သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူတောင်ပိုင်း စစ်ကောင်စီစစ်ကြောင်းထိုး၊ ဒေသခံနှစ်သောင်းထွက်ပြေး


ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးခဲ့ကြရပြီး စစ်ရှောင်ဦးရေ ၂၀,၀၀၀ ကျော်လောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းအတွင်း ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို ယူသွားတာရှိသလို၊ နေအိမ်တချို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ပိုင်းက ကျေးရွာတွေထဲကို ဒီလ ၄ ရက်နေ့ကစပြီး ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၄၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ၊ ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်သွားတာ၊ စစ်ရှောင်တဲ တချို့ကို မီးရှို့တာတွေပါ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ အင်အား အလုံးအရင်းနဲ့ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၂၀,၀၀၀ ဝန်းကျင်လောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

“ကျနော့်အထင်တော့ လူက ၂၅,၀၀၀ အထက်မှာပဲ ရှိမယ်ထင်တယ်။ အဲ့တော့ စားရေးသောက်ရေး နေရေးထိုင်ရေးက တော်တော်တော့ခက်မှာ။ အခု လက်ရှိကတော့ ကျနော်ထင်တယ်။ စားနပ်ရိက္ခာက အဓိကပဲ။ ဘာလို့ စားနပ်ရိက္ခာက အဲ့လို လိုနေလဲဆိုတော့ စစ်ကြောင်းတကြောင်း ဝင်လာလို့ရှိရင် အဲ့နဲ့နီးတဲ့ ရွာတွေက(စစ်ရှောင်တွေကို ကူညီလက်ခံပေးတဲ့ရွာတွေ) နေပြီးတော့မှ ဒိုင်ခံကျွေးမွေးနေရတဲ့ အခြေအနေ ဖြစ်တာပေါ့။ ဆိုတော့ ရေရှည်မှာဆိုရင်တော့ စားနပ်ရိက္ခာပြဿနာ အခက်အခဲ ရှိလာတာပေါ့။ အဲ့ဒါရယ် နောက်တခုက မိုးကာပေါ့၊ နောက်ပြီးတော့ အဝတ်အစားပေါ့။ ဒါတွေကတော့ လိုအပ်ကြတာ များပါတယ်ဗျ။”

ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း တပ်ဖွဲ့တွေဟာ ကန့်ဘလူတောင်ခြမ်းက မြိုင်သာယာ ကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းမှာ မြိုင်သာယာကျေးရွာကနေ ထွက်ပြီး မှန်လမ်း ကျေးရွာဘက်ကနေတဆင့် ကန့်ဘလူ တပ်ရင်း ၆၀၀၆ ဘက်ကို ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသခံတဦးက ခုလို ပြောပါတယ်။

“အခု ဒီနေ့က မြိုင်သာယာကို ရောက်ပြီးတော့ မြိုင်သာယာကို မီးရှို့ပြီးတော့ ပြန်ထွက်ခဲ့ပြီဗျ။ ပြန်ထွက်ခဲ့ပြီးတော့ အခု အင်းလယ်ကြီးရွာက ကလေးတွေစာသင်နေတဲ့ တောတိုက်ထဲက စာသင်ကျောင်းကို မီးရှို့ခဲ့ပြီးတော့ လမ်းမှန်ဘက်မှာ သူတို့ကို ကားနဲ့လာကြိုနေပြီဗျ။ ခု ကတ္တရာလမ်းပေါ်တက်နေကြပြီ။ သူတို့ မီးရှို့ခဲ့တာက မြိုင်သာယာရွာထဲမှာ ရှို့ခဲ့တယ်။ လေးလရွာ တောတိုက်က တဲ ၂ လုံး ရှို့တယ်။ အင်းလယ်ကြီး တောတိုက်က စာသင်ကျောင်းတလုံး ရှို့တယ်ဗျ။”

အင်အား ၂၄၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူ တောင်ခြမ်းက ကျေးရွာတွေကို စက်တင်ဘာ ၄ ရက်နေ့ကစပြီး ဝင်ရောက်ခဲ့တာဖြစ်ပြီး ကျေးရွာ ၇ ရွာကို ဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသမီး ၂ ဦးနဲ့ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး၊ ၄ နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း လေးဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ပြန်လွတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ထွက်သွားပြီးတဲ့ညနေပိုင်းမှာ ကျေးရွာတချို့က ဒေသခံတွေ စားဝတ်နေရေး အခက်အခဲကြောင့် နေရပ်ပြန်ကြတာရှိပေမဲ့ လုံခြုံစိတ်ချရတဲ့အခြေအနေတော့ မရှိသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။

“စစ်ရှောင်တွေကတော့ စစ်ကြောင်းနဲ့ ဝေးတဲ့ရွာတွေကတော့ အကုန်ပြန်ဝင်နေကြတယ်ဗျ။ တောထဲမှာက မိုးလေဝသနဲ့ကျတော့ မိုးကလည်း တဗျင်းဗျင်း ရွာတယ်။ နေရထိုင်ရကလည်း အမိုးအကာမရှိတော့ သူတို့ နေလို့မရဘူးဗျ။ အဲ့ဒါ သူတို့ ဒီစစ်ကြောင်းနဲ့ ဝေးသွားတဲ့ရွာတွေကိုပဲ မျှပြီးတော့ နေရထိုင်ရတာရှိတယ်ဗျ။ ကျေးပင်အပ်၊ သရက်သာ၊ အင်းလယ်ကြီးလည်း ခုပဲ စဝင်လာကြပြီဗျ။”

ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ စစ်ကြောင်းတွေ ကျေးရွာတွေထဲ မကြာခန ဝင်ရောက်လေ့ရှိတာကြောင့် ဒေသခံတွေဟာလည်း မကြာခန စစ်ရှောင်ကြရလေ့ရှိပါတယ်။ ခု လပိုင်းတွေအတွင်း ဒီလိုစစ်ကြောင်းဝင်တာ ပိုစိပ်လာတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။

“စစ်ကြောင်းက မပြတ်ဘူးဗျ၊ မပြတ်ကိုထိုးနေတာ။ အဲ့ကျနော်တို့ဘက်တွေကို ကျတော့။ ခုက ကျေးရွာတွေကိုဝင် ဝိုက်ဖမ်း၊ သတ်။ အဲ့လောက်ပဲ လုပ်နေကြတာဗျ။ သူတို့က ၅ ရက်တခါတို့၊ ၇ ရက်တခါတို့၊ ၃ ရက်တခါတို့ အဲ့လိုမျိုးတော့ အမြဲတမ်း ဝင်နေတာပဲ။”

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်း မပြတ်ဝင်ရောက်ပြီး နယ်မြေရှင်းနေတာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေကြရတာပါ။ စစ်ကောင်စီ စစ်ကြောင်း ထွက်ခွာချိန်မှာ ရွာထဲပြန်ဝင်ကြတဲ့ ဒေသခံတွေရှိသလို မပြန်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ ကိုးတောင်ဘို့ တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်၊ ထန်းကုန်းတိုက်နယ်က ကျေးရွာအများစုက ဒေသခံတွေဆိုရင် ရွာထဲ ပြန်မဝင်နိုင်ကြဘဲ စစ်ရှောင်နေကြရတာဟာ နှစ်နဲ့ချီနေကြပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG