သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ဒေသခံထောင်သောင်းချီထွက်ပြေး


ကန့်ဘလူမြို့ Kantbalu (photo: CJ)
ကန့်ဘလူမြို့ Kantbalu (photo: CJ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်တွေက သြဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကြောင်း ဝင်ရောက်ခဲ့တဲ့အတွက် ကျေးရွာ ၁၄ ရွာထက်မနည်းက ဒေသခံ ၂ သောင်းကျော် ထွက်ပြေးနေကြရပါတယ်။ ဒေသခံတချို့ သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ကန့်ဘလူဘက်က စစ်ပြေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာ က တင်ပြပေးပါမယ်။

စစ်ကောင်စီတပ် ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းတပ်အင်အား ၁၃၀ ကျော် လောက်ပါတဲ့ စစ်ကြောင်းနဲ့ ပျူစောထီး အင်အား ၆၀ ပါတဲ့ နောက်ထပ်စစ်ကြောင်း၊ စစ်ကြောင်း နှစ်ခု ပေါင်းပြီး ကန့်ဘလူမြို့နယ် တောင်ခြမ်းကို သြဂုတ်လ ၃၀ ရက်နေ့က ဝင်ရောက်ခဲ့တာပါ။

မနေ့က မနက် အာရုံတက်ချိန်လောက်မှာ ဒီစစ်ကြောင်းနှစ်ခုဟာ ထန်းကုန်းတိုက်နယ် သရက်ခေါင်းကျေးရွာကို အရှေ့အနောက် ပိတ် ဝင်ရောက်ခဲ့ပြီး ထွက်ပြေးကြတဲ့ စစ်ရှောင်တွေကို ရမ်းသမ်း ပစ်ခတ်ခဲ့သလို၊ ဖမ်းဆီးခံရသူလည်း ရှိတယ်လို့ KB−3 ဒေသ ကာကွယ်ရေး အဖွဲ့က တာဝန်ခံ ကိုဇော်က ပြောပါတယ်။

“မနက် ၅ နာရီလောက်ကို ထန်းကုန်း တိုက်နယ်ထဲက သရက်ခေါင်း ကျေးရွာကို ဝင်ရောက်စီးနင်းတာဗျ။ လောလောဆယ်တော့ သူတို့ သတ်ထားခဲ့တာက ၃ ယောက်ရယ်။ ဖမ်းသွားကတောာ့ လောလောဆယ် တယောက်ပဲ ကြားသေးတယ်ဗျ ကျနော်တို့ ဒီဘက်နယ်မှာတော့။ မပြေးနိုင်လို့ နေခဲ့တဲ့ အသက် ၅၀ ကျော် လူကြီး တယောက်ကိုလည်း ပစ်သတ်ထားခဲ့တယ်။ ဖလံချိုင်ရွာက ပြည်သူတယောက်ကို ဖမ်းသွားတယ်။ တယောက်ကိုလည်း ပစ်သတ်ခဲ့တယ်။ ကိုင်းရိုးရွာက ဒေသခံတယောက်ကိုလည်း ပစ်သတ်ခဲ့တယ်ဗျ။”

ကိုင်းရိုး၊ ဖလံချိုင် စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက စစ်ဘေး ရှောင်လာကြရသူတွေ ဖြစ်ပါတယ်။ ရွာသစ်ရွာနဲ့ ဆီဆုံကြီးရွာမှာ စစ်ကောင်စီတပ်က ၄ ရက် စခန်းချ တပ်စွဲနေခဲ့တာကြောင့် အဲ့ဒီအနီးဝန်းကျင်မှာ ရှိနေတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ထန်းကုန်းတိုက်နယ် ဘက်က ကျေးရွာတွေကို စစ်ဘေးရှောင် နေကြတာပါ။

မနေ့ သြဂုတ်လ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ ထန်းကုန်း တိုက်နယ်အတွင်းက ကျေးရွာတွေကိုပါ စစ်ကြောင်း ဝင်ရောက် လာတာကြောင့် မနက် အာရုံတက်ချိန်မှာပဲ အလျင်စလို ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာပစ္စည်းမှ မသယ်နိုင်ဘဲ လူလွတ် ထွက်ပြေးခဲ့ကြရတာ ဖြစ်တဲ့အကြောင်း စစ်ဘေးစစ်ရှောင်တွေရဲ့ အခြေအနေကို ကိုဇော်က ခုလို ပြောပြပါတယ်။

“အကုန်လုံးက အသည်းအသန်ပဲ။ မိုးကလည်း တအားရွာနေတယ်။ မိုးရွာကြီးထဲ ဝင်လာတာဆိုတော့၊ မိုးရွာကြီးထဲ ဝုန်းဒိန်း ဆို ဝင်လာပြီးတော့ ရမ်းသမ်း ပစ်ပြီးတော့ ဝင်လာတဲ့အချိန်မှာ ပြည်သူတွေက ပထမဦးဆုံးကတည်းက ရှောင်လာခဲ့ကြတဲ့ရွာတွေ။ ညဦးပိုင်းကတည်းက ရှောင်လာခဲ့တဲ့ ဖလံချိုင်တော့၊ သောဘော တို့ စသည်ဖြင့်ပေါ့။ ဇီးကုန်းနားက ရွာတွေဆိုရင် ငါးရနဲတို့၊ ဖိုကုန်းတို့၊ မင်းသာတို့ လက်ထုပ်ကုန်းတို့ အဲ့ဒါတွေက ညက ရှောင်ခဲ့တာ (သရက်ခေါင်း) ရွာပြင်နားလေးမှာ ရှောင်နေကြတာ။ စစ်တပ်တွေ သရက်ခေါင်းကို ရောက်လာတဲ့ခါကျတော့ အရှေ့ကို ပြန်ပြေးကြရတာပေါ့။ ပြန်ပြေးတဲ့အခါ မိုးကလည်းရွာနေတော့ သူတို့မှာ ပါခဲ့တဲ့ သုံးဘီးတို့ ကားတို့ အကုန်ထာားခဲ့ရတယ်ဗျ။ ဆိုင်ကယ်တွေက အစပေါ့။ ရုတ်တရက်ဆိုတော့ ခြေလျင်ပဲ ပြေးကြရတော့တာ။ စားနပ်ရိက္ခာ အကုန်လုံး ထားခဲ့ကြရတာပဲ။”

အနည်းဆုံး ကျေးရွာ ၁၄ ရွာလောက်က လူ ၂ သောင်းကျော်လောက် စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိမှာ သူတို့အတွက် စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ခုလို ပြောပါတယ်။

“အဓိကကတော့ စားနပ်ရိက္ခာပေါ့။ အဲ့ဒါကတော့ ဘာလို့လဲ ဆိုတော့ ဒီဘက်က (စစ်ရှောင်တွေကို လက်ခံထားရတဲ့) ရွာတွေမှာလည်း တခါမဟုတ် တခါဆိုတော့ အခက်အခဲတွေ ရှိတာပေါ့။ နောက်တခု ရှိတာက ရွာက အားလုံးပေါင်းဆိုရင် ၁၄ ရွာကျော်မှာပေါ့နော်။ အဲ့တော့ လူဦးရေအားဖြင့် ဆိုရင်လည်း ၂ သောင်းအကျော်မှာ ရှိမယ်လို့ ခန့်မှန်းထားတယ်ပေါ့။ စစ်ကြောင်း တကြောင်း ဝင်လာပြီဆိုရင် နီးစပ်ရာ ရွာတွေမှာ စစ်ရှောင်ကြတာပေါ့။ သူတို့ စစ်ရှောင်ရတဲ့ ရွာတွေကတော့ အဓိကတော့ စားနပ်ရိက္ခာတို့ ကတော့ လိုတာပေါ့။”

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ မိုးကာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။ ခုချိန်မှာ သရက်ခေါင်းကျေးရွာက စစ်ကောင်စီတပ်တွေဟာ သူတို့ အထိုင်စခန်းရှိရာ ဒန်းပင်ကျေးရွာဘက်ကို ဒီကနေ့ မနက်ပိုင်းက ပြန်လည် ထွက်ခွာသွားကြပြီ ဆိုပေမဲ့၊ မလှမ်းမကမ်းနေရာမှာပဲ ရှိနေသးတာကြောင့် ဒေသခံတွေကတော့ ကျေးရွာတွေထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူ ခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းမပြတ် ဝင်ရောက်ပြီး နယ်မြေ ရှင်းနေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရတာပါ။ စစ်ကောင်စီ စစ်ကြောင်းဝင်ချိန် ထွက်ပြေးကြတဲ့ ဒေသခံတွေဟာ စစ်ကြောင်းပြန်ထွက်တဲ့အခါ ကျေးရွာတွေထဲ ပြန်ဝင်ကြလေ့ ရှိပေမဲ့၊ ပြန်ဝင်လို့မရတဲ့ ကျေးရွာတွေလည်း ရှိပါတယ်။ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်နဲ့ ထန်းကုန်းတိုက်နယ်က ကျေးရွာအများစုက ဒေသခံတွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်နဲ့ချီပြီး ရွာထဲ ပြန်မဝင်နိုင်ကြသေးပါဘူး။

ကန့်ဘလူခရိုင်အတွင်းမှာ ဧပြီလကနေ အခုအချိန်ထိ မကြာခန တိုက်ပွဲတွေ ရှိနေတာ၊ လေကြောင်းက တိုက်ခိုက်တာ၊ စစ်ကြောင်းမပြတ် ဝင်ရောက်ပြီး နယ်မြေရှင်းတာတွေ ရှိနေတာကြောင့် စစ်ဘေးတိမ်းရှောင်သူတွေ တနေ့တခြား ပိုများလာနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG