြရတယ်ပေါ့။ ကျွန်တော်တို့ အရေအတွက်အားဖြင့် ပြောဖို့က နည်းနည်း ခက်နေတယ်။ ပထမတုန်းက စစ်ရှောင်က ၁၀၀၀၀ လောက် ရှိတာပေါ့နော်။ အခုကတော့ ၁၀၀၀၀ လောက်မရှိတော့ဘဲနဲ့ တချို့ရွာတွေကလည်း ဝင်တာဝင်ကြပြီ။ ခုမဝင်နိုင်ကြသေးတာက ငှက်ပျောတိုင်းရယ်၊ ခအုန်းသာရယ်၊ ပေကြီးရယ်ပေါ့နော်။ အဲ့ ၃ ရွာကတော့ သေချာပေါက် မဝင်နိုင်ကြသေးတာပါ။ ဒီ စစ်ရှောင်တွေကကျတော့ ရုတ်တရက် စစ်ကြောင်းထိုးလာတာလည်း ဖြစ်တယ်၊ မထင်မှတ်ထားတဲ့ခါလည်း ဖြစ်တော့ အဝတ်တစ်ထည်ကိုယ်တခုနဲ့ ထွက်ခဲ့လိုက်ရတာပေါ့။ အဲ့တော့ စားရေးသောက်ရေးတွေမှာ အခက်အခဲတွေ ရှိတာပေါ့။ နောက်- သူတို့ စစ်ရှောင်နေကြရတာလည်း ဘာပဲ ပြောပြော တစ်လ နီးပါး ရှိပြီလေ။"
စစ်ကောင်စီတပ်တွေ တပ်စွဲထားဆဲဖြစ်တဲ့ ငှက်ပျောတိုင်းကျေးရွာနဲ့ အနီးဆုံးဖြစ်တဲ့ ခအုန်းသာနဲ့ ပေကြီး ကျေးရွာတွေက ဒေသခံတွေလည်း ရွာတွေထဲ ပြန်မဝင်နိုင်ကြသေးသလို စစ်ကောင်စီက ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတာကြောင့် အခုဆို ရွာထဲပြန်ဝင်လို့ မရတော့တဲ့ ကျေးရွာတွေကလည်း တဖြည်းဖြည်း ပိုပြီး များလာနေတယ်လို့ ပြောပါတယ်။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ၊ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက် နေတာကြောင့် ကောလင်း မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း အတွင်းမှာ သေဆုံးသူ ပိုများလာသလို၊ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင် အရေအတွက်လည်း တနေ့ထက်တနေ့ ပိုတိုးလာနေတာပါ။ စစ်ကောင်စီကတော့ ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

XS
SM
MD
LG