သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA တပ်သားသစ်စုဆောင်းမှု ကချင်လူငယ်တွေစိုးရိမ် 


ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အတင်းအကျပ် စစ်သားစုဆောင်းနေတာကြောင့် ဖားကန့်ဒေသက လူငယ်တွေနဲ့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ KIA ဘက်ကတော့ အတင်းအကျပ် စုဆောင်းရေးလုပ်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကချင်ပြည်နယ် သတင်းကို ကိုရန်နိုင်က တင်ပြပေးပါတယ်။

ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးမှာ စစ်တပ်နဲ့ ကချင်တပ်တွေကြား စစ်ရေးတင်းမာနေတာ ၃ လနီးပါး ရှိနေပြီဖြစ်သလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေချိန်မှာပဲ ဖားကန့်ဒေသဘက်မှာ KIA က တပ်သားသစ်စုဆောင်းနေတဲ့သတင်းတွေ ထွက်ပေါ်လာတာပါ။ လက်ရှိ ဖားကန့်ဒေသဘက်က အခြေအနေကို ဒေသခံ လူငယ်တဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီရက်ပိုင်းအတွင်း ဖားကန့်မြို့နဲ့ ဖားကန့်မြို့အနီးတဝိုက်က မှော်တွေ၊ ပြီးရင် မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းမှာ ကချင်လူငယ်တွေကို ယောက်ျားလေးရော၊ မိန်းကလေးပါမကျန် KIA ကနေ စစ်သားစုဆောင်းတာ ဆက်တိုက် ပြုလုပ်နေပါတယ်။ တချို့လူငယ်တွေကို အိမ်တိုင်ရာရောက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ တချို့ အလုပ်က အပြန်စောင့်ဖမ်းတာ၊ ကျောက်တူးတဲ့နေရာမှ ဝင်ဖမ်းတာ၊ နောက်ပြီး လမ်းပေါ်မှာ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ သူတို့ ဖမ်းဆီးတဲ့အချိန် အသာတကြည် လိုက်မသွားရင် သေနတ်နဲ့ ထောက် ဖမ်းတာတို့၊ အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီးတာတို့၊ လက်ထိပ်တွေခတ်ပြီး ဖမ်းဆီးတာတို့ အဲဒါမျိုးတွေ လုပ်ပါတယ်။ အတင်းအဓမ္မဖမ်းဆီးစစ်သားစုဆောင်းတာတွေ လုပ်နေတဲ့အတွက် ဒီမှာရှိတဲ့လူငယ်တွေ၊ အခြားပြည်သူတွေက စိုးရိမ်ထိတ်လန့်နေရတာပေါ့နော်။”

ဖားကန့်ဒေသထဲက ကျောက်စိမ်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကချင်လူငယ်တွေ ဒီလိုဖမ်းဆီး စစ်သားစုဆောင်းခံရမှာ စိုးရိမ်နေကြသလို၊ နိုင်ငံခြားနဲ့ တခြားဒေသတွေမှာ သွားရောက်အလုပ် လုပ်ကိုင်ဖို့ ကြိုးစားသူတွေ များလာတယ်လို့လည်း ပြောပြပါတယ်။ ဖားကန့်ဒေသမှာ အခုလို တပ်သားသစ် စုဆောင်းနေတယ်ဆိုတာနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ အခုလို တုံ့ပြန်ထားပါတယ်။

“ လူသစ်စုဆောင်းတာကတော့ ကျနော်တို့ရဲ့ မူဝါဒအရ လုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ်။ အမြဲတမ်းကျနော်တို့ စုဆောင်းပါတယ်။ ဒါပေမဲ့ တခုရှိတာကတော့ ရိုက်နှက်တာတွေ၊ ဖမ်းဆီးတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း မလုပ်ဖို့ကတော့ ရှိပါတယ်။ စည်းရုံးပြီးမှ ခေါ်ဖို့ကတော့ ကျနော်တို့ရဲ့ မူဝါဒဖြစ်ပါတယ်။ အဓိကကတော့ ၁၈ နှစ်ပြည့်ရမှာ။ ကျန်းမာရေး မအောင်တဲ့သူကို ပြန်လွှတ်ပေးလိုက်တာ။ ဒါပေမဲ့ တခုရှိတာကတော့ ကျနော်တို့ ကချင်လူမျိုးစုတွေကလည်းပဲ ခေါ်ရင်ကတော့ မလာဘူး ဖြစ်နေတာ။ အဲဒါမျိုးတွေလည်း ရှိတယ်ခင်ဗျ။ ဆိုတော့ ရှေ့တန်းက ရဲဘော်တွေကတော့ မရ၊ ရအောင်ဆိုပြီးမှ လိုက်ဖမ်းတာတွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ ”

KIA က အခုလို တပ်သားသစ် စုဆောင်းနေတဲ့အပေါ်မှာ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဟောင်း ဦးဂွမ်ဂရာအောင်ခမ်းက ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာတာကြောင့်ဖြစ်ကြောင်း သုံးသပ်ပါတယ်။

“ စုဆောင်းရေးတွေကို ခပ်စိပ်စိပ်လုပ်လာတဲ့ အပိုင်းတွေကတော့ ပြည်တွင်းစစ်ဖြစ်တာကြောင့်မို့လို့ပဲ ကျနော်က မြင်ပါတယ်။ ပြည်တွင်းစစ်ဆိုတာတောင်မှ အခုနောက်ပိုင်းမှာ ပြင်းထန်လာတယ်။ လွန်ခဲ့တဲ့ ၈၈ ပုံစံမျိုးနဲ့ မဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ၆၂ကျော်တုံးက ၇၀နှစ်ကျော်တုံးက ပုံစံမျိုးမဟုတ်ဘဲနဲ့ ၂၀၂၁ နောက်ပိုင်းမှာ အခင်းအကျင်းအသစ်အနေနဲ့ ဖြစ်သလားပေါ့ဗျာ။ ပြည်တွင်းစစ်ဖြစ်နေသ၍ကတော့ စုဆောင်းရေးတွေ ဆက်လက်ပြီး လုပ်သွားလိမ့်မယ်လို့ပဲ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ အမြန်ဆုံး ဒီဟာတွေ ရပ်တန့်သွားမယ့် အခြေအနေမျိုးကတော့ ကျနော်တို့နိုင်ငံက ဖက်ဒရယ်နိုင်ငံတည်ဆောက်ပြီးမှပဲ ဒီဟာတွေ ရပ်တန့်မယ်လို့ပဲ ကျနော်က ဒီလိုပဲ မြင်ပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း ရှမ်းပြည်နယ် နမ္မတူမြို့နယ်အတွင်း TNLA တအန်းတပ်မတော်က ဒေသခံအချို့ကို အတင်းအကျပ်ဖမ်းဆီးပြီး စစ်သားစုဆောင်းတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့သလို သြဂုတ်လအတွင်းကတော့ MNDAA ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်မြို့နယ်မှာ အတင်းအကျပ် စစ်သားစုဆောင်းတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ စစ်ကိုင်းတိုင်း ကန်ဘလူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ထဲကို မဝင်မနေရ ခေါ်ယူတာတွေနဲ့ အခြားရှမ်းပြည်နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့တွေကလည်း လူသစ်စုဆောင်းတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG