သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမှာ ဒုက္ခသည်တွေ မြွေအန္တရာယ်နဲ့ကြုံ


စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း (Photo: C J)
စစ်ဘေးရှောင်ပြည်သူများ IDP ယာယီစခန်း (Photo: C J)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒီဇွန်လ ရက် ၂၀ အတွင်းမှာ မြွေကိုက်ခံရတဲ့လူနာ ၁၁ ဦးရှိခဲ့ပြီး ဒါဟာ စစ်တပ်အာဏာသိမ်းပြီး စစ်ဘေးရှောင်ကြရတဲ့ ကာလတွေအတွင်းမှာ တစ်လအတွင်း မြွေကိုက်ခံရမှု အများဆုံးလဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ မြွေဆိပ်ဖြေဆေးကို ဝယ်ယူနိုင်ပေမယ့် စစ်ကောင်စီဖက်က လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက် ပိတ်ပင်တာတွေကြောင့် သယ်ယူရခက်ခဲသလို ကျန်းမာရေး ဝန်ထမ်း လိုအပ်ချက်တွေလဲ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြပါမယ်။

ကန့်ဘလူမြို့နယ်အတွင်းမှာ ဒီဇွန်လဟာ စစ်အာဏာသိမ်းပြီးလို့ ဒေသခံတွေ စစ်ရှောင်ကြရတဲ့ ကာလတစ်လျောက်မှာ မြွေကိုက်ခံရမှု အများဆုံး လဖြစ်တယ်လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင် တာဝန်ခံက ပြောပါတယ်။

“ဇွန်လ ၂၀ ရက်နေ့ထိက မြွေကိုက်လူနာ အားလုံး ၁၁ ယောက်ရှိတယ်ဗျ။ အဲ့ထဲမှာ ကျားက ၆ ဦး မက ၅ ဦးပေါ့လေ။ ဒီလက အများဆုံးပေါ့နော်၊ ဧပြီလမှာဆို ၄ ယောက်၊ မေလမှာဆိုရင် ၈ ယောက်ပေါ့နော်၊ ဒီဇွန်လမှာဆိုရင် အခုပြောတဲ့ ၁၁ ယောက်ပေါ့။ ဒါတောင် လမကုန်သေးဘူး။ အာဏာသိမ်းပြီးချိန် ၂ နှစ်ခွဲနီးပါးမှာတော့ ဒီလက အများဆုံးလို့ ပြောလို့ရတာပေါ့။”

ဒီနှစ်က အပူချိန် အလွန်မြင့်ခဲ့တာကြောင့်တစ်ကြောင်း၊ ဒေသခံတွေ စစ်ဘေးရှောင်ရတာက တောတွေထဲမှာဖြစ်ပြီး မြွေအန္တာရာယ် ကာကွယ်နိုင်တဲ့ လည်ရှည်ဖိနပ် စတာတွေကို အသုံးမပြုနိုင်ကြတာကြောင့်ရော၊ မြွေကိုက်ခံရတာပိုများလာတာလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင် တာဝန်ခံက VOA ကို ခုလိုပြောပါတယ်။

“ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာ တိုက်နယ်တွေမှာရှိတဲ့ ရွာတွေက ဒေသခံတွေ ရွာထဲမှာ မနေနိုင်ဘဲ တောထဲမှာ တဲထိုးပြီး နေရတာကလည်း တစ်ခုပေါ့နော်။ နောက်တစ်ခုက လည်ရှည်ဖိနပ်နဲ့ ဓာတ်မီးကလည်း ရှိတဲ့သူကလည်းရှိပြီး မရှိတဲ့သူကလည်း မရှိဘူးပေါ့၊ အများစုကတော့ မရှိတာများပါတယ်။ ဝယ်ဖို့ မလွယ်ဘူးဆိုတာထက် ကျွန်တော်တို့ကလည်း ဒီဟာတွေကို တစ်အိမ်ထောင်ချင်းစီကို ပေးဖို့ဆိုတာလည်း နည်းနည်းခက်တယ်။ ကျွန်တော်တို့ ခန့်မှန်းထားတာတော့ စစ်ရှောင်ဦးရေက အားလုံးပေါင်းဆို ၃၀,၀၀၀ အထက်မှာ ရှိမယ်ထင်တယ်။ ဒီနှစ်က အရင်နှစ်တွေထက်စာရင် ရာသီဥတုက တော်တော်ပူပြင်းလာတဲ့ခါကျတော့ မြွေဆိုး ပိုပေါလာတယ်ပေါ့နော်။ အဲ့ဒီ ၂ ချက်နဲ့ဆိုတော့ အဲ့လို မြွေပွေးကိုက်လူနာ ပိုပေါလာတယ်လို့ ယူဆရတာပေါ့။”

စစ်ရှောင်ကူညီရေး အဖွဲ့တွေက စစ်ရှောင်စခန်းတွေနဲ့ စစ်ရှောင်တဲတွေကိုသွားရောက်ပြီး မြွေအန္တရာယ် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အကြံပေးပြောပြတာတွေ လုပ်နေကြတယ်လို့လည်း ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

ကန့်ဘလူမြောက်ဖက်ခြမ်းမှာ မြွေကိုက်ခံရတဲ့ စစ်ရှောင်တွေ ပိုများပြီး အခြေခံ ကျန်းမာရေးဝန်းထမ်းကလည်း လုံးဝ မရှိသလောက်ဖြစ်တာမို့ မြွေဆိပ်ဖြေဆေးတွေက ကျန်းမာရေးဝန်ထမ်းမဟုတ်သူတွေလက်ထဲကိုရောက်ပြီး မြွေကိုက်လူနာကို ဆေးထိုးတဲ့အခါ အဆင်မပြေတာမျိုးတွေ ဖြစ်တာကြောင့် သေဆုံးမှု၊ အဆင်မပြေမှုတွေရှိသလို မြွေဆိပ်ဖြေဆေး အလေအလွင့်ရှိတာမျိုး ဖြစ်လာတယ်လို့ စစ်ရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတစ်ဦးက ခုလိုပြောပါတယ်။

“မြွေဆိပ်ဖြေဆေးကတော့ လမ်းကြောင်းပေါင်းစုံက ရနိုင်သမျှ ကျွန်တော်တို့ အဲ့နားတလျှောက်က ကျန်းမာရေး ဝန်ထမ်းတွေ လက်ထဲမှာ ရှိပါတယ်။ ကျွန်တော်တို့က ဘယ်လိုဖြစ်နေလဲဆိုတော့ မြေပြင်မှာက မြွေဆိပ်ဖြေဆေး ပို့လိုက်တယ်ဆိုရင်တောင်မှ အဲ့မြွေဆိပ်ဖြေဆေးကို ထိုးပေးမယ့် အခြေခံ ကျန်းမာရေးဝန်ထမ်းမရှိဘူး။ မရှိတဲ့ခါကျတော့ အဲ့မြွေဆိပ်ဖြေဆေးတွေက တခြားလူတွေ လက်ထဲရောက်သွားတယ်။ အဲ့တော့ သူတို့ရဲ့ Knowledge နဲ့လုပ်တဲ့ခါမှာ အဖိတ်အစင်တွေ ရှိတယ်။ ကျွန်တော်တို့က လှမ်းတော့ ပို့လိုက်တယ်၊ ပို့လိုက်တဲ့အခါမှာ အခြေခံကျန်းမာရေးဝန်ထမ်း မရှိတာရော၊ Transportation မရှိတာရော၊ ဒီမြွေဆိပ်ဖြေဆေး လက်ထဲရှိတဲ့သူတွေကလည်း မလျှော်ကန်တာ လုပ်ပစ်လိုက်တာမျိုးတွေ၊ မစို့မပို့ထိုးပြီး စောင့်ကြည့်တာမျိုးတို့ လူနာအပေါ်မှာ မသုံးသပ်နိုင်ဘဲ လုပ်တဲ့ခါကျတော့ အဲ့ဒီမှာ အဖိတ်အစင်တွေ များနေတယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်။ အခု Reporting တက်နေတဲ့ဟာတွေက ကန့်ဘလူမြောက်ဖက်ကခြမ်းကပဲ တက်တာပါ။ အဲ့ဖက်ခြမ်းမှာကလည်း ကျန်းမာရေးဝန်ထမ်းက မရှိသလောက်ရှားတယ်။”

ကန့်ဘလူ စစ်ဘေးဒုက္ခသည်များ မြွေအန္တရာယ်ကြုံနေရ
ကန့်ဘလူ စစ်ဘေးဒုက္ခသည်များ မြွေအန္တရာယ်ကြုံနေရ

မြွေဆိပ်ဖြေဆေးတွေကို ဝယ်ယူလို့ရပေမယ့် ကျွန်းလှနဲ့ ကန့်ဘလူမှာ စစ်ကောင်စီတပ်တွေက ဆေးဝါးဝယ်ယူပြီး သယ်ဆောင်ခွင့်ကို ပိတ်ထားတာကြောင့် သယ်ယူတာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။ ကန့်ဘလူမြောက်ခြမ်းဟာ မကြာခဏ နယ်မြေရှင်းခံနေရပြီး စစ်ကြောင်းတွေ လှည့်ပတ်သွားလာနေတဲ့ ဒေသဖြစ်တာမို့ ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်နိုင်ဖို့လည်း ခက်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီကနေ အခု ၂၀၂၃ ဇွန်လအထိ ကန့်ဘလူမြို့နယ်မှာ မြွေကိုက်ခံရတဲ့လူနာ ၈၀ ကျော်လောက်ရှိခဲ့ပြီး သေဆုံးသူတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီစာရင်းဟာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) က လက်လှမ်းမီသလောက် ကောက်ယူထားတာဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ ကွဲလွဲမှု အနည်းငယ်ရှိနိုင်ပြီး မြေပြင်မှာတော့ ဒီထက် ပိုများနိုင်တယ်လို့လည်း အဲ့ဒီအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်းမှာ ဧပြီလကနေ အခုအချိန်ထိ မရပ်မနား ထိုးစစ်၊ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းမပြတ်ဝင်ရောက်ပြီး နယ်မြေရှင်းခံနေရတာတွေကြောင့် စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ကျော်လောက်ရှိနေပြီး အမြဲတမ်း စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံက ၃၀,၀၀၀ အထက်မှာ ရှိနေတယ်လို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG