သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနယ်တွင်း စစ်ဆင်ရေးကြောင့် စစ်ရှောင်ဦးရေတိုးလာ


ကန့်ဘလူနယ်တွင်း စစ်ဆင်ရေးကြောင့် စစ်ရှောင်လာကြသူများ
ကန့်ဘလူနယ်တွင်း စစ်ဆင်ရေးကြောင့် စစ်ရှောင်လာကြသူများ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်း ထန်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေ စခန်းချပြီး လက်နက်အင်အား၊ လူအင်အားဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကြောင့် အနီးတဝိုက် ဒေသခံတွေ စိုးရိမ်ပြီး စစ်ရှောင်နေကြရပါတယ်။ ဇွန်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်တွေက ထန်းကုန်းတိုက်နယ်အတွင်းက ဘိုတဲကုန်းကျေးရွာနဲ့ ချပ်သင်းတိုက်နယ်က ပေကုန်းရွာတွေကို ဝင်ရောက် မီးရှို့ခဲ့သလို ဒေသခံတချို့ သတ်ဖြတ်ခံရတာရှိတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုရဲမွန်က ပြောပြပါမယ်။
ကန့်ဘလူမြို့တောင်ဖက် ၁၂ မိုင်လောက်အကွာမှာရှိတဲ့ ပျူစောထီးအဖွဲ့ အားကောင်းတဲ့ လယ်လှကျေးရွာကို ဇွန်လ ၁၀ ရက်နေ့က ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တမြန်မနေ့ညက ကျွန်တော်တို့ ကန့်ဘလူတောင်ဖက် ၁၂ မိုင်လောက်က ထန်းကုန်းရွာနားက လယ်လှရွာကို ကျွန်တော်တို့ ဝင်သိမ်းလိုက်တယ်လေ။ လယ်လှ ပျူရွာပေါ့ အဲ့မှာ ပျူအထိုင်ချပြီးတော့။ စခန်းကိုမီးရှို့ လက်နက်နဲ့ ပျူအသုံးအဆောင်တွေရော အကုန်သိမ်းဆည်းရမိတယ်။ သေနတ် ၃ လက်တော့ ရတယ်။ နောက်တော့ သူတို့က အဲ့ဖက်မှာ ဟောင်ဝစ်ဇာတွေနဲ့ ရမ်းသမ်းထု၊ ဘိုတဲကုန်းရွာကို မီးထပ်တင်၊ အဲ့လိုမျိုးတွေတော့ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်။ (ဘိုတဲကုန်းရွာ မီးလောင်အိမ်) အားလုံး ၂၂ လုံး”
ဒေသကာကွယ်ရေးအဖွဲ့တွေက လယ်လှပျူရွာကို တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို ဇွန်လ ၁၁ ရက်နေ့မှာ ဘိုတဲကုန်းကျေးရွာ ကိုလည်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် အနည်းဆုံး ၂၂ လုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ လယ်လှရွာအနီး ထန်းကုန်းရွာမှာ စခန်းချပြီး လက်နက်အင်အား လူအင်အားတွေဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီတပ်က ရန်ပြုမှာစိုးရိမ်ပြီး အနီးအနားဒေသခံတွေဟာ ကျေးရွာစွန့်ခွာတိမ်းရှောင်နေကြတယ်လို့ ကန့်ဘလူ တောင်ခြမ်းက ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“ရွာတွေကို မိုင်းနဲ့ကာပြီးတော့ ဒေသခံတွေ စစ်ရှောင်နေကြရပြီပေါ့၊ အဲ့ဒီနဲ့ နီးစပ်ရာတွေက။ အဲ့နားလေးမှာ အရှေ့ညောင်ဇင်၊ ညောင်ဇင်ကြီးပေါ့၊ ညောင်ဇင်ကြီး၊ ဘိုတဲကုန်း၊ ဆူးပုပ်ကုန်း၊ ဘိုကုန်ုး၊ လောလောဆယ် အဲ့နား အနီးဆုံး ကျွန်တော်တို့က ၄ ရွာရှောင်နေရတယ်။ ကျန်တဲ့ရွာတွေကတော့ သတိဝီရိယနဲ့ အဆင်သင့် လုပ်ပေါ့၊ စစ်ကြောင်းထွက်ပြီဆိုမှ၊ အမြဲတမ်းရှောင်ရတိမ်းရတဲ့ခါကျတော့ ကျွန်တော်တို့က အကုန်လုံး ဒုက္ခရောက်တဲ့ခါ စစ်ကြောင်းနဲ့ အနီးဆုံးရွာတွေကို အရင်ဦးအောင်ရှောင် အဲ့ကနေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရှောင်သွားရတာပေါ့။ သူတို့ စစ်ကြောင်းထိုးပြီဆိုရင်တော့ တစ်ကွင်းလုံးရှောင်ရတာပေါ့။ ပြီးကျတော့ အဲ့ဒီရွာတွေကို မိုင်းတွေနဲ့ အကုန်ကပ်ပစ်ရတယ်။ ဘာလို့ဆိုတော့ သူတို့က ရွာတွေကို မီးရှို့တော့ ကျွန်တော်တို့ ဒီဖက်ကွင်းမှာ ရွာတွေလည်း တော်တော်လေး ကုန်နေပြီးနော။ အဲ့တော့ ရွာတွေမှာ နင်းမိုင်း တိုက်မိုင်း အကုန်လုံး ကပ်ရတာပဲ။”
ထန်းကုန်ရွာမှာ ရှိနေတဲ့ စစ်ကြောင်းကြောင့် ကန့်ဘလူတောင်ခြမ်းဖက်က ကျေးရွာတွေစစ်ဘေးရှောင် နေရပြီး လက်ရှိမှာ စစ်ရှောင်ဦးရေဟာ ၁၀၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင် ကူညီသူတွေကပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့မနက်မှာ ဇီးကုန်းရွာ MEC သကြားစက်ဖက်က လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖုတ်ကုန်းရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတဲ့နောက် ဒေသခံတချို့ သတ်ဖြတ် ခံရတယ်လို့ ကန့်ဘလူ KB 3 ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုဇော်က ပြောပါတယ်။
“ပိတောက်ပင်ကို ရွာကိုတော့ မဝင်သွားဘူးဗျ၊ ဘေးက တဲတွေကိုမီးရှို့ပြီး အဲ့ဒီ တောတိုက်က တစ်ယောက်ကို သတ်သွားတယ်ဗျ။ သတ်ပြီးမှ ဇင်းကို ရောက်လာတယ်။ ဇင်းကနေ အခုပြန်ပြီးတော့ ကန့်ဘလူဖက်ကို ဦးတည်ပြီးပြန်ထွက်နေတယ်ဗျ။ အခု စစ်ကြောင်းပြန်ပြီးတော့ ထွက်နေပြီ။ ၁၁ ရက်နေ့ကသူတို့ဒီ သကြားစက်ဖက်ကနေ ဝင်လာပြီးတော့ ဖုတ်ကုန်းရွာကို မနက် ၄ နာရီလောက်ကို ဝင်ပြီးလက်နက်ကြီး တွေနဲ့ပစ် ဝင်ပြီးတော့ ဖုန်ကုန်းရွာက ရွာသား ၄ ယောက်ကို သတ်သွားတယ်ဗျ။”
အရပ်သားထိခိုက်သေဆုံးမှုအတိအကျကိုတော့ ဒေသတွင်းအခြေအနေကြောင့် ဗွီအိုအေက သီးခြား အတည်ပြုဖို့ ခက်ခဲသလို၊ စစ်ကောင်စီဖက်ကလည်း တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ကန့်ဘလူခရိုင်အတွင်းမှာ ဧပြီလကနေ မေလအတွင်း အခုအချိန်ထိ ထိုးစစ်၊ တိုက်ပွဲနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ကြောင်းမပြတ်ဝင်ရောက်ပြီး နယ်မြေရှင်းခံနေရတာကြောင့် စစ်ဘေးရှောင် ဦးရေ အရေအတွက် တိုးသထက်တိုးလာနေသလို လက်ရှိမှာ စစ်ရှောင်အတွက်ဟာ ၅၀၀၀၀ လောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG